Tuesday, September 22, 2009

ကျွန်တော်တွေးမိသလို ပြောဆိုပါမည် - ကိုဉာဏ် (ပန်းလောင်မြေ)


အခုရက်ပိုင်းကာလတွေမှာ ကျွန်တော်ဖတ်မိတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ စာအုပ်တွေဟာ အတော်လေးကို တွေးစရာတွေပေးတယ်လို့ ဆိုရပါလိမ့်မယ်။ တစ်ခါတစ်လေကျတော့လည်း အခြားလူတွေအတွက် ဘာမှမဖြစ်သလို အေးအေးဆေးဆေး ဖြစ်နေပေမယ့် ငါ့အတွက်ကျမှ ဘာကိစ္စလာပြီး မေးခွန်းတွေဖြစ်နေရသလဲ၊ တွေးစရာတွေ ဖြစ်နေရသလဲလို့ စဉ်းစားမိတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်တော်တွေးမိသလို ရေးချလိုက်ပါပြီ။ အခုစာဖတ်သူအနေနဲ့ သဘောထားမတူတာတွေရှိသလို၊ စိတ်သဘောထားချင်း တိုက်ဆိုင်တာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပို့စ်ကိုဖတ်ပြီး တစ်ခုခုများ ပြောစရာရှိခဲ့ရင်၊ ဝေဖန်စရာရှိခဲ့ရင် ကွန်းမန့်ရေးပြီးတော့သော်လည်းကောင်း၊ စီဘောက်မှာ အော်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ကျွန်တော့်အီးမေးလ် nyanmyokyaw@gmail.com ကို မေးလ်ပို့ပြီးသော်လည်းကောင်း ဆွေးနွေးပြောဆိုနိုင်ပါကြောင်း။

(၁)
ပထမဆုံးအနေနဲ့ စိတ်အ၀င်စားမိဆုံး သတင်းတစ်ပုဒ်နဲ့ စချင်ပါတယ်။ အရှေ့ဥရောပမှာ ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်မယ့်အစီအစဉ်ကို အမေရိကန်က ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပါ။ အဲဒီသတင်းအပေါ် နိုင်ငံအသီးသီးက ပညာရှင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေက မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။ ကျွန်တော့်အမြင်အရတော့ ကောင်းတဲ့လက္ခဏာတစ်ရပ်လို့ ရှုမြင်ပါတယ်။ ပထမဆုံးအနေနဲ့ အမေရိကန်အနေနဲ့ ဘာကြောင့်များ သူတို့သေချာအစီအစဉ်ရေးဆွဲထားတဲ့ ဒီအစီအစဉ်ကို ဖျက်သိမ်းရပါလိမ့်ဆိုတဲ့ မေးခွန်းဟာ အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအတွက်အဖြေကို မစဉ်းစားခင်မှာ အခြားသောအကြောင်းတွေကို ကျွန်တော်စဉ်းစားမိပါတယ်။ လက်ရှိ အမေရိကန်အစိုးရဟာ ဟိုဝင်ပါ ဒီဝင်ပါနဲ့ ဖြစ်လာသမျှ အရှုပ်အထွေး၊ ပြဿနာတွေကို ဖြေရှင်းနေရတာ မနည်းဘူးလို့ မြင်မိပါတယ်။ ပထမဆုံး အီရတ်နိုင်ငံအရေး၊ နောက် အာဖဂန်နစ္စတန်မှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ ကျဆုံးမှုတွေ၊ အခုဆိုရင် အာဖဂန်ရွေးကောက်ပွဲကိစ္စကလည်း ခေါင်းခြောက်စရာဖြစ်နေပါပြီ။ သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ ထောက်ခံခဲ့တဲ့ ဟာမစ်ကာဇိုင်းကို အမေရိကန်နဲ့ အပေါင်းပါ အနောက်နိုင်ငံတွေက မလိုလားတဲ့ အရိပ်အယောင်တွေ ပြနေတာ အထင်အရှားဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေချိန်မှာပဲ မြောက်ကိုရီးယားနဲ့ အီရန်ကလည်း နျူကလီးယားပုစ္ဆာတွေနဲ့ အမေရိကန်ကို ခေါင်းခြောက်စေခဲ့ပြန်ပါတယ်။ အခြားတစ်ဖက်မှာ ကြည့်တော့လည်း သူတို့ကိုယ်တိုင် နှစ်ရှည်လများ အကာအကွယ်ပေးလာခဲ့တဲ့ အစ္စရေးက အမေရိကန်ပြောသမျှကို လက်မခံချင်တဲ့ အမူအရာတွေ ပေါ်ပေါ်တင်တင်ကို ပြောလာပြလာခဲ့ပါတယ်။ ဒါတွေဟာ အမေရိကန်ရဲ့ပြင်ပကမ္ဘာမှာ အမေရိကန် ရင်ဆိုင်ဖြေရှင်းနေရတဲ့ အရေးကိစ္စတွေထဲက အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ပြည်တွင်းကိုကြည့်ရင်လည်း ပထမဆုံးအနေနဲ့ စီးပွားရေးအကျပ်အတည်းကို လွန်မြောက်အောင် နည်းလမ်းပေါင်းစုံနဲ့ ရုန်းကန်နေရတာ၊ အလုပ်လက်မဲ့နှုန်း ကျမသွားတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အတွက် အကြီးအကျယ် ဝေဖန်ခံနေရ၊ ကန့်ကွက်ခံနေရတာတွေ စသည်ဖြင့် အများကြီးပါပဲ။ ဒါတွေက အမေရိကန် ကြုံတွေ့နေရတဲ့ဖက်ကပါ။

နောက်တစ်ချက်က အထက်မှာပြောခဲ့တဲ့ အရှေ့ဥရောပမှာ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့တဲ့ ရုရှားနိုင်ငံနဲ့ ပတ်သက်တဲ့အနေအထားပါ။ သတိထားမိသလောက်ကတော့ အဲဒီလို အရှေ့ဥရောပမှာ ဒုံးကျည်ကာကွယ်ရေးစနစ်တပ်ဆင်မှာကို ခါးခါးသီးသီးနဲ့ ကြုံရင်ကြုံသလို ပြောဆိုဝေဖန် ကန့်ကွက်တဲ့လူဟာ သမ္မတဟောင်းနဲ့ ယခုလက်ရှိ ၀န်ကြီးချုပ် ဗလာဒီမာပူတင်ပါ။ လက်ရှိ တစ်ကမ္ဘာလုံးက နိုင်ငံရေးပညာရှင်တွေ ယူဆနေကြတဲ့အတိုင်းပဲ ရုရှားနိုင်ငံရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေကို ကြိုးကိုင်ချမှတ်နေသူဟာ ပူတင်ဖြစ်တယ်ဆိုတာဟာ ဟုတ်များဟုတ်နေမလားဆိုပြီး တွေးစရာတွေက အများကြီးဖြစ်ပါတယ်။ နိုင်ငံတကာမျက်နှာစာမှာ သမ္မတမက်ဒီဗက်ထက် ပူတင်ကသာ လွှမ်းမိုးနေတာကလည်း အဓိကအကြောင်းအချက်တစ်ခုဖြစ်ပါတယ်။ ရုရှားလို့ ဆိုလိုက်တာနဲ့ ပူတင်ကိုသာ ပြေးမြင်တတ်ကြပါတယ်။ ဒါ့အပြင် မကြာသေးမီက နောက်ဆုံးထွက်လာခဲ့တဲ့ သတင်းတွေအရ ပူတင်အနေနဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပြန်လည်အရွေးခံမယ်ဆိုတဲ့ အကြောင်းကလည်း အမေရိကန်တို့ အနေနဲ့ စဉ်းစားစရာတွေဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ အမေရိကန်တို့အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပူတင်ကို လျစ်လျူရှုထားလို့ မရသေးတာကတော့ အသေအချာပါပဲ။ အမေရိကန်နဲ့ ပတ်သက်ရင် အမြဲတစေ တင်းမာတဲ့သဘောထားတွေကို ပြသလေ့ရှိတဲ့ ပူတင်ဟာ မကြာမီကာလမှာ တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ ကမ္ဘာ့ပါဝါချိန်ခွင်လျှာကို ပြန်ပြီးညီမျှအောင် ဆောင်ရွက်ပေးနိုင်မယ့် ရုရှားသူရဲကောင်း ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမယ့် နိုင်ငံရေးပြဇာတ်တစ်ပုဒ်ဖြစ်ပါတယ်။ အခုကိစ္စမှာ အများယူဆနေကြသလို အမေရိကန်ဟာ ရုရှားကို အလျှော့ပေးလိုက်တာတော့ ဟုတ်ဟန်မတူဘူးလို့ ကျွန်တော်တွေးနေမိပါတယ်။

(၂)
နောက်ထပ်တွေးမိတဲ့ အကြောင်းအရာကတော့ လက်ရှိ မြန်မာနိုင်ငံမှာ လူပြောအများဆုံး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို နိုင်ငံရေးလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဘာပဲပြောပြော အရင်ကထက်စာရင် မြန်မာအများစုဟာ နိုင်ငံရေးအပေါ် စိတ်ဝင်စားလာတာတော့ အသေအချာပဲဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ တွေ့ဆုံမေးမြန်းခန်းတွေကို စိတ်ဝင်တစားနဲ့ နားစွင့်ကြ၊ ရှာဖွေဖတ်ရှုကြ လုပ်လာကြပါတယ်။ အရင်က ဘယ်သူပဲတက်တက် ငါတို့တွေ ထမင်းနပ်မှန်ဖို့ပဲလိုတယ်ဆိုတဲ့ လူတချို့တောင်မှ အတွေးအမြင်တွေပြောင်းလာတာ တွေ့နေရပါတယ်။ ဒါဟာ တကယ့်ကို ၀မ်းသာစရာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်စာစောင်တွေမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို အများကြီးဖတ်လာရပါတယ်။ အရင်တုန်းက ဘယ်မှာရှာဖတ်ရမှန်းတောင်မသိတဲ့ အကြောင်းအရာတွေ၊ သုံးသပ်ချက်တွေ၊ သဘောထားအမြင်တွေကို တရားဝင်ထုတ်ဝေနေတဲ့ စာစောင်တွေမှာ တ၀ကြီးဖတ်လာရတာဟာ ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုအပြောင်းအလဲပေါ်မှာ အမြတ်ထုတ်ပြီး နိုင်ငံရေးအသိတွေ မြင့်မားလာအောင် ကြိုးစားသင့်ကြပါတယ်။ နိုင်ငံရေးဆိုတဲ့ ကိစ္စဟာ နိုင်ငံရေးသမားတွေ၊ ပါတီတွေသာ လုပ်တဲ့အလုပ်ပဲဆိုတဲ့ အတွေးအမြင်တွေကို ပယ်ဖျောက်ပြီး နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို နားလည်အောင် တတ်ကျွမ်းနားလည်သူ ပညာရှင်တွေက ၀ိုင်းဝန်းကြိုးပမ်းသင့်ကြတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

ဒီနေရာမှာ အဓိကအကျဆုံးလို့ ကျွန်တော်ယူဆတာကတော့ စာရေးဆရာတွေပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူထုအနေနဲ့ ကိုယ်သိချင်တဲ့ အကြောင်းအရာကဏ္ဍကို စုံလင်အောင်သိခွင့်ရတာဆိုလို့ စာပေကနေတစ်ဆင့်ပဲ ရှိသေးတယ်လို့ မြင်လို့ပါ။ အခုတလော ကျွန်တော်ဖတ်ခဲ့ရတဲ့ အကြောင်းအရာတွေအပေါ်မှာ မူတည်ပြီး ကျွန်တော်ကောက်ချက်ချရရင် အခြေအနေမကောင်းဘူးလို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို တ၀ကြီးဖတ်ရမယ်လို့မှ မကြံသေးဘူး အချင်းချင်းက စောင်းမြောင်းကုန်ကြပါပြီ။ ငါနှင့်မတူ ငါ့ရန်သူဆိုတဲ့ သဘောတွေကို အထင်အရှားကို မြင်နေရပါပြီ။ ကိုယ်တွေက နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို သိချင်တဲ့အတွက် ဖတ်ခါမှ သူတို့တွေ အပြန်အလှန် အပြစ်ဖို့နေကြတာတွေ၊ အပြန်အလှန် ပုတ်ခတ်နေကြတာတွေ ဖတ်နေရတာ အင်မတန်မှကို စိတ်ဆင်းရဲစရာကောင်းပါတယ်။ သူလည်းသူ့အမြင်ရှိသလို၊ ကိုယ်လည်း ကိုယ့်အမြင်ရှိမှာပါပဲ။ တစ်ဦးနှင့်တစ်ဦးဟာ အယူအဆ၊ အတွေးအခေါ်၊ ယုံကြည်ချက် တူချင်မှ တူနိုင်ပါလိမ့်မယ်။ မတူတာကလည်း သဘာဝပဲ ဖြစ်ပါတယ်။ အဲဒီလို မတူတဲ့အတွက် သူ့ရဲ့ အယူအဆအပေါ်မှာ ကိုယ်က ဘယ်လိုဖြစ်လို့ သဘောမတူတဲ့အကြောင်း၊ ဘယ်နေရာတွေကို မကြိုက်တဲ့အကြောင်း ဝေဖန်ပြောဆိုတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အဲဒီလို ဝေဖန်မှလည်း မတူညီတဲ့ အမြင်တွေကနေ အကောင်းဆုံးဆိုတာတွေ ပေါ်ထွက်လာနိုင်မှာ ဖြစ်ပါတယ်။ အခုတော့ အယူအဆကိုတင် မဟုတ်တော့ဘဲ ငယ်ကျိုးငယ်နာတွေဖော်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေ ပြုလုပ်လာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ မြင်ပါတယ်။ အနောက်နိုင်ငံက ပညာရှင်တွေ မှတ်ချက်ပေးသလို မြန်မာလူမျိုးတွေဟာ စုပေါင်းလုပ်ဆောင်ဖို့ အင်မတန်ခက်ခဲတယ်ဆိုတာကြီး မမှန်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတော့မယ်နဲ့ တူပါတယ်။ ပုဂ္ဂိုလ်ရေးတွေ ဘေးဖယ်ထားပြီး နိုင်ငံ့အရေးတွေကို ဦးစားပေးကြပါဦးလို့ ပညာရှင်ပုဂ္ဂိုလ်ကြီးတွေကို တောင်းပန်ချင်ပါတယ်ဗျာ။

(၃)
ဒီတစ်ခါ ထပ်တွေးမိတာက ကျွန်တော်ဝါသနာပါတဲ့ ဘောလုံးအကြောင်းပါ။ မြန်မာနေရှင်နယ်လိဂ်အကြောင်း ဆိုပါတော့။ မြန်မာနေရှင်နယ်လိဂ်နဲ့ပတ်သက်ပြီး ကျွန်တော်ရေးခဲ့တဲ့ ပို့စ်တစ်ခုထဲမှာ နိုင်ငံခြားကစားသမားတွေ များပြားလာခြင်းအတွက် စိတ်ထဲမှာ အောင့်သီးအောက်သက် ဖြစ်မိတဲ့အကြောင်းပါ။ အခုလာပြန်ပါပြီ။ အစတုန်းကတော့ ကျွန်တော်တို့အသင်းဟာ ပြည်တွင်းက လူငယ်ကစားသမားလေးတွေကို မွေးထုတ်ပေးချင်တာပါ၊ အဓိကက ပြည်တွင်းက ကစားသမားတွေကို နေရာရစေချင်တာပါ၊ မြန်မာ့ဘောလုံး တိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီတာပါ၊ ကျွန်တော်တို့တွေ ဖလားရတာ မရတာက အရေးမကြီးပါဘူး စသည်ဖြင့် ပြောခဲ့ကြတာတွေ အများကြီးပါ။ အခုတော့ သူများနိုင်သွားခါမှ၊ ကိုယ့်အသင်းက အဆင့်ကောင်းကောင်းမှာ မရပ်တည်နိုင်ခဲ့တော့မှ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တော့မယ်ဆိုပြီး လုပ်လိုက်ကြတာများ သြချယူရလောက်ပါတယ်ဗျာ။ နိုင်ငံခြားကစားသမားမပါတဲ့ အသင်းဆိုလို့ ကမ္ဘောဇ တစ်သင်းသာ ကျန်တော့တဲ့အထိကို ပြောင်းလဲပစ်လိုက်ကြပါတယ်။ ခေါ်ထားတဲ့ နိုင်ငံခြားကစားသမားတွေကို ပေးရတဲ့ လစာကလည်း နည်းမှမနည်းပဲ။ သူတို့ရဲ့ အရည်အချင်းနဲ့ ထိုက်တန်တဲ့လစာကို ပေးရတယ်လို့ အကြောင်းပြတာကိုလည်း အထိုက်အလျောက် လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနေရှင်နယ်လိဂ်ဆိုပြီး ပရော်ဖက်ရှင်နယ်ဘောလုံးအဆင့်ကို ပြောင်းလဲလိုက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ ဘာလဲဆိုတာကို ကျွန်တော်ဇဝေဇ၀ါ ဖြစ်လာရပါတယ်။ မြန်မာ့ဘောလုံးတိုးတက်ဖို့အတွက်လား၊ အချို့သော ပုဂ္ဂိုလ်တွေ နာမည်ထင်ရှားလာအောင်လို့လား၊ စသည်ဖြင့် သို့လောသို့လောတွေ အများကြီးပါပဲ။

အဓိက ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဟာ အခုမှ စလုံးရေ စ အဆင့်ပဲ ရှိပါသေးတယ်။ အခုမှကူးပြောင်းတဲ့ စနစ်တစ်ခုကို အခုချက်ချင်းတူး အခုရေကြည်သောက် မလုပ်ချင်ကြပါနဲ့လို့ အကြံပြုချင်ပါတယ်။ ကိုယ်က အခုမှစတဲ့ ပရော်ဖက်ရှင်နယ်လိဂ်၊ အဲဒါကို ဟိုးအနောက်ခြမ်းက အင်္ဂလန်ပရီးမီးယားလိဂ်လိုမျိုး ဖြစ်ချင်နေရင်တော့ နည်းနည်းလေးစဉ်းစားကြပါဦးလို့သာ ပြောချင်ပါတယ်။ တစ်ခါတစ်လေမှာ အဆင့်ကျော်လှမ်းတာထက် တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း တက်သွားတာဟာ သက်သက်သာသာ၊ ဘေးရန်ကင်းကင်းနဲ့ ရည်မှန်းချက်ကို ရောက်တယ်ဆိုတာကို သတိပြုစေချင်ကြပါတယ်။ ခြေလှမ်းကျော်ပြီး တက်သွားတဲ့အခါ အပေါ်ရောက်ဖို့ မြန်တယ်ဆိုတာ မှန်ပေမယ့် မတော်လို့များ ခြေချော်သွားခဲ့ရင် ပြုတ်ကျသွားခဲ့ရင် လိုရာကို မရောက်ဘဲ လမ်းတစ်ဝက်မှာတင် တစ်နေမှာ စိုးရိမ်လို့ပါ။

အခုလည်း နိုင်ငံခြားသားနည်းပြချုပ်တွေ အလုံးအရင်းနဲ့ ၀င်လာကြပြန်ပါပြီ။ ဟိုအသင်းကလည်း တစ်ပွဲရှုံးလိုက်ရင် နိုင်ငံခြားနည်းပြခေါ်လိုက်၊ ဒီအသင်းကလည်း နှစ်ပွဲလောက်ရှုံးလိုက်တာနဲ့ နိုင်ငံခြားနည်းပြ ခေါ်လိုက်နဲ့ တကယ့်အဖြေရှာနည်း အမှန်ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်နေမိပါတယ်။ ကိုယ့်မြန်မာနည်းပြတွေကပဲ အဆင့်မမီသလို၊ အရည်အချင်းမရှိသလို ဖြစ်နေတဲ့သဘော သက်ရောက်နေတယ်လို့ မြင်မိပါတယ်။ ဟိုအရင် ဘောလုံးရွှေခေတ်က အာရှဖလားရဖူးတဲ့ မြန်မာအသင်းဟာ ဘယ်နိုင်ငံခြားသားနည်းပြကိုများ ငှားရမ်းခဲ့ပါလိမ့်ဆိုပြီး တွေးနေမိပါတယ်။

ကျွန်တော်ဟာ ရတနာပုံအသင်းကို အားပေးတဲ့ ပရိသတ်တစ်ယောက်ပါ။ အခုမြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဖလားကို ဘယ်အသင်း ရစေချင်သလဲလို့ မေးရင်တော့ ကမ္ဘောဇဆိုပြီး ကျွန်တော်ဖြေရပါလိမ့်မယ်။ ကျွန်တော့်ကို မျက်ကန်းမျိုးချစ်လို့ သတ်မှတ်ကြရင်လည်း ခံပါ့မယ်။ မြန်မာနည်းပြအဖွဲ့၊ မြန်မာကစားသမားတွေနဲ့သာ ယှဉ်ပြိုင်နေတဲ့ ကမ္ဘောဇအသင်းကို ကျွန်တော် မကြိုက်ပါဘူး။ အားမပေးပါဘူး။ ဒါပေမယ့် အဲဒီအသင်းကို ဖလားရစေချင်တာတော့ အခုအချိန်မှာ ကျွန်တော့်ရင်ထဲမှာ ဖြစ်နေတဲ့ ဆန္ဒပါ။ ကိုယ့်မြန်မာတွေလည်း မညံ့ဘူးဆိုတာကို အားလုံးသိအောင် ပြစေချင်ပါတယ်။ တကယ်လည်း ကမ္ဘောဇများ ဖလားရသွားခဲ့ရင် ကျွန်တော်အားပေးတဲ့ ရတနာပုံအသင်းအတွက် စိတ်မကောင်းဖြစ်ရပြီး ပျော်နိုင်မှာမဟုတ်ပေမယ့် ကမ္ဘောဇအသင်းအတွက်နဲ့ မြန်မာတွေအတွက်တော့ ဂုဏ်ယူနေမိမှာ အသေအချာပါပဲ။

(၄)
Weekly Eleven News ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကလည်း ကျွန်တော့်ကို အတွေးတွေ များစေခဲ့ပါတယ်။ စာရေးဆရာ ဒမ်ဘရောင်းရဲ့ The Lost Symbol စာအုပ်သစ်ဟာ စတင်ထွက်ရှိတဲ့ ၂၄ နာရီအတွင်းမှာပဲ အုပ်ရေ တစ်သန်းကျော် ရောင်းချခဲ့ရတယ်ဆိုတဲ့ သတင်းပါ။ ရိုက်နှိပ်ထုတ်ဝေတဲ့ စာအုပ်အရေအတွက်က အုပ်ရေ ငါးသန်းခြောက်သိန်း (၅၆၀၀၀၀၀) ပါတဲ့။ ကျွန်တော်လည်း ကျွန်တော့်စာအုပ်စင်မှာရှိတဲ့ မြန်မာစာအုပ်တွေကို အလိုလို လက်လှမ်းမိပါတယ်။ အများစုသော စာအုပ်တွေရဲ့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားတာက အုပ်ရေ (၅၀၀) ဖြစ်ပါတယ်။ ဆရာချစ်နိုင်(စိတ်ပညာ)နဲ့ ဒေါက်တာမတင်ဝင်း စာအုပ်တွေမှာ အုပ်ရေ (၁၀၀၀) လို့ တွေ့ရပါတယ်။ စာအုပ်တွေလိုက်ရှာရင်း ဆရာတော် ရဝေနွယ်(အင်းမ) ရဲ့ စာအုပ်တစ်အုပ်မှာ အုပ်ရေ (၁၀၀၀၀) လို့ ရှားရှားပါးပါး တွေ့ရပါတယ်။ အချစ်နဲ့ ၀ိပဿနာဆိုတဲ့ စာအုပ်ပါ။ အရင်က သတိမထားမိပါဘူး။ အခုမှ အကြောင်းတိုက်ဆိုင်လို့ ပြန်ရှာကြည့်လို့သာ အခုလို သတိပြုမိတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ တွေးစရာတွေ အများကြီးရသွားခဲ့ပါတယ်။ အများကြီးလည်း သတိပြုမိသွားခဲ့ပါတယ်။ အများကြီးလည်း သိသွားခဲ့ပါတယ်။ နားလည်သွားခဲ့ပါတယ်။ ကျွန်တော်တို့တွေ နှစ် ၅၀ လောက် နောက်ကျကျန်နေတယ်ဆိုတဲ့ အဖြေကို ခပ်ရေးရေး မြင်လိုက်ရသလိုပါပဲ။ မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ကျော်ရှိတယ်။ အုပ်ရေ တစ်သန်း(၁၀၀၀၀၀၀) ထုတ်ဝေတဲ့စာအုပ်များ မရှိဘူးလားလို့ တွေးနေမိပါတယ်။ စာဖတ်သူတွေထဲကများ သိတဲ့လူတွေရှိရင် ပြောပြပေးစေချင်ပါတယ်။

(၅)
နောက်တစ်ခုကတော့ အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်တော့်အတွက်ပြောတာပါ။ အခြားလူတွေအတွက်တော့ ကျွန်တော်မသိပါ။ တစ်ဦးနှင့်တစ်ဦး စိတ်ဝင်စားမှုချင်း မတူနိုင်ဘူးမဟုတ်လား။ အခြားမဟုတ်ပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားနိုင်ငံကို သွားရောက်တဲ့သတင်း ဖြစ်ပါတယ်။ အဲဒါများ အထူးအဆန်းလုပ်ပြီး စိတ်ဝင်စားနေသေးတယ်လို့ အပြစ်တင်မစောပါနဲ့ခင်ဗျ။ အဲဒီလို မလေးရှား နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် သွားရောက်ရတဲ့ အကြောင်းရင်းကို အရင်ပြောပါရစေဦးလား။ ဒီလိုပါခင်ဗျ။

မလေးရှားနိုင်ငံ ခရီးသွားလာရေးအစီအစဉ်များကို ဆွဲဆောင်တဲ့ အစီအစဉ်တစ်ရပ်မှာ အင်ဒိုနီးရှားနိုင်ငံက ယဉ်ကျေးမှုဖြစ်တဲ့ ဘာလီကျွန်းသူများအကကို သုံးစွဲခဲ့မှုနဲ့ ပတ်သက်လို့ပါတဲ့ဗျား။ တည့်တည့်ပြောရရင်တော့ဗျာ အင်ဒိုနီးရှားရဲ့ ဘာလီကျွန်းအကကို မလေးရှားတွေက ယူသုံးလို့ ပြဿနာတက်တယ်ဆိုပါတော့။ ယဉ်ကျေးမှုအကများ ခိုးယူခြင်းလို့ အင်ဒိုတို့က ခေါင်းစဉ်တပ်ကြသဗျ။ မလေးရှားနိုင်ငံရဲ့ ဖြေရှင်းချက်ကို အင်ဒိုနီးရှားအစိုးရက လက်ခံခဲ့ပေမယ့် အင်ဒိုနီးရှားပြည်သူအချို့ကတော့ ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါသေးသတဲ့။ အင်း… ကျွန်တော်လည်း စဉ်းစားမိတယ်။ ကျွန်တော်တို့ မြန်မာတွေရဲ့ ယဉ်ကျေးမှုအကတွေကိုများ ယူသုံးကြရင် မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေက အင်ဒိုနီးရှားလိုမျိုး ကန့်ကွက်မှုတွေ လုပ်ကြပါ့မလားပေါ့။ ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာကလည်း အတော်လေးကို သဘောကောင်းတဲ့လူမျိုးကိုဗျ။ ကိုယ့်ကို ခေါင်းခေါက်နေတာတောင်မှ မတော်တဆ လက်ဆန့်အညောင်းဖြေရင်းနဲ့ ဖြစ်သွားတာနေမှာပါလေဆိုပြီး ခွင့်လွှတ်ချင်နေတဲ့လူမျိုး၊ ကိုယ့်ကို ပါးရိုက်နေရင်တောင် သူက ခြင်နားနေလို့ ရိုက်ပေးတာဖြစ်မှာပါ၊ နည်းနည်းလေး အားအချိန်အဆ လွဲသွားတာဖြစ်မှာပါလို့ တွေးနေတဲ့ လူမျိုးတွေ ဖြစ်နေသလားလို့ပါ။

ဆိုကြပါတော့ဗျာ…. ကျွန်တော်တို့ဆီက ကျောက်ဆည်ဆင်အကကို ယိုးဒယားတွေက ယူပြီးကပြနေတယ်ဆိုရင် ဘယ်လိုများ ဖြေရှင်းကြမလဲလို့ တွေးကြည့်စမ်းပါလို့ ကျွန်တော်က မေးခွန်းပေးလိုက်ချင်ပါတယ်။ မပြောနိုင်ဘူးဗျ။ ယိုးဒယားဆိုတဲ့ကောင်က ဆင်ဆိုတာ သူတို့နိုင်ငံရဲ့ အထိမ်းအမှတ် ပြယုဂ်ဖြစ်တဲ့အတွက် ဆင်အကဆိုတာဟာ သူတို့တွေရဲ့ ဘိုးဘွားအမွေအကပါဆိုပြီး သူ့နိုင်ငံ ခရီးသွားလာရေးမြှင့်တင်မှုလုပ်ငန်းတွေမှာ သုံးလာနိုင်တယ်လို့ ကျွန်တော်က အလုပ်မရှိ ဟိုဟာသန်းရှာပြီး တွေးနေမိကြောင်းပါ။

စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပါ။ ဝေဖန်အကြံပြုမှုများကိုလည်း အမြဲတမ်း တံခါးဖွင့်ထားကြောင်းပါခင်ဗျား။

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့။
ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics