Monday, August 31, 2009

တစ်ယောက်တည်း ဂေါက်သီးကစားခြင်း - ကျော်စွာ


ဂေါက်သီးကစားခြင်းသည် ထူးဆန်းသောအားကစားတစ်မျိုးဖြစ်ပါသည်။ အားကစားအတော်များများမှာ နှစ်ဦးနှစ်ဖက် ရှိမှသာ ကစားနိုင်သော ကစားနည်းဖြစ်သော်လည်း ဂေါက်သီးကစားနည်းမှာမူ တစ်ယောက်တည်းရှိလည်း ကစား၍ရသော ကစားနည်းဖြစ်သည်။

ဂေါက်သီးကစားနည်းမှာ အလွန်ရိုးစင်းပါသည်။ တီခုံပေါ်မှ ဘောလုံးကို ရိုက်ထုတ်သွားပြီး Green ဟု သတ်မှတ်ထားသော ကျင်းထဲသို့ ဘောလုံးကိုဝင်အောင် သွားထည့်ခြင်းသာဖြစ်သည်။ ကွင်းအရှည် အမျိုးမျိုးထားရှိပြီး သုံးချက်နှင့် ၀င်ရမည်ဟု သတ်မှတ်ထားသောကျင်း၊ လေးချက်နှင့် ၀င်ရမည်ဟု သတ်မှတ်ထားသောကျင်း၊ ငါးချက်နှင့် ၀င်ရမည်ဟု သတ်မှတ်ထားသောကျင်းဟူ၍ သုံးမျိုးရှိသည်။ သုံးချက်၊ လေးချက်၊ ငါးချက်ဆိုသည်များမှာ သတ်မှတ်ရိုက်ချက်ဖြစ်ပြီး ၀င်အောင်ရိုက်နိုင်လျှင် ပါ (Per) ရသည်ဟုခေါ်သည်။ ထိုသတ်မှတ်ချက်ရှိနေသောကြောင့် တစ်ယောက်တည်းကို သတ်မှတ်ချက်အတွင်း သတ်မှတ်ရိုက်ချက်အတိုင်းဝင်အောင် ရိုက်ကစားနိုင်သောကြောင့် တစ်ယောက်တည်းကစား၍ ရသော ထူးခြားသောကစားနည်း ဖြစ်နေခြင်းပင်။ စုစုပေါင်း ကိုးကျင်း သို့မဟုတ် ၁၈ ကျင်း ရိုက်ပြီး သတ်မှတ်ရိုက်ချက်ထက် မည်ရွေ့မည်မျှ လျှော့၍ရိုက်နိုင်သည်။ သို့မဟုတ် သတ်မှတ်ရိုက်ချက်နှင့် ကွက်တိဖြစ်သည် သို့မဟုတ် မည်မျှပိုသည်ဟု နှိုင်းယှဉ်ကြည့်ရခြင်းဖြစ်ပေသည်။

တစ်ယောက်တည်းကစား၍ တစ်နေ့ထက်တစ်နေ့ ရိုက်ချက်လျော့အောင် လက်သွေးနိုင်သော ကစားနည်းဖြစ်သော်လည်း တစ်ဖက်တွင်လည်း တစ်ယောက်တည်း ကစားရသည်မှာ ပျင်းစရာကောင်းသောကြောင့် နှစ်ဦး၊ သုံးဦး၊ လေးဦး ကစားခြင်းက ပို၍ခေတ်စားသည်ကို တွေ့ရသည်။ ထိုအခါမျိုးတွင် တစ်ဦးနှင့်တစ်ဦး ရိုက်ချက်များယှဉ်၍ အနည်းဆုံးသူ ဖြစ်အောင် ကြိုးစားကြရသည်။ ထိုအခါ ကစားပွဲ၏ ရည်ရွယ်ချက်သည်လည်း တစ်ယောက်တည်း ကစားခြင်းနှင့် မတူတော့ဘဲ တစ်မျိုးပြောင်းသွားသည်ကို တွေ့ရသည်။

ဂေါက်သီးကို တစ်ယောက်တည်း ကစားရာတွင် ယှဉ်ပြိုင်မှုသဘောတရားသည် မနေ့ကမိမိနှင့် ဒီကနေ့မိမိ ယှဉ်ပြိုင်ရခြင်း ဖြစ်သော်လည်း အဖွဲ့လိုက်ကစားရာတွင် မိမိနှင့် အခြားသူများ ယှဉ်ပြိုင်သည့် သဘောတရားသို့ ပြောင်းသွားသည်ကို တွေ့ရသည်။ ထိုသို့ အခြားသူများနှင့် ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရေးကိစ္စပါလာသောကြောင့် ဤကိစ္စကိုမူတည်၍ ပြက်လုံးတစ်ခုပေါ်လာခဲ့သည်ကို တွေ့ရသည်။ ပြက်လုံးဟုဆိုသော်လည်း အဖွဲ့လိုက် ဂေါက်သီးကစားရာတွင် ဤသဘောတရားကို မကြာခဏတွေ့ရတတ်သည်။ အထူးသဖြင့် လောကတွင် အနိုင်ရရှိရေး အရေးကြီးသည်ဟု ခံယူသူတစ်ဦးဦး ပါလာလျှင် ဤကိစ္စများစွာ သိသာလာသည်ကို တွေ့ရသည်။

အဆိုပါပြက်လုံးမှာ ကိုယ်ကောင်းဖို့မလို၊ သူပျက်ဖို့သာလိုသည် ဆိုသော ပြက်လုံးဖြစ်သည်။ ဆိုလိုသည်မှာ မိမိအချက်ရေ များသွားသည့်တိုင် သူတစ်ပါးက မိမိထက်ပို၍ အချက်ရေများခဲ့လျှင် အနိုင်ရနိုင်သေးသောကြောင့် ဖြစ်သည်။

စာရေးသူတို့၏ လူ့ဘ၀ဇာတ်ခုံပေါ်တွင်လည်း အလားတူပင် ဖြစ်ပါသည်။ ဘ၀ဆိုသည်မှာ ခရီးရှည်ပြိုင်ပွဲကြီးတစ်ခုဖြစ်ရာ ထိုပြိုင်ပွဲကြီးတွင် တစ်ယောက်တည်း ဂေါက်သီးရိုက်တတ်သူများ ရှိသကဲ့သို့ သူတစ်ပါးနှင့် ယှဉ်ပြိုင်ကစားနေသူများလည်း ရှိပါသည်။ သူတစ်ပါးနှင့် ယှဉ်ပြိုင်နေသူများတွင်လည်း မိမိကိုယ်ကို ကောင်းအောင်ကြိုးစားနေသူများနှင့် ကိုယ်ကောင်းဖို့မလို သူပျက်ဖို့သာ လိုသည်ဟု သဘောထားနေသူများလည်း ရှိပါသည်။ နိုင်ငံရေးနှင့် ပတ်သက်သော နယ်ပယ်တွင် အာဏာ သို့မဟုတ် သြဇာ စသည်များမှာ အမြင့်မားဆုံး သဘောတရားရှိသောကြောင့် ထိုနယ်ပယ်တွင် သူပျက်ဖို့ အလို့ငှာ အသက်ကိုပင် လုပ်ကြံသည်အထိ တွေ့ရခြင်းဖြစ်ပေသည်။

ပညာရှင်တစ်ဦးကမူ ထိုသဘောတရားသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူညီနိုင်၊ အမျိုးသားစရိုက်လက္ခဏာများ ဆိုရာတွင် ပူးပေါင်းဆောင်ရွက်မှု အနိမ့်အမြင့်သည် လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကောင်းဖို့မလို သူပျက်ဖို့သာလိုသည်ဟု သဘောထားသူ မည်မျှများပြားသနည်းဆိုသော အချက်ပေါ်တွင် မူတည်သည်ဟု မှတ်ချက်ပေးဖူးပါသည်။ စာရေးသူ၏ မိတ်ဆွေရင်း အယ်ဒီတာတစ်ဦးက မြန်မာတို့သည် အာဇာနည်နေ့ကို နှစ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ကြသည့်တိုင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကို ယနေ့တိုင် သင်ခန်းစာ မယူနိုင်ကြသေးပါဟု သုံးသပ်ခဲ့ပါသည်။ စာရေးသူ၏ဆန္ဒမှာ ဖြစ်နိုင်လျှင် မြန်မာနိုင်ငံသားအားလုံးကို တစ်ယောက်တည်း ဂေါက်သီးရိုက်သူများအဖြစ်သာ မြင်တွေ့လိုခြင်း ဖြစ်ပါသည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics