Wednesday, July 22, 2009

ပါပါး၊ မာမား၊ အားပူချေး နဲ့ အိုပါးတဲ့လား - လူထုစိန်ဝင်း


ဖြူးအမျိုးသားကျောင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဖို့အတွက် စာမူလာတောင်းတော့ ရေးပေးဖို့ ချက်ချင်းကတိပေးလိုက်တယ်။ အမျိုးသားကျောင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီနေ့ထိ တန်ဖိုးထားကြသူတွေ ရှိနေသေးပါလားဆိုတဲ့ အသိကြောင့် ၀မ်းသာပီတိလည်း ဖြစ်ရတယ်။ အထူးသဖြင့် ဒီနေ့လို တိုင်းတစ်ပါးယဉ်ကျေးမှုမျိုးစုံ လွှမ်းမိုးစပြုနေချိန်မှာ အမျိုးသားကျောင်းဂုဏ်ပုဒ်ကို မမေ့မလျော့ ပြန်လည်ဖော်ထုတ်ကြတာ အင်မတန်ကျေးဇူးတင်စရာကောင်းတယ်။

 

မြန်ဂလိဂ်စကား

ဒီနေ့အချိန်မှာ မြန်မာစာ၊ မြန်မာစကား တော်တော်လေးမျက်နှာငယ်နေတာ သတိပြုမိပါတယ်။ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ မြန်မာနာမည်တပ်တာ တော်တော်ရှားနေပြီ။ အင်္ဂလိပ်လိုမှည့်မှ နိုင်ငံတကာအဆင့်မီသလို ဖြစ်နေတယ်။ စာရေးဆရာတွေကလည်း မြန်မာလူမျိုးတွေအတွက် ထုတ်တဲ့ မြန်မာစာအုပ်တွေမှာ မြန်မာလိုချည်းသက်သက်ရေးရင် လူအထင်ကြီးမခံရမှာစိုးလို့ ထင်ပါရဲ့ "မြန်ဂလိပ်" (Myanglish) စာတွေနဲ့ ညှပ်ပြီးရေးနေကြတော့တယ်။ ဘစ်ဇနက် ဂျာနယ်လစ်ဇင် တဲ့၊ အွန်လိုင်းဂျာနယ်လစ် တဲ့၊ အင်ဗိုင်းရွန်းမင်း တဲ့၊ စတိတ်ဟိုးလဒါး တဲ့၊ ဂိမ်းပလေယာ တဲ့။ ဖတ်ရတာ တော်တော်ကို မျက်စိစပါးမွှေးစူးရတယ်။ ပြုတ်တူတို့၊ ဂွရှင်တို့၊ ခွေးသွားစိပ်တို့၊ ၀က်အူလှည့်တို့ စတဲ့ ဝေါဟာရတွေကို တီထွင်ခဲ့ကြတဲ့ စက်ရုံအလုပ်ရုံတွေထဲက အလုပ်သမားတွေကိုတောင် ရှက်ဖို့ကောင်းနေပြီ။ နည်းပညာတွေရဲ့ တိုးတက်မှု အရှိန်အဟုန်က လျင်မြန်လွန်းတဲ့အတွက် မြန်မာစကားလုံးတွေနဲ့ ဘာသာပြန်ဖို့ အချိန်ကို မရနိုင်တော့ဘူးလို့ ဆင်ခြေပေးလည်း သဘာဝမကျပါဘူး။ Atomic Bomb ကို အဏုမြူဗုံး၊ Rocket ကို ဒုံးပျံ၊ missile ကို ဒုံးကျည်၊ Sattelite ကို ဂြိုဟ်တု၊ Machine Gun ကို စက်သေနတ် စသဖြင့် စတင်ဘာသာပြန် သုံးစွဲခဲ့သူတွေဟာ သတင်းစာဆရာတွေပါ။ နိုင်ငံခြားကြေးနန်းသတင်းထဲက ပါလာတဲ့ ဝေါဟာရတွေကို တစ်ထိုင်တည်းက ဘာသာပြန်လိုက်ရတာဖြစ်တယ်။ ဖြည်းဖြည်းချင်းအချိန်ယူ စဉ်းစားနေဖို့မဖြစ်တဲ့ သတင်းစာအလုပ်လုပ်နေသူတွေကတောင် ဒီလိုတစ်မုဟုတ်ချင်း ဘာသာပြန်နိုင်ခဲ့ကြပါလျက်နဲ့ စဉ်းစားဖို့အချိန် ကြိုက်သလောက်ယူလို့ရတဲ့ စာရေးဆရာတွေက ဘာကြောင့် ဘာသာမပြန်နိုင်ရမှာလဲ။ ကြိုးစားအားထုတ်မှုကို မလုပ်ချင်ကြလို့သာ ဖြစ်ပါတယ်။

