Tuesday, September 22, 2009

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ် - လူထုစိန်ဝင်း


ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်းပါးစပ်ဖျားမှာ သိးနေကြရုံသာမက၊ စာနယ်ဇင်းစာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်။ ဒါ အင်မတန် ၀မ်းသာစရာကောင်းတဲ့ ကိစ္စဖြစ်တယ်။

မစားရ၀ခမန်း
ဒီမိုကရေစီအကြောင်း ၀မ်းသာအားရပြောကြရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီဆိုတာ မဟာသြသဓ နတ်ဆေးကြီးသဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ အရာအားလုံးပြီးပြည့်စုံတဲ့ ရွှေပြည်တော်ကြီးဖြစ်တယ်၊ ဒီမိုကရေစီမှတစ်ပါး အခြားမရှိပြီဆိုတဲ့ ပြောဆိုရေးသားချက်တွေကိုလည်း အများကြီး တွေ့နေရပါတယ်။ ဒီမိုကရေစီဆိုတာ ကိုယ်တွေ့မကြုံဖူးသူများက မစားရ၀ခမန်း ပြောဆိုရေးသားချက်တွေကို အဟုတ်ကြီးထင်ပြီး နောင် နဖူးတွေ့ဒူးတွေ့ရတဲ့အခါကျမှ ထင်တာနဲ့ မြင်တာ ပါစင်အောင် လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက်သွားနိုင်ပါတယ်။ ဒါဆိုရင်လည်း မကောင်းပါဘူး။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ တဲ့အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ပြောဆိုရေးသားချက်တွေ ဆင်ခြင်သင့်ကြပါတယ်။

မကောင်းမှုတွေ ဘယ်ကစ
ဒီမိုကရေစီဆိုတာ မဟာသြသဓနတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေးဖောက်ပြန်ပျက်စီးမှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာမရှိလို့ လမ်းဘေးအိပ်ရတဲ့သူတွေ ဘယ်ရှိနေတော့မှာလဲ။ အခုတော့ လူ့လောကရဲ့ မကောင်းမှုမှန်သမျှ၊ အဲဒီ ဒီမိုကရေစီနိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ်ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါးပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ်စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင်ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါးဈေးကွက်ကြီး ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။

ကောင်းဘွိုင်ယဉ်ကျေးမှုအစ
အီရတ်က ဆက်ဒမ်ဟူစိန်ဆိုတာလည်း ပနားမားက နောရီအေးဂါး(Noriega) လိုပဲ အမေရိကန်စီအိုင်အေက မွေးထုတ်ပေးခဲ့တာဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေလည်း စီအိုင်အေက မွေးထုတ်ပေးခဲ့တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက်လူသတ်တဲ့ လုပ်ရပ်မှန်သမျှ အမေရိကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုက စခဲ့တာချည်းပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကားတွေကိုပဲကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီးမဟုတ်သလို ဒီမိုကရေစီနိုင်ငံဖြစ်တိုင်း သာယာရွှေပြည်နိုင်ငံကြီး မဟုတ်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။

လူသားများရဲ့ မျှော်လင့်ချက်
တကယ် ဒီမိုကရေစီဆိုတာ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကိုသွားတဲ့ နည်းလမ်းတွေထဲက နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ လူသားများ မျှော်လင့်ချက်ပန်းတိုင်က စစ်ပွဲကြီးတွေမရှိ ပကတိငြိမ်းချမ်းသာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ်တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေအပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ်ခြယ်လှယ်မှုကင်းတဲ့၊ အဓမ္မ၀ါဒမှန်သမျှ ချုပ်ငြိမ်းချမ်းပြီး ဓမ္မတရားထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိပြီး တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိတဲ့၊ ဘသာဝတရားက လူသားတိုင်းအတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေးမှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ်ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်းရိုသေထိန်းသိမ်းတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေးဆိုတာပဲ ဖြစ်တယ်။

ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ
အခုဖြစ်နေတာကတော့ စတော့ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့အချိန်မှာ အစိုးရဆီက ငွေကြေးထောက်ပံ့မှုရဖို့ လွှတ်တော်မှာ လာရောက်တင်ပြတောင်းဆိုတဲ့ ဘဏ်လုပ်ငန်းရှင်တွေကတော့ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးတွေစီးပြီး လွှတ်တော်ကို ရောက်လာကြတယ်လေ။ ဒါတင်မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ကြေးလည်းရရော၊ အဲဒီဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ်ဆိုပြီး တစ်ယောက်တစ်ယောက်ကို ဒေါ်လာသန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူလိုက်ကြတယ်လေ။ ဘဏ်ကြီးပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆုချီးမြှင့်တယ်ဆိုတာမျိုး ကြားဖူးကြရဲ့လား။ အဲဒါ ဒီမိုကရေစီနိုင်ငံဆိုတဲ့ အမေရိကန်နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။

ဒေါ်လာ ၆ သိန်းတန် ခွေး
စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး။ တရုတ်ပြည် ရှန်စီးပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ်သူဋ္ဌေးမ ၀မ် ဆိုတဲ့ အမျိုးသမီးတစ်ဦးကို တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင်ပိုက်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီးကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြပါတယ်တဲ့။ အဲဒီသူဋ္ဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည်မြောက်ပိုင်း ကျင်ဟိုင်း ပြည်နယ်ကိုသွားပြီး ရှားပါးမျိုးဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေလေးသန်း (ဒေါ်လာ ၆၀၀၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ ရွှေကို တန်ဖိုးသတ်မှတ်လို့ ရတယ်။ ဒီတိဘက်မတ်စတစ်ခွေးမှာ တန်ဖိုးအကန့်အသတ်မရှိဘူး လို့ သူဋ္ဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေးကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုကြတာပါတဲ့။

ဒီမိုကရေစီအနှစ်သာရလား
အားလုံးသိကြတဲ့အတိုင်းပဲ။ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကြီး ဆင်းရဲတွင်းကလွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှမကြာသေးပါဘူး။ ဒါတောင် လူဦးရေအများစုကြီးဟာ လယ်ယာလုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသားလယ်သမားဘ၀မှာ ရှိနေပါသေးတယ်။ ဒီလိုအခြေအနေမှာ သူဋ္ဌေးမ ၀မ် လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်းအကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေးကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လိုပြောနိုင်မှာပါလဲ။ ဒါဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

ဗြဟ္မပါလနိုင်ငံတော်
လူသားအားလုံးရဲ့ မျှော်လင့်ချက်ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသတ်စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ ဗြဟ္မပါလနိုင်ငံတော်ကြီးဆီ အရောက်လှမ်းဖို့သာဖြစ်တယ်။ အဲဒီနိုင်ငံတော်ကြီးဆီသွားဖို့ စနစ်အမျိုးမျိုးနဲ့ နည်းလမ်းအသွယ်သွယ်ရှိတယ်။ ဒီမိုကရေစီဆိုတာက အဲဒီ နည်းလမ်းတွေထဲက တစ်ခုသာဖြစ်တယ်။ သူ့အပြင် တခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ။ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။

လမ်းတွေမှ အများကြီး
ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြားမရှိလို့ ကြွေးကြော်နေတာကတော့ ကောင်းဘွိုင်သမ္မတနှစ်ဦးဖြစ်တဲ့ ရော်နယ်ရေဂင်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန်လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန်ကောင်းဆိုပြီး မျက်စိမှိတ်အော်ရင်း ကျေးဇူးဆပ်စာပေတွေ အရေးကောင်းနေသူတွေကို ပြောလိုက်ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်းတွေ အများကြီး ရှိနေပါတယ်။ ဒီမိုကရေစီဆိုတာက လူသားများရဲ့ ပန်းတိုင်၊ ရည်မှန်းချက်ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က ဗြဟ္မပါလနိုင်ငံတော်ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါတယ်။

( Weekly Eleven News ဂျာနယ်၊ အတွဲ ၁၄၊ အမှတ် ၄၉ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics