Tuesday, September 01, 2009

ဂျာနယ်ဖတ်ပြီး အတွေးပွားခြင်း


ဒီအပတ် Weekly Eleven News ဂျာနယ်ဖတ်ရင်းနဲ့ တစ်နေရာမှာ ဖတ်မိတာတစ်ခုကြောင့် စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ စာမျက်နှာ ၆ မှာ Advertisement ဆိုပြီး ဖော်ပြထားတဲ့ ကြော်ငြာဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဖြစ်ပွားထားတဲ့ အများသိပြဿနာနဲ့ပတ်သက်ပြီး Eleven ကနေ ထပ်ပြီး အသိပေးရှင်းလင်းတာလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် ရေးထားတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ အဓိပ္ပါယ်တွေအများကြီး ထွက်နေတယ်လို့ ထင်မိပါတယ်။ ဂျာနယ်မှာ အပတ်စဉ်ပါနေတဲ့ ဆောင်းပါးတွေကြောင့် Eleven News ဂျာနယ်တွေကို အပတ်စဉ် ကျွန်တော်ဝယ်ဖတ်ဖြစ်ပါတယ်။ အင်တာနက်မှာ အခမဲ့ဖတ်လို့ရနေတဲ့ အခွင့်အရေး၊ ဖတ်နိုင်တဲ့အခြေအနေလည်း ရှိနေပါလျက်နဲ့ အထဲမှာပါတဲ့ ဆောင်းပါးတွေကို သိမ်းဆည်းထားချင်တဲ့အတွက်ကြောင့်ကို အပတ်စဉ် ပိုက်ဆံအကုန်ခံပြီး ၀ယ်ဖတ်နေတာပါ။ ဒါတွေကို ပြောနေရတာက အကြောင်းရှိပါတယ်။ မကြာခင်ကဖြစ်ပွားခဲ့တဲ့ Eleven Media Group နဲ့ AT&S Co.,Ltd. တို့ဖြစ်ပွားခဲ့တဲ့ ပြဿနာကို နည်းနည်းလေး ဘ၀င်မကျလို့ပါ။ ဘယ်သူမှားတယ်မှန်တယ် ဆိုတာတွေကို ကျွန်တော်နားမလည်ပါ။ ကာယကံရှင်တွေကိုယ်တိုင်သာ သိပါလိမ့်မည်။ တရားဥပဒေအရ ဖြေရှင်းကြပါလိမ့်မည်။ သို့သော် Eleven ဂျာနယ်များတွင် အဆိုပါပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းအသိပေးကြေညာချက်များကို ဖတ်ရတာကတော့ အတော်ကို ကသိကအောက်ဖြစ်ရပါသည်။ အချို့သောစကားလုံးများသည် ၀ါးလုံးရှည်နှင့် အားလုံးကို သိမ်းရိုက်သလို ဖြစ်နေသည်ဟု ထင်ပါသည်။ ထို့အတူ ငါဆိုသော အစွန်းတွေပါနေသည်ဟု မြင်မိပါသည်။ ပုံမှန်အားဖြင့် ဘာမှမထူးဆန်းဟု ဆိုသော်လည်း ကျွန်တော့်အတွက်တော့ အတော်ကို စိတ်ဝင်စားစရာဖြစ်ပါသည်။ ကျွန်တော့်အတွက် တကယ့်ကို တွေးစရာပြဿနာဖြစ်နေပါသည်။ အခြားမဟုတ်ပါ။ လူကသတ်သတ်၊ စီးပွားရေး(ဂျာနယ်)ကသတ်သတ်လား ဟူသော မေးခွန်းဖြစ်ပါသည်။

အင်မတန်မှ ကြုံတောင့်ကြုံခဲ ရံဖန်ရံခါများတွင် Eleven News ဂျာနယ်များ၌ နိုင်ငံရေးနှင့်ပတ်သက်သည့် တိုက်တွန်းချက်များ၊ အကြံပြုချက်များကို ဖတ်ရလေ့ရှိပါသည်။ စာမျက်နှာ ၂ လိုနေရာမျိုးတွင် လေးထောင့်ဘောင်ခတ်ပြီး ဂျာနယ်၏ သဘောထား၊ အမြင်၊ အကြံပြုချက်၊ တိုက်တွန်းချက်အဖြစ် ရေးသားခြင်းဖြစ်မည်ဟု ထင်ပါသည်။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းသော၊ အဖိုးတန်သော အကြံဉာဏ်များကို ဖတ်ခဲ့ရပါသည်။ မှတ်ခဲ့ရပါသည်။

ထို့အတွက် ယခုဖြစ်ခဲ့သောပြဿနာသည် နှစ်ဖက်စလုံးအတွက် Win-Win လား၊ Lose-Lose လား၊ Win-Lose လား ဆိုတာကို ကိုယ့်ဘာသာကိုယ် တွေးနေမိပါသည်။ ယခုအပတ်ထုတ်တွင် ပါဝင်သောကြော်ငြာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကြော်ငြာရှင်များနှင့် အများသိစေရန်
၁။မိမိတို့ Eleven Media Group အနေနှင့် AT&S ကုမ္ပဏီနှင့်ပတ်သက်၍ ကြေညာချက်များ ထည့်သွင်းခဲ့ရခြင်းမှာ AT&S ကုမ္ပဏီအပါအ၀င် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေလိုခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။ ဤကိစ္စရပ်မှာလည်း AT&S ကုမ္ပဏီ၏ ၂၇-၇-၂၀၀၉ နေ့စွဲပါ Weekly Eleven News Journal အယ်ဒီတာချုပ်ထံ ပေးပို့သော ကြော်ငြာခငွေကို ပေးချေလိုခြင်းမရှိပါကြောင်း အကြောင်းကြားစာမှ အစပြုခဲ့ခြင်းဖြစ်ပါသည်။
၂။ပုဂ္ဂလိကသတင်းမီဒီယာ (ဂျာနယ်၊ မဂ္ဂဇင်း) များ၌ ကြော်ငြာထည့်သွင်းကြသော ကြော်ငြာရှင်အများစုမှာ မိမိတို့ ကုန်ပစ္စည်းများ ရောင်းချရရေးအတွက် ပရော်ဖက်ရှင်နယ်ပီသစွာ ကြော်ငြာထည့်သွင်းလေ့ရှိကြသော်လည်း အချို့မှာ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းအချို့အပေါ်၌ နိုင်ထက်စီးနင်း ပြုမူခဲ့ကြပါသည်။ ထို့အပြင် ကြော်ငြာသည် ကြော်ငြာ၊ သတင်းသည် သတင်းဆိုသော စည်းကို ချိုးဖောက်ခဲ့သလို အချို့ဂျာနယ်များမှာ ကြော်ငြာခငွေမရဘဲ ဆုံးရှုံးမှုများကို ခေါင်းငုံ့ခံခဲ့ရပါသည်။
၃။မိမိတို့ Eleven Media Group သည် သတင်းမီဒီယာတစ်ခုအနေဖြင့် ရပ်တည်ချက်များကို ထိခိုက်နိုင်မည့်ကိစ္စများကို လက်မခံနိုင်ပါ။ ထို့ပြင် စီးပွားရေးလောကအတွင်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော မမျှတမှု၊ ဥပဒေကို လက်တစ်လုံးခြားပြုမူမှု၊ တရားပိုင်းဆိုင်ရာ အားနည်းချက်အပေါ် အခွင့်ကောင်းယူကာ လုပ်ဆောင်မှုတို့အား ပြင်ဆင်သွားကြစေလိုသည့် ဆန္ဒရှိပါသည်။
၎။သတင်းမီဒီယာတစ်ခုသည် ငွေကြေးအားဖြင့် စာဖတ်ပရိသတ် အားပေးမှုနှင့် ကြော်ငြာရှင်တို့အပေါ်၌ ရပ်တည်ရသည်မှာ ငြင်း၍မရနိုင်ပါ။ သမာသမတ်ကျသော စာဖတ်ပရိသတ်များနှင့် ကြော်ငြာရှင်များသည် စတုတ္ထမဏ္ဍိုင် တောင့်တင်းခိုင်မာအောင် ကူညီကြသူများ ဖြစ်ပါသည်။ Eleven Media Groupသည် နောင်လာမည့် အနာဂတ်တွင် တောင့်တင်းခိုင်မာသည့် စတုတ္ထမဏ္ဍိုင်ဖြစ်ပေါ်ရေးကို အလေးအနက်ထားသလို စတုတ္ထမဏ္ဍိုင်သည် နိုင်ငံရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် အမှီခိုကင်းရေးမှာ အရေးပါသည်ဟု ခံယူပါသည်။
၅။AT&S ကုမ္ပဏီနှင့်ဖြစ်ပွားခဲ့သောဖြစ်ရပ်မှာ သတင်းမီဒီယာတစ်ခု၏ ရပ်တည်ချက်ဂုဏ်သိက္ခာအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ AT&S ကုမ္ပဏီအနေဖြင့် ကြော်ငြာငွေများ ပေးချေလိုခြင်းမရှိပါကြောင်း အကြောင်းကြားစာကို ပြန်လည်ရုပ်သိမ်းပြီးက စွဲဆိုထားသည့်အမှုများ ရုပ်သိမ်းပေးမည်ဖြစ်ပြီး အများပြည်သူတို့ အခြားထင်ယောင်ထင်မှားဖြစ်မှုများ ဖြစ်ခဲ့ပါက ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Eleven Media Group Co., Ltd.

No comments:

Post a Comment

 
Web Statistics