Monday, August 31, 2009

အသွင်ကူးပြောင်းရေးအတွက် ကုန်းပတ်ရှင်းရခြင်း - မောင်စူးစမ်း


အင်စတီကျူးရှင်းသုံးရပ်
အိုင်ဒီအိုလိုဂျီ (သဘောတရား)နှင့် သမိုင်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲအကြို ကာလအတွက်ဖြစ်စေ၊ ရွေးကောက်ပွဲလွန် လွှတ်တော်များ ပေါ်ပေါက်သည့်ကာလအတွက်ဖြစ်စေ အညွှန်းလမ်းညွှန်အဖြစ် ဆီလျော်အပ်စပ်ခြင်း မရှိကြောင်း စာရေးသူက တင်ပြထားသည်။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းမည်သော တိုင်နှစ်တိုင်ကို ဖြုတ်၍ စဉ်းစားလျှင် ဘာကျန်မည်နည်းဟု မေးစရာရှိသည်။ ခြေခြေမြစ်မြစ်ရှိသော အရေး Substantive Issues တို့ ကျန်မည်ဟု ဖြေရမည်။ မဟာဗျူဟာမြောက် စိန်ခေါ်မှုတို့ဟူ၍လည်း ပြောနိုင်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးလျှင် အင်စတီကျူးရှင်း (အဆောက်အဦအဖွဲ့အစည်း) သုံးရပ် ပေါ်ပေါက်လာမည်။ (၁) တပ်မတော်၊ (၂) လွှတ်တော် တို့နှင့် (၃) နိုင်ငံရေးပါတီတို့ ဖြစ်ကြမည်။ ဤအင်စတီကျူးရှင်းသုံးပါးကြား ဆက်ဆံရေး ပြေပြစ်တည်ငြိမ်ရေး၊ ချိန်ခွင်လျှာမျှရေးသည် မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်မည်။ ဤဆက်ဆံရေး၏ အနှစ်သည် အရပ်သားစစ်ဘက်ဆက်ဆံရေးတွင် ချိန်ခွင်လျှာမျှရေး ဖြစ်သည်။ ပါဝင်ကြမည့် ပလေရာတို့သည် ဤရှုခင်းမြင်ကွင်းကို ကြိုတင်မြင်ထားရန် လိုသည်။

စပေ့စ်
ထူထောင်မည့် ဒီမိုကရေစီသည် ကြိုးကိုင်ဒီမိုကရေစီဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီမဟုတ်။ ထို့ကြောင့် ကြိုးကိုင်ဒီမိုကရေစီ၌ လစ်ဘရယ်ဒီမိုကရေစီအတွက် အကျယ်အ၀န်းနေရာ Space ဘယ်လောက် ရှိမလဲဟု တိုင်းထွာကြည့်ရန်လိုသည်။ လစ်ဘရယ်ဒီမိုကရေစီဆိုသည်မှာ နိုင်ငံတော်ကို ဗဟိုပြုခြင်းမဟုတ်။ လူတစ်ဦးစီကို ဗဟိုပြုသည်။ နိုင်ငံတော် State နှင့် လူတစ်ဦး Individual ယှဉ်တွဲလျှင် လူတစ်ဦး၏ ပါဝါနှင့် အခွင့်အရေးကို ပိုပြီးဦးစားပေးသည်။ ကြိုးကိုင်ဒီမိုကရေစီသည် နိုင်ငံတော်၏ပါဝါကို ပိုပြီးအလေးထားရင်း လူတစ်ဦးစီ၏ ပါဝါနှင့် အခွင့်အရေးတို့ကို လေးစားသည်။ ဆိုလိုသည်မှာ ကြိုးကိုင်ဒီမိုကရေစီ၌ လစ်ဘရယ်ဒီမိုကရေစီအတွက် နေရာ (စပေ့စ်) ရှိသည်ဟု ပြောလိုခြင်းဖြစ်သည်။ ကြိုးကိုယ်ဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီတို့မှာ ရန်ဘက်တွေ မဟုတ်ကြပေ။ မိတ်ဆွေတို့ဖြစ်ကြသည်။ လစ်ဘရယ်ဒီမိုကရေစီသမားတို့ ပါဝင်လှုပ်ရှားနိုင်သည်။

ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးတွင် Clearing the Deck ဟုခေါ်သော ကုန်းပတ်ရှင်းရသောအလုပ်ရှိသည်။ ကုန်းပတ်ရှင်းသည်ဆိုသည်မှာ သင်္ဘောရွက်တိုက်မလွှင့်မီ ကုန်းပတ်ရှင်းရခြင်းဖြစ်သည်။ နိုင်ငံရေးစနစ်တစ်ရပ်သို့ အသွင်ကူးပြောင်းရာ၌လည်း ပေါ့ပေါ့ပါးပါး ချောင်ချောင်ချိချိရှိသော အခြေအနေတို့ကို ၀န်းကျင်အဖြစ် ဖန်တီးပေးထားရန်လိုသည်။

နိုင်ငံရေးလိုအပ်ချက်
နိုင်ငံရေးစနစ်အသွင်ကူးပြောင်းရေးအတွက်ဖြစ်စေ၊ လမ်းပြမြေပုံ ဆောင်ရွက်ပြီးစီးသည့် အထိမ်းအမှတ်ဖြစ်စေ သင်ပုန်းချေရသောအလုပ် Clean State ပြုရသည်။ အာဃာတမထား သင်ပုန်းချေခြင်းသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ငြိမ်းချမ်းစေသည်။ ကြိုးကိုင် ဒီမိုကရေစီကို ထူထောင်သူတို့သည် သဘောထားကြီးမှုကိုပြ၍ မိမိမစ်ရှင်ကို အဆုံးသတ်ပြရန်လိုသည်။ နောက်ပေါ်မည့် နိုင်ငံရေးစနစ်က ပြီးခဲ့သောစနစ်ဟောင်းကို ရန်ညှိုးမထားရန် လိုသည်။ ဆိုလိုရင်းမှာ အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာဖြစ်ပေါ်စေရန် ဖြစ်သည်။ ရှုံးသူမရှိ။ အားလုံးနိုင်သူ (Win-Win) ဂိမ်းမျိုး ကစားဖို့ဖြစ်သည်။


ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မိ ကုန်းပတ်ရှင်းခြင်း၊ တစ်နည်းပြောလျှင် သင်ပုန်းချေခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နိုင်ငံရေးအရ လိုအပ်ချက်ဖြစ်သည်ဟု ယူဆမိသည်။ ခြုံပြီးပြန်ပြောရလျှင် (၁) ကြိုးကိုင်ဒီမိုကရေစီ၌ လစ်ဘရယ်ဒီမိုကရေစီအတွက် စပေ့စ် Space ရှိသည်။ (၂) သင်ပုန်းချေရေးသည် အသွင်ကူးပြောင်းရေးအတွက် နိုင်ငံရေးလိုအပ်ချက်ဖြစ်သည်။
----------------------------------
မောင်စူးစမ်း (၂၂-၈-၂၀၀၉)
----------------------------------
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics