Tuesday, July 21, 2009

မြန်မာ့နိုင်ငံရေးအင်တာဗျူး


၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ(၅)၊ အမှတ်(၃၇)မှာ ဖော်ပြပါရှိတဲ့ တွေ့ဆုံမေးမြန်းခန်း ဆောင်းပါးကို အခြားလူတွေလည်း ဖတ်စေချင်တဲ့ ဆန္ဒနဲ့ ပြန်လည်ဝေငှလိုက်ခြင်းဖြစ်ပါတယ်။ တစ်ခုခုတော့ တွေးစရာရလိမ့်မယ်လို့ ယုံကြည်လို့ပါ။ အောက်မှာ ဖော်ပြထားသည်များ အားလုံးသည် အဆိုပါ The Voice ဂျာနယ်တွင် ပါရှိသည့်အတိုင်း ပြန်လည်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသား အာရှသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ကြီးပြင်းခဲ့သည့်၊ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ျတက္ကသိုလ်များတွင် ကျင်လည်ခဲ့သည့် သမိုင်းပညာရှင်နှင့် စာရေးဆရာ ဦးသန်းမြင့်ဦးက မြန်မာနိုင်ငံအပေါ် သူ၏ အမြင်များကို နိုင်ငံ့သမိုင်းကြောင်း၊ သူ၏ ဘ၀ဇာတ်ကြောင်းနှင့်ယှဉ်ကာ ထိထိမိမိတင်ပြထားသည့် The River of Lost Footsteps စာအုပ်ထွက်ရှိအပြီးတွင် သူ၏ အမြင်များမှာ မြန်မာနိုင်ငံအရေး စိတ်ဝင်စားသည့် မူဝါဒချမှတ်သူများ၊ ပညာရှင်များအကြားတွင် ထင်ရှားလာခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက်ရင်း မြန်မာနိုင်ငံဆိုင်ရာ နောက်ထပ်စာအုပ်တစ်အုပ်ကို ရေးသားပြုစုနေသည့် ဦးသန်းမြင့်ဦးအား အေးရှားတိုင်းအွန်လိုင်းက တွေ့ဆုံမေးမြန်းထားသည်ကို ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ (ယခုဖော်ပြပါ တွေ့ဆုံမေးမြန်းခန်းကို ကာယကံရှင် ဒေါက်တာသန်းမြင့်ဦး၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

အယ်ဒီတာ

 

မြန်မာနိုင်ငံအရေး ရေလိုက်လွဲခြင်း

မင်းညိုစံ

မေး ။.....။ အနောက်မီဒီယာတွေဟာ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြရင် ရိုးစင်းလှတဲ့ ချဉ်းကပ်မှုနဲ့ပဲ ဖော်ပြလေ့ရှိတယ်လို့ ခင်ဗျားရဲ့ စာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ထောက်ပြခဲ့တယ်။ အဲဒီလိုမျိုး ချဉ်းကပ်မှုကို သမိုင်းကြောင်းနဲ့မယှဉ်တဲ့ ချဉ်းကပ်မှုလို့ ခင်ဗျားက နာမည်ပေးထားတယ်။ အခုလောလောဆယ် အခြေအနေကို အနောက်မီဒီယာတွေမှာ ဘယ်လိုရေးသားဖော်ပြနေကြတယ်ဆိုတာ သမိုင်းကြောင်းနဲ့မယှဉ်ဘဲ ရေးနေကြတယ် ဆိုတဲ့ ခင်ဗျား ထောက်ပြခဲ့တဲ့ ရှုထောင့်ကနေ ပြောပြပါလား

