Monday, August 31, 2009

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ကြေညာချက်အမှတ် (၁/၂၀၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ကြေညာချက်အမှတ် (၁/၂၀၀၉) ကို ၂၀၀၉ ခုနှစ်၊ သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
ကြေညာချက်အမှတ် (၁/၂၀၀၉)
၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်
(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်)


၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့မှစ၍ ဥပဒေဘောင်အတွင်း ၀င်ရောက်ခဲ့ပါသည်။ အဆိုပါနေ့ရက်မှ ယခုအချိန်ထိ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလျက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုးကန့်ဒေသသည် ယခင်ကာလများနှင့်မတူဘဲ အထူးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြည်သူလူထုအနေဖြင့် လွန်စွာစိတ်ချမ်းမြေ့ခဲ့ကြပါသည်။ ထိုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း အသိအမှတ်ပြုပါသည်။

၂။ သို့ရာတွင် အထူးဒေသ(၁) အဖွဲ့ခေါင်းဆောင်များဖြစ်သော ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီတို့ (၄)ဦးသည် နိုင်ငံတော်မှထုတ်ပြန်ထားသော ဥပဒေများကို ချိုးဖောက်ခဲ့သည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ ဖြေရှင်းရန် ၈-၈-၂၀၀၉ ရက်နေ့မှစ၍ ညှိနှိုင်းခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိဘဲ ကိုးကန့်ဒေသမှ ရှောင်တိမ်းထွက်ခွာသွားခဲ့ကြပါသည်။

၃။ ထို့ပြင် မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်း နှစ်နိုင်ငံနယ်ခြားဂိတ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဦးဖုန်ကြားရှင်ကို သစ္စာခံသည့် ကိုးကန့်တပ်ဖွဲ့ဝင်များက ၂၇-၈-၂၀၀၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းအပေါ် ညှိနှိုင်းဖြေရှင်းသော်လည်း ပြေလည်မှုမရှိခြင်းကြောင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကိုးကန့်တပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်သဖြင့် မိမိတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး၊ ဖမ်းဆီးခံထားရသော ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးတို့အတွက် ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရပါသည်။ ထိုပစ်ခတ်မှုများသည် ၂၉-၈-၂၀၀၉ ရက်နေ့တွင် အဆုံးသတ်ခဲ့ပါသည်။

၎။ ယခုအခါ နယ်မြေအေးချမ်းနေပြီဖြစ်၍ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပုံမှန်အတိုင်း ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် အထူးဒေသ(၁) ကိုးကန့်အဖွဲ့မှ အသစ်ဖွဲ့စည်းလိုက်သော ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

၅။ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ဥပဒေဖောက်ဖျက်ကျူးလွန်မှုများမှာ အထက်ပါ ပုဂ္ဂိုလ်(၄)ဦးနှင့်သာ သက်ဆိုင်ပြီး ကျန်လူများနှင့် မသက်ဆိုင်ပါ။ ထို့ပြင် ပစ်ခတ်မှုများတွင် ဥပဒေဖောက်ဖျက်ကျူးလွန်သူ မဟုတ်ဘဲ တစ်ဖက်သတ်အမိန့်အရ လိုက်ပါဆောင်ရွက်ရသော တပ်ဖွဲ့ဝင်များအနေဖြင့် မသိ/နားမလည်ဘဲ လိုက်ပါဆောင်ရွက်ခဲ့ရကြောင်း သိရှိနားလည်သဘောပေါက်ပါသည်။ ထို့ကြောင့် မသိ/နားမလည်ဘဲ ဆောင်ရွက်ခဲ့ကြသူ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားဥပဒေဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုမည်ဖြစ်၍ ကိုးကန့်တပ်ဖွဲ့ဝင်များအနေဖြင့် လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီသို့ ဆက်သွယ်ဝင်ရောက်ကြရန် ကြေညာလိုက်သည်။
အမိန့်အရ
(ပုံ) သန့်ရှင်း
ဗိုလ်မှူးကြီး
အတွင်းရေးမှူး
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
Source: ၃၀-၈-၂၀၀၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။

No comments:

Post a Comment

 
Web Statistics