 ပါပါး၊ မာမားခေတ်

နောက်တစ်ခါ ဘာတွေ့ရသလဲဆိုတော့ သတင်းစာထဲက ကြော်ငြာတွေ။ မွေးနေ့ဆုတောင်းတို့၊ မင်္ဂလာနှစ်ပတ်လည် ဆုတောင်းတို့လို ကြော်ငြာတွေမှာ တွေ့ရတဲ့ ပါပါး၊ မာမား ဆိုတဲ့ အသုံးအနှုံးတွေ။ ဟိုရှေးကျွန်ဘ၀က ရေပေါ်ဆီလူတန်းစားတွေကြား ခေတ်စားခဲ့တဲ့ ဒယ်ဒီ၊ မာမီ ဆိုတဲ့နေရာမှာ အစားထိုး ၀င်ရောက်လာတာလေ။ မြန်မာလူမျိုးစစ်စစ်တွေ ဖြစ်ပါလျက်နဲ့ ဘာကြောင့်များ ပါပါး၊ မာမား ကို ခံတွင်းတွေ့နေကြသလဲမသိပါဘူး။ အဖေ၊ အမေ ဆိုတဲ့ အခေါ်အဝေါ်ဟာ ဘယ်လောက်အားပါးတရရှိပြီး လှိုက်လှဲတဲ့ အဓိပ္ပါယ်ဆောင်ပါသလဲ။ ဖေဖေ၊ မေမေ ဆိုတာကတောင် ပေါ့ရွှတ်ရွှတ်ဖြစ်နေသလိုပါပဲ။ ဒါလောက် ခေါ်လို့ကောင်းတဲ့ အဖေ၊ အမေ နေရာမှာ ဘာဖြစ်လို့များ ပါပါး၊ မာမား နဲ့ အစားထိုးချင်နေကြပါလိမ့်။ စဉ်းစားလို့ကို မရပါဘူး။

 

အားပူချေးတဲ့လား

နောက်ပြီးတော့ရှိသေးတယ်။ ခုခေတ်ကလေးတွေ ပြောပြောနေကြတဲ့ အိုပါးတို့၊ အိုမိုညီး တို့၊ အားပူချေး တို့ ဆိုတဲ့စကားတွေ၊ ဘာတွေမှန်းလည်း မသိပါဘူး။ ဟိုအရင် လေး၊ ငါးနှစ်ကတော့ ရှဲ့ရှဲ့ တို့၊ တွေ့ပူချိ တို့၊ မေးယိုကွမ်းစီး တို့ ခေတ်စားခဲ့တာပေါ့။ ဒီလိုတိုင်းတစ်ပါးက စကားလုံးတွေကို မွေးစားလိုက်ကြတာဟာ မြန်မာစကား​ ကြွယ်ဝသွားစေတာလား။ မြန်မာစကား ပျောက်ကွယ်သွားဖို့ ဖြစ်စေတာလားဆိုတာတော့ စဉ်းစားကြဖို့ကောင်းတယ်။ ကိုယ့်စာ၊ ကိုယ့်စကား ပျောက်ကွယ်သွားရင် ကိုယ့်လူမျိုးပါ ပျောက်ကွယ်သွားနိုင်တယ် မဟုတ်လား။ ဒီအန္တရာယ်ကို ပေါ့သေးသေး မထင်စေချင်ဘူး။ ပျူစကား၊ ပျူစာနဲ့ ပျူလူမျိုးတွေ ကွယ်ပျောက်သွားတာကို သင်ခန်းစားယူသင့်ကြပါတယ်။ ကိုယ့်စာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုတွေ ခိုင်မာအားကောင်းနေမှ ကိုယ့်လူမျိုး မပျောက်နိုင်မှာဖြစ်တယ်။ ကိုယ့်ယဉ်ကျေးမှု ခိုင်မာအားကောင်းနေအောင် အမြဲဂရုစိုက်နေရပါမယ်။ ကိုယ်ခံအားကောင်းနေရင် ဘာမှကြောက်စရာ မရှိပါဘူး

 

နိုင်သူကိုတောင် မြိုပစ်နိုင်တာ

ဒီနေရာမှာ တရုတ်လူမျိုးတွေကို သာဓကအဖြစ် ပြောချင်တယ်။ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာမှာ အဆင့်မြင့်ဆုံးဆိုတဲ့ ယဉ်ကျေးမှုကြီးတွေမှာ အပါအ၀င်ဖြစ်ပါတယ်။ သက်တမ်းအားဖြင့်လည်း ရှည်ကြာလှပြီဖြစ်လို့ အင်မတန်မှကို ခိုင်ခံ့နေပြီဖြစ်တယ်။ တစ်ချိန်တစ်ခါမှာတော့ တရုတ်ပြည်ကြီးဟာ မွန်ဂိုတို့လက်အောက် ရောက်ခဲ့ပါတယ်။ မန်ချုးလူမျိုးများရဲ့ သိမ်းပိုက်အုပ်စိုးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် တရုတ်တို့ရဲ့ ယဉ်ကျေးမှုက ခိုင်ခံ့အားကောင်းလွန်းလေတော့ စစ်နိုင်ပြီး ကိုယ့်ကိုလာအုပ်စိုးတဲ့ မွန်ဂိုနဲ့ မန်ချူးတွေကို လုံးဝလူမျိုးပျောက်ကွယ်သွားတဲ့အထိတောင် မြိုပစ်လိုက်နိုင်တာ တွေ့ရပါတယ်။

 

ရှေးလူကြီးတွေကို အားနာပါ

ဒီသာဓကကိုကြည့်ပြီး ကိုယ့်ယဉ်ကျေးမှုတွေ ပျက်စီးကွယ်ပျောက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးကြောင်း သတိရှိကြစေချင်တယ်။ ကျွန်တော်တို့ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာက ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်ခုနော်။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုကို အင်မတန်မှကို တန်ဖိုးထားမှ တော်ကာကျမှာ။ အင်္ဂလိပ်အုပ်စိုးမှုအောက် ကျရောက်နေစဉ်အခါက တက္ကသိုလ်မှာ မြန်မာစာဌာနရယ်လို့တောင် မရှိတဲ့ အခြေအနေကနေပြီး မြန်မာစာပေဌာနထူထောင်ခွင့်ရဖို့ မြန်မာစာပေ သင်ကြားခွင့်ရဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လူကြီးသူမများကို အားနာကြဖို့လည်း ကောင်းတယ်။ ချိုချဉ်နဲ့ အာလူးကြော်လို ပစ္စည်းကစ မြန်မာပြည်တင်ပို့ရောင်းချဖို့သက်သက် နယ်စပ်ဒေသမှာတင် ထုတ်လုပ်တဲ့ ပစ္စည်းတု၊ ဆေးဝါးတုတွေနဲ့  အပေါစား အညံ့စား ပစ္စည်းမျိုးတွေကိုတော့ ကျဉ်ပစ်သင့်ကြတယ်။

 

လွယ်အောင်လုပ်ပေးပါ

အမျိုးချစ်စိတ်ဆိုတာမျိုးက ဟောပြောနေရုံနဲ့ရတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ချစ်စရာကောင်းတာတွေ။ မြတ်နိုးတွယ်တာစရာကောင်းတာတွေကို လူငယ်တွေသိအောင် လုပ်ပေးဖို့လိုပါတယ်။ ဘန်ကောက်တို့ ဖူးခက်တို့ သွားဖို့လွယ်ကူသလို၊ ပူတာအိုသွားဖို့လွယ်ကူအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ပုဂံတို့၊ ပုပ္ပါးတို့မှာရှိတဲ့ ဟိုတယ်ခတွေက ဘန်ကောက်တို့ ဖူးခက်တို့က ဟိုတယ်ခတွေထက် ဈေးကြီးမြင့်နေရင်တော့ လူငယ်တွေက ဘန်ကောက်ကို ရှော့ပင်းသွားချင်ကြတာ သဘာဝကျတယ်လို့ ဆိုရမှာပဲလေ။

 

( ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ် အတွဲ ၁၄၊ အမှတ် ၄၀ မှ )

No comments:

Post a Comment

 
Web Statistics