သန့် ။.....။ လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး မြန်မာနိုင်ငံအရေးဟာ ဒီမိုကရေစီရေးသက်သက်ပဲလို့ မီဒီယာတွေမှာ ပုံဖော်ခံခဲ့ရတယ်။ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြတာ နည်းရတဲ့အထဲ တပ်မတော်အစိုးရရယ်၊ ဒေါ်အောင်ဆန်းစု ခေါင်းဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရယ် ဒါတွေကပဲ လွှမ်းမိုးထားတယ်။ ဒါက လူ့သည်းခြေကြိုက်တဲ့ ဇာတ်လမ်းဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဒီဇာတ်လမ်းက ၁၉၉၀ အစောပိုင်းကာလတွေကတည်းက အေးခဲရပ်တန့်သွားခဲ့ပြီ (၁၉၉၀ အစောပိုင်းကာလတွေကတည်းက ဒီလိုပဲရေးနေကြတာ)။ မြန်မာနိုင်ငံအကြောင်း သတင်းတင်ပြချက်တွေအားလုံးဟာ တကယ့်ကို တစ်ကြောင်းသွား ဖော်ပြချက်ပဲ။ မြန်မာနိုင်ငံဟာ လူသန်း ၆၀ မှီတင်းနေထိုင်ပြီး တိုင်းရင်းသားလူမျိုးစုတွေ ဒါဇင်နဲ့ချီပြီး ရှိတဲ့နိုင်ငံ၊ ဆင်းရဲတွင်းထဲ နက်နေပြီး အခုမှ ပြည်တွင်းစစ် ချုပ်ငြိမ်းလုဆဲဆဲနိုင်ငံ။ ဧရာမ လူမှုပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်နေပြီး အိန္ဒိယနဲ့ တရုတ်တို့နဲ့ ဆက်ဆံရေး အမြန်ဖွံ့ဖြိုးတိုးတက်နေတယ်။ ဒီလိုမျိုး အခြားအကြောင်းအရာကြီးကြီးမားမားတွေ ရှိနေပေမယ့် ခုနက ဖော်ပြခဲ့တဲ့ ဇာတ်လမ်းကလွဲရင် တခြားအကြောင်းအရာ ဘာဆိုဘာမှ လူစိတ်ဝင်စားမှု မရဘူးဖြစ်နေတယ်။ ဒီလိုဖြစ်နေမှတော့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံတကာမူဝါဒက ဘယ်ကိုမှ မရွေ့နိုင်တာ မဆန်းဘူးပေါ့ဗျာ။

မေး ။.....။ ဒါပေမယ့် ဒီဇာတ်လမ်းက သတင်းဆက်ဖြစ်နေတုန်းပဲလေ။ မြင်ကွင်းထဲက ပျောက်ဆုံးနေတာ ဘာလဲဆိုတာ ပြောပြပါလား

သန့် ။.....။ မြန်မာနိုင်ငံအကြောင်း စဉ်းစားရင်၊ သတင်းဖော်ပြ ရေးကြသားကြရင် မြင်ကွင်းထဲက အမြဲလိုလို ပျောက်နေတဲ့ အဓိကအကြောင်းအရာ အနည်းဆုံး ၂ ခု ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ပထမက ပြည်တွင်းစစ်။ နှစ်ပေါင်းခြောက်ဆယ် ဆက်တိုက် လက်နက်ကိုင်ပဋိပက္ခဖြစ်နေရာက မြန်မာနိုင်ငံဟာ ခုမှ လွတ်လာစ ရှိနေသေးတယ်။ ၁၉၈၀ နှောင်းပိုင်း၊ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ မြန်မာအစိုးရဟာ လူမျိုးရေးအခြေခံတဲ့ နှစ်ဒါဇင်နီးနီး သူပုန်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရယူခဲ့ပြီး ကမ္ဘာ့အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်လုနီးနီး ဖြစ်စေခဲ့တယ်။ ဒါပေမယ့် အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးတော့ မရသေးဘူး၊ ဆက်ပြီး ဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတယ်။ ဒါပေမယ့် ဒီကိစ္စကို ဆောင်ရွက်ဖို့ နိုင်ငံတကာမှာ အာရုံလုံးဝမရှိဘူး။ နှုတ်အားဖြင့်ရော လက်အားဖြင့်ရော စောင်မမှု ဘာဆိုဘာမှ မရှိဘူး။ ဒါမျိုးအခြေအနေတစ်ခုခု တခြားနေရာမှာ ဖြစ်ကြည့်ပါလား။ အိန္ဒိယနဲ့ တရုတ်ကြားက တောင်တွေပေါ်မှာ ဖြစ်နေတဲ့ စစ်ပွဲတစ်ပွဲလိုမျိုး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခကို ဘယ်သူမှ ဂရုမထားတာကတော့ အံ့သြလောက်စရာပါ။

နောက်တစ်ခုက မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံလေ။ မြန်မာ့ရေးရာ ဆွေးနွေးပွဲတွေမှာ ဆင်းရဲသားတွေရဲ့အသံ လုံးဝ မကြားရဘူး။ ပျောက်နေတယ်။ ဆင်းရဲသားတွေဟာ ဆက်ရှင်သန်ဖို့နဲ့ မိသားစုဝမ်းဝဖို့တောင် နည်းလမ်းသစ်တွေရှာဖို့ အရေးတကြီး လိုအပ်နေတယ်။ ဒီမိုကရေစီ အကူးအပြောင်းလုပ်ချိန်မှာ စီးပွားရေးကဏ္ဍကို အပြောင်းအလဲ တစ်ချိန်တည်းမှာ ကြီးကြီးမားမား မလုပ်ဘဲနဲ့တော့ ဘယ်ဒီမိုကရေစီ အကူးအပြောင်းမှ သက်ဆိုးရှည်မှာ မဟုတ်ဘူး။ ဒီမှာလည်း ခုနကအတိုင်း ဖြစ်နေပြန်ရော။ ဒီကဏ္ဍမှာ လုပ်နိုင်တာတွေ အများကြီးရှိပေမယ့် နိုင်ငံတကာက လုံးဝ အာရုံမရှိသလောက်နီးနီးပဲ။ အရင်နှစ် နာဂစ်မုန်တိုင်းပြီးကတည်းက အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ကြီးကြီးမားမား တိုးတက်လာတာက အလွန့်အလွန် အရေးပါတဲ့ ဖြစ်ရပ်ပါ။ နိုင်ငံရေးအကြောင်းကြောင်းတွေကြောင့် နိုင်ငံတကာအလှူရှင်တွေဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက တစ်ဦးချင်းရတဲ့ အထောက်အပံ့တွေရဲ့ မပြောပလောက်တဲ့ အစိတ်အပိုင်းလေးလောက်ပဲ မြန်မာနိုင်ငံကို ပံ့ပိုးကြတယ်။ ရှက်စရာ ကောင်းလိုက်တာဗျာ။

မေး ။.....။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လတ်တလောခရီးစဉ်ကနေ ဘာတွေဖြစ်ထွန်းလာတာ တွေ့ရသလဲ။

သန့် ။.....။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ဆန္ဒတွေက ဘာလဲဆိုတာကို အရင်မမေးဘဲနဲ့ ဒီခရီးစဉ်ကို အကဲဖြတ်ရင် မတရားဘူးထင်တယ်။။ အဓိက ပါဝင်ပတ်သက်နေတဲ့ အစိုးရတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့၊ တရုတ်တို့ စတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ စိန်ခေါ်မှုတွေက ဘာလဲဆိုတဲ့ မေးခွန်းပေါ်မှာတောင် အလွန်ကွဲပြားခြားနားတဲ့အမြင်တွေ ရှိကြတယ်။ အနောက်ကမ္ဘာက ဒီမိုကရေစီမြှင့်တင်ရေး အဓိကပဲလို့ မြင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက တည်ငြိမ်ရေးဟာ အဓိကဦးစားပေးပဲ။ ကျန်တဲ့ အာရှနိုင်ငံအများအပြားကတော့ စီးပွားရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အဓိကလို့ ထင်ကြတယ်။ စီးပွားရေးတိုးတက်လာရင် နိုင်ငံရေးအပြောင်းအလဲက နောက်ကလိုက်လာလိမ့်မယ်လို့ ယုံကြည်တာလည်း ပါမှာပေါ့။

ဘန်ကီမွန်းလို ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်အတွက် မြန်မာနိုင်ငံကို သွားလိုက်၊ ပြဿနာတွေကို ရှင်းခဲ့ဆိုတာက အလွန့်အလွန်ခက်ခဲလှပါတယ်။ မြောက်ကိုရီးယားအရေးဆိုရင် အဓိက အာရုံစိုက်ရမယ့် အကြောင်းအရာက နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုတာ လူတိုင်းလက်ခံတယ်။ ဒါပေမယ့် ဒီမှာက အများကြီး ပိုရှုပ်ထွေးတယ်။ ကိစ္စတွေကလည်း အမျိုးမျိုး အဖုံဖုံ။ ပြဿနာရဲ့ သဘောသဘာဝအပေါ်မှာကို နိုင်ငံတကာရဲ့အမြင်က ဂိုဏ်းကွဲနေတယ်။ ဘန်ကီမွန်းအတွက် အခွင့်အရေးတွေ ရှိနေတယ်။ သူ့ရဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆိုတဲ့ ရာထူးဌာနန္တရကို လေးစားမှုလည်း အတော်ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီခရီးစဉ်အောင်မြင်မှုဟာ ဖြစ်ပေါ်နေတဲ့ မြင်ကွင်းအပြည့်အစုံကို ကြည့်ချင်စိတ် သူ့မှာ ရှိမရှိအပေါ် မူတည်နေတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုအချို့ကို သူကိုင်တွယ်ကို ကိုယ်တွယ်ရမှာပါ။ ဒါပေမယ့် ဟိုလွန်ခဲ့တဲ့ နှစ်တွေထဲက အထပ်ထပ်ကြားခဲ့ရတဲ့ အရာတွေကိုသာ ပြန်ရွတ်ပြပြီး အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ကြားက အကျိုးဆောင်ပေးမယ့်သူတစ်ယောက်လို့သာ သူကိုယ်သူ မြင်နေရင်တော့ သူ ခရီးပေါက်မယ်မထင်ဘူး။ သူ့မှာ ဘာမှ မဲမတင်းနိုင်တဲ့အရာ မရှိဘူး။

မေး ။.....။ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ မြန်မာနိုင်ငံမှာ တစ်ကိုယ်တော်နေရေးကိုသာ ကြိုးစားခဲ့တယ်လို့ ခင်ဗျားက ရေးခဲ့တယ်။ အခုလက်ရှိအစိုးရက ကမ္ဘာကနေ အဆက်အသွယ်ဖြတ်တောက်ပြီး ဘာကြောင့် နေချင်ရတာလဲ

သန့် ။.....။ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံဟာ သမိုင်းတစ်လျှောက် အချိန်ကာလရှည်ရှည်လျားလျား အရှေ့နဲ့ အနောက် ကူးသန်းရောင်းဝယ်ရေး အဓိက လမ်းကြောင်းကြီးတွေကနေ ကင်းလွတ်နေခဲ့တယ်။ သီးခြားနေလိုစိတ် အမြဲရှိခဲ့တယ်။ ဒီလို သီးခြားနေလိုစိတ်ကို ကျော်လွှားဖို့ စိတ်သန်ပြီး ကမ္ဘာနဲ့ဆက်သွယ်ချင်တဲ့ စိတ်ရှိချိန်တွေမှာ မြန်မာနိုင်ငံဟာ ဖန်တီးတီထွင်နိုင်စွမ်းတွေရှိပြီး ရွှေခေတ်တွေတောင် ဖြစ်ခဲ့တယ်။

ဒါပေမယ့် ဒီဘက်ခေတ်ရောက်ပြန်တော့လည်း ပြည်ပက ထပ်ခါထပ်ခါ ကျူးကျော်မှုတွေသမိုင်းက အတော်ရှည်နေသေးတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာ ဗြိတိသျှတွေရဲ့ ကျူးကျော်မှုကို သုံးကြိမ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဗြိတိသျှတွေလက်အောက်မှာ နှစ် ၁၀၀ ကျော် အုပ်စိုးခံခဲ့ရတယ်။ ၁၉၄၀ နှစ်တွေမှာ ဂျပန်တွေရဲ့ ကျူးကျော်မှု၊ ၁၉၅၀ နှစ်တွေမှာ တရုတ်ဖြူတွေရဲ့ ကျူးကျော်မှု၊ ၁၉၆၀ နှစ်တွေမှာ တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ကွန်မြူနစ်တွေရဲ့ ကျူးကျော်မှုတွေကို ခံခဲ့ရပြန်တယ်။ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြားတခြားသော နိုင်ငံတွေကလည်း မြန်မာ့နိုင်ငံရေးမှာ ၀င်ပြီး ခြယ်လှယ်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာပဲလေ။ ဒီတော့ နိုင်ငံခြားသားရွံမုန်းမှုက ကြီးထွားလာလိုက်တာ ဖယ်ရှားပစ်ဖို့ခက်တဲ့ အခြေထိအောင်ပဲ။ ၁၉၅၀ နှစ်တွေက ချန်ကေရှိတ်တပ်မတော်ရဲ့ အကြွင်းအကျန်တပ်တွေ မြန်မာနိုင်ငံတွင်းကို နယ်စပ်ကနေ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုအကူအညီနဲ့ ၀င်လာခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံက ကုလသမဂ္ဂကို ပထမဦးဆုံးအကြိမ် အကူအညီတောင်းခဲ့တယ်။ အကူအညီမရခဲ့တာကြောင့် အရေးအကြောင်းဆိုရင် ကုလသမဂ္ဂကို အားကိုးလို့မရဘူးဆိုတဲ့ သင်ခန်းစားကို မြန်မာနိုင်ငံရလိုက်တယ်။ ဒါဟာ တပ်မတော်အတွက် အလှည့်အပြောင်းပဲ။ အရင်တုန်းက တပ်မတော်ဟာ သောင်းကျန်းမှု နှိမ်နင်းရေးဆောင်ရွက်နေတဲ့ အရွယ်အစား ခပ်ငယ်ငယ် တပ်တစ်တပ်ပဲ။ တရုတ်ဖြူကိစ္စနောက်ပိုင်းမှာ တပ်မတော်ရဲ့ အရွယ်အစားကြီးလာလိုက်တာ ကနေ့ကျွန်တော်တို့ မြင်ရတဲ့ အနေအထား ရောက်လာခဲ့တာပဲ။

မေး ။.....။ အဲဒီနယ်ချဲ့ဆန့်ကျင်ရေး စိတ်အခြေခံက ကနေ့အစိုးရရဲ့ မူဝါဒတွေထဲကို ဘယ်လိုလုပ်ရောက်လာတာလဲ။

သန့် ။.....။ နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံက မြန်မာ့တပ်မတော်အရာရှိတွေရဲ့ စိတ်ထဲမှာ သံမှိုနှက်သလို စွဲမြဲနေတယ်။ ဒီနေ့အထိလည်း ဒီအတိုင်းပဲ။ မြန်မာနိုင်ငံဟာ စစ်မြေပြင်တစ်ခု၊ လူမျိုးရေးအခြေခံ သောင်းကျန်းမှုတွေနဲ့ တခြားနိုင်ငံရေး ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ စစ်မြေပြင်လို့ တပ်မတော်ခေါင်းဆောင်တွေက ရှုမြင်ထားကြတယ်။ သူတို့ရဲ့ ရန်သူအားလုံးဟာ နိုင်ငံခြားနဲ့ ချိတ်ဆက်ထားတယ်လို့ သံသယရှိတာကြောင့် သူတို့ရဲ့ မျိုးချစ်အခန်းကဏ္ဍဟာ နယ်ချဲ့ ဆန့်ကျင်ရေးလွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ ဆက်စပ်နေတယ်လို့ ခံယူထားတယ်။ ဒါဟာ ၁၉၄၀ နှစ်တွေကတည်းက တပ်မတော်ရဲ့ ခံယူချက်အမြင်။ ဒီနေ့ထက်ထိလည်း ဒီလိုပဲ မြင်နေတုန်းပဲ။ ဒီတပ်မတော်ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နှစ်စဉ်တိုက်ပွဲဝင်နေရတဲ့ တပ်မတော်တစ်ရပ်၊ ကျွန်တော်စဉ်းစားမိသလောက် ကမ္ဘာပေါ်မှာ ဒါမျိုး တိုက်ပွဲဝင်နေရတဲ့ တစ်ခုတည်းသော တပ်မတော်။ သူတို့တိုက်ခဲ့ရတဲ့ အဖွဲ့တွေဟာ အံ့သြလောက်စရာ အမျိုးအစား စုံလင်တယ်။ အရင် အရှေ့ပါကစ္စတန်နယ်စပ် သောင်းကျန်းသူ မူဂျာဟစ်ဒင် (ယခု ဘင်္ဂလားဒေ့ရှ်) တွေ၊ ဟိုအရင် တရုတ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကွန်မြူနစ်တွေ၊ အမေရိကန်နဲ့ ထိုင်းကျောထောက်နောက်ခံပေးထားတဲ့ လက်ယာယိမ်းသောင်းကျန်းသူတွေ၊ ဘိန်းစစ်ဘုရင်တွေ၊ လူမျိုးရေးအခြေခံခွဲထွက်ရေး သောင်းကျန်းသူတွေ၊ တကယ့်ကို အမျိုးစုံအမယ်စုံပဲ။ ဒါတွေကို တပ်မတော်က ရာစုနှစ်တစ်ဝက်ကျော်လောက် တိုက်ခဲ့ရတာ။ စစ်ပွဲနဲ့ အထူးသဖြင့် သောင်းကျန်းသူ တိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို ဆယ်စုနှစ်ခြောက်စုလောက် တိုက်လာခဲ့ရရင် ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပေတော့။

ခုပြောခဲ့တဲ့ ပြဿနာတွေထဲက တချို့ကို မဖြေရှင်းနိုင်သေးသရွေ့ ခိုင်မြဲတည်ငြိမ်တဲ့ ဒီမိုကရေစီ အကူးအပြောင်းဖြစ်မှာ မဟုတ်ဘူး။ ကုလသမဂ္ဂအနေနဲ့ ပိုပြီးနက်ရှိုင်းတဲ့ ချဉ်းကပ်မှုနဲ့ ချဉ်းကပ်ပြီး နှစ်ခြောက်ဆယ်လောက် ကြာရှည်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခအကြောင်းကို စဉ်းစားစေချင်တယ်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အခွင့်အရေးတွေဟာ ချိတ်ဆက်နေတယ်လို့ ကုလသမဂ္ဂက အမြဲပြောနေတာပဲ။ ဒါပေမယ့် ပိုမိုရှုပ်ထွေးတဲ့ အဲဒီ ချဉ်းကပ်မှုက မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဘယ်ရောက်သွားတာလဲ။

မေး ။.....။ အပြောင်းအလဲဖြစ်လာဖို့ ခင်ဗျားပြောတဲ့ ပုံသေနည်းက တစ်ချိန်က "debate, engagement, and gradualism" ဆွေးနွေးငြင်းခုံအဖြေရှာ၊ ထိတွေ့ပူးပေါင်း၊ တစ်ဆင့်ချင်းသွား လို့ ဖော်ပြခံခဲ့ရတယ်။ ဒီပုံသေနည်းက မူဝါဒ ချမှတ်တဲ့အသိုက်အ၀န်းတွေ၊ ဥပမာ- ကုလသမဂ္ဂနဲ့ ၀ါရှင်တန်တို့မှာ နေရာရရဲ့လား

သန့် ။.....။ ဒီသဘောတရားကို လေးလေးနက်နက်ထား စဉ်းစားကြပါတယ်။ ပိတ်ဆို့အရေးယူမှုအခြေခံတဲ့ ချဉ်းကပ်မှုတွေဟာ မြန်မာနိုင်ငံလို အခြေအနေမျိုးမှာ အလုပ်မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့ အနောက်နိုင်ငံ မူဝါဒချမှတ်သူတွေ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပိုများလာခဲ့တယ်။ လတ်လတ်ဆတ်ဆတ် နည်းလမ်းသစ်တွေ စဉ်းစားဖို့ စိတ်လိုလက်ရ ရှိကြပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေဟာ အမြင့်ဆုံးရလဒ်အနေနဲ့ မထိရောက်ဘူး။ ဒေသတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလောက်နဲ့တင် အစိုးရဟာ ဆက်လက်ရှင်သန်နေနိုင်တယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ အလွန်အလွန် ပြောင်းပြန်ရလဒ်ကို ရစေပေမယ့် အဆိုးဆုံးကတော့ ကြီးမားတဲ့ အားတစ်ခုဖြစ်တဲ့ Global Capitalization ကို ဆွဲထိန်ထားတာပဲ။ ဒါကိုသာ လွှတ်ပေးလိုက်ရင် အားလုံးပြောင်းလဲသွားနိုင်တယ်။ အရေးကြီးဆုံးလို့ ကျွန်တော်ထင်တာကတော့ လက်ရှိအနေအထားကို ပြောင်းပစ်တာပဲ။ အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသည်ကဏ္ဍတွေမှာ အနောက်ကမ္ဘာရဲ့ ပါဝင်ပတ်သက်မှုတွေဟာ လက်ရှိအနေအထားကို ပြောင်းလဲရာမှာ ကြီးမားတဲ့အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ပိတ်ဆို့အရေးယူမှုတွေ၊ သပိတ်မှောက်မှုတွေသာ မရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ Global Capitalism ကနေ ချိတ်ဆက်တဲ့နည်း အပါအ၀င် မြန်မာနိုင်ငံကို ကမ္ဘာနဲ့ပြန်လည်ချိတ်ဆက်ရေး၊ ဒါတွေကိုသာ အာရုံစိုက်ခဲ့မယ်ဆိုရင် ဒီမိုကရေစီရေးဟာ ကနေ့ အချိန်မှာ ပိုအားကောင်းနေမှာ သေချာတယ်။

မေး ။.....။ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် အမြင်လေး သိပါရစေ

သန့် ။.....။ အလောင်းအစားတစ်ခု လုပ်တာပဲဗျ။ တကယ်လို့ ဒီမိုကရေစီအစိုးရ မနက်ဖြန် သန်ဘက်ခါ ဖြစ်ဖို့ အကူးအပြောင်းပေါ်လာပြီဆိုပါစို့။ ဒါဆိုရင် သူ့ (ဒေါ်အောင်ဆန်းစုကြည်) မဟာဗျူဟာရဲ့ အောင်ပွဲပဲလို့ လူတိုင်းက ပြောကြမှာပဲ။ တကယ်လို့ ဒီအတိုင်း ဖြစ်မလာရင် တခြားလမ်းကြောင်းတွေ မစမ်းလိုက်ရတဲ့အတွက် ပေးရတဲ့ အလျော်အစားက ကြီးလိမ့်မယ်။ ပေါ်လာတဲ့ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အလျော်အစားကြီးမယ်။ အရေးယူပိတ်ဆို့မှုတွေနဲ့ အကူအညီဖြတ်တောက်မှုကြောင့် သာမန်ပြည်သူတွေ၊ အထူးသဖြင့် အဆင်းရဲဆုံးနဲ့ အကာအကွယ်မဲ့ သေဆုံးသူတွေအပေါ် လှိုင်းတံပိုးကြီးတစ်ခုလို ရိုက်ခတ်တယ်။ အဲဒီ အလျော်အစားလည်း ကြီးမယ်။

မေး ။.....။ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲက အစိုးရ ကတိပြုသလို ဒီမိုကရေစီအပြောင်းအလဲကို ဆောင်ကြဉ်းပေးမှာလား

သန့် ။.....။ အနည်းဆုံးအနေနဲ့ ၂၀၁၀ ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲပဲ။ အဆောက်အဦအသစ် အမျိုးစုံကို ဖန်တီးနေပြီ။ အရေးကြီးတဲ့ မျိုးဆက်လိုက် အကူးအပြောင်း တပ်မတော် ခေါင်းဆောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ ဒါဟာ အနည်းဆုံးအနေနဲ့ ကြီးမားတဲ့ အတွင်းပိုင်း အကူးအပြောင်းဖြစ်ပြီး အခွင့်အလမ်းသစ်တွေလည်း ဖြစ်နိုင်တယ်။

ထိပ်ပိုင်းက နိုင်ငံရေးအပြောင်းအလဲပေါ် အခြေခံတွက်ချက်ထားတဲ့ ဖြစ်နိုင်ချေကို ကျွန်တော်သိပ်အားမရဘူး။ တကယ့်အပြောင်းအလဲ ထွက်လာရမယ့်နေရာက ခုနက နိုင်ငံရေးအပြောင်းအလဲထက် အများကြီး ပိုကြီးတဲ့ နှစ်နေရာက လာရမှာ။ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်စေဖို့နဲ့ စီးပွားရေးအပြောင်းအလဲပဲ။ ကျွန်တော်က မာ့ခ်စ်ဝါဒီ မဟုတ်ပေမယ့် နိုင်ငံရေးဟာ စီးပွားရေး နောက်လိုက်တတ်တယ်လို့ ထင်တယ်။ အနောက်ကမ္ဘာဟာ စီးပွားရေးအခြေအနေကို ပုံဖော်ပေးဖို့ လုံးဝမကြိုးစားခဲ့တဲ့အပြင် ပိတ်ဆို့အရေးယူမှုတွေနဲ့ သူ့ကိုယ်သူ ကစားပွဲအပြင်ဘက် ထုတ်ပစ်ခဲ့တယ်။

မေး ။.....။ မြန်မာနိုင်ငံအနာဂတ်ကို ဘယ်လိုမြင်လဲ

သန့် ။.....။ နောင် နှစ် ၁၀၀ လောက်မှာ အခုခေတ်လက်ရှိ မြန်မာနိုင်ငံရဲ့အကြောင်းကို စာတစ်အုပ်ရေးကြမယ်ဆိုရင် အဓိကအကြောင်းအရာက ရှေ့နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲလည်းမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီလှုပ်ရှားမှုလည်း မဟုတ်ဘူး။ အဲဒီအချိန်လောက်ကျရင် ကနေ့ဖြစ်နေတဲ့အထဲမှာ အရေးအကြီးဆုံးက တရုတ်နိုင်ငံကို မြန်မာနိုင်ငံက တံခါးဖွင့်ပေးမှုနဲ့ ကမ္ဘာ့ စူပါပါဝါတွေဖြစ်လာတဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြားက သူ့နေရာကို ထိန်းသိမ်းနိုင်စွမ်း မထိန်းသိမ်းနိုင်စွမ်းတွေပဲ ဖြစ်လာမှာ။ မြန်မာနိုင်ငံဟာ နှစ်ဘီလီယံခွဲလောက်ရှိတဲ့ တရုတ်တွေနဲ့ အိန္ဒိယတွေကြားမှာ ညပ်နေတဲ့ လူဦးရေ သန်း ၆၀ ရှိ နိုင်ငံတစ်နိုင်ငံပဲ။ အနောက်ကမ္ဘာမှာ ကျွန်တော်တို့ ပြောကြတယ်။ အိန္ဒိယနဲ့ တရုတ်တို့ အတက်ဆိုပြီးတော့လေ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် အဲဒီဖြစ်စဉ်က ဘယ်လိုသက်ရောက်မယ်ဆိုတာ စဉ်းစားကြည့်ပါလား။ အရာအားလုံးပဲလေ။ ဒီနိုင်ငံ ၀ါးမျိုခံရမလား။ ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံး၊ အပြောင်းအလဲအမြန်ဆုံး နိုင်ငံနှစ်နိုင်ငံကြားထဲမှာ ရောက်နေတာကနေ အကျိုးခံစားရမလား။ တကယ်လို့ မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေအားလုံး အကျိုးအမြတ်ရရှိဖို့ နည်းလမ်းရှာနိုင်မယ်ဆိုရင် နိုင်ငံ့အနာဂတ်ဟာ ၂၁ ရာစုမှာလည်း ၀င်းလက်တောက်ပနေဦးမှာပဲ။

1 comment:

  1. Anonymous1:40 PM

    ဒီငသန်.ဟာ သူ.အဘိုးဦးသန်.နဲ.မတူဘူး အဘိုးဦးသန်.ကိုစစ်အစိုးရဘယ်လိုလုပ်သလဲ ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ သူသိတယ် ဒီလောက်ခေါင်းမာနေတဲ့စစ်အုပ်စုကိုလမ်းညွန်ထောက်ခံဖို.ဆိုတာ သူအတွက်လွယ်တဲ့အလုပ်မဟုတ်ဘူး သူ.ပြောပုံက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ဖို.မလိုဘူး စစ်အစိုးရအုပ်စုတွေကိုယ်တိုင် ဒေါ်စုတို.မပါပဲ ဒီမိုကရေစီပြောင်း မယ်၊ အဲဒီလိုလုပ်ရင်ကော တရားသလား၊ မိမိပြည်သူတွေလိုလားနေတဲ့ အမျိုးသ မီးတယောက်ကို ခွင့် လွတ်ပြီး လွတ်ပေးဖို.တောင် မလိုက်လျောနိုင်တဲ့အစိုးရကို ပြည်သူတွေဘယ်လိုယုံကြည်ကြမလဲ၊ အခြားနိုင်ငံရေးသမား (ထောင်ထဲက)များဆို လွတ်ပေးဖို.ပိုတောင်ဝေးသေးတယ်၊ သူတို.တတွေလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီပြောင်းဖို လုပ်နေတဲ့လူတွေပဲ လေ၊ ညှိနိုင်းကြပေါ့၊ တဖက်သတ်တော့မဖြစ်စေနဲ.ပေါ့၊
    အဲဒီငသန်.ပြောသလို အပစ်အခတ်ရပ်စဲရေးလုပ်နိုင်လုခါနီးဖြစ်နေတယ်၊ သူကကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.အကြောင်းဘယ်လောက်အ တွင်းကျကျသိလို.လဲ၊ အခုစစ်အစိုးရက အပစ်ရပ်လုပ်နိုင်လို. တိုင်းရင်းသား ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနေရတယ်ထင်သလား၊ ပိုတောင်ဆိုးသေးတယ် မြို.နဲ.ဝေးနေတဲ့တောရွာတွေကို လာကြည့်စမ်းပါ၊ တစ်နှစ်အတွင်း အကောက် အခွန်ဘယ်နှစ်ခေါက်ထည့်ကြရလဲလို.၊ ဟိုအဖွဲ.ကလာပြီးခြိမ်းခြောက် ကောက် ခံလိုက် ဒီအဖွဲ.ကလာပြီး ခြိမ်းခြောက်ကောက်ခံလိုက်နဲ. ပြည်သူတွေရဲ့အခက် အခဲကို ခင်ဗျားတို.မသိကြဘူး၊ စစ်အစိုးရက အပစ်ခတ်ရပ်စဲတယ်ဆိုပြီး အဲဒီ အပစ်ရပ်အဖွဲ.တွေကို လုပ်ပိုင်ခွင့်အားလုံးပေးထားတော့ ပြည်သူတွေကို ဘယ် သူက ဂရုစိုက်တော့မှာလဲ။ အမှန်တကယ်ဆို စစ်အစိုးရက ပြည်သူတွေကို ကာ ကွယ်ပေးသင့်တယ်၊ သူတို.တွေရဲ.အခက်အခဲတွေကို ကူညီဖြေရှင်းပေးသင့် တယ်။ သူတို.တိုင်းရင်းသားတွေကိုပဲသူတို. ချကြတာ ချလေ့ပစေဆိုပြီးထား လိုက်တာ ပြည်သူတွေကို တန်ဖိုးထားရာ ရောက်သလား။
    ကျွန်တော်ဒီလောက်ပြောစရာမလိုပါဘူး၊ နိုင်ငံရေးလုပ်နေတဲ့ သူတို.ဗမာလူမျိုး အချင်းချင်းကိုတောင် ခေါင်းမဖော်နိုင်အောင်လုပ်တာပဲလေ၊
    ငသန်. ခင်ဗျားဘာပဲပြောပြော မြန်မာဒီမိုကရေစီရဖို.အတွက် အထိမ်းသိမ်းထောင်ချခံရတဲ့ အဲဒီနိုင်ငံရေးသမားတွေလို ခင်ဗျားလုပ်ရဲသလား

    ReplyDelete

 
Web Statistics