Friday, October 02, 2009

လူငယ်နှင့် ပုတ္တဒါရဿသင်္ဂဟော - ဦးသန်းထွတ်၊ ပါမောက္ခ(ငြိမ်း) ပညာရေးတက္ကသိုလ်


မိဘနှစ်ပါးသည် သားသမီးတို့၏ လက်ဦးဆရာများဖြစ်ကြသည်။ မကောင်းတာကို တားမြစ်ရမည်။ ကောင်းသည်ကို ညွှန်ပြရမည်။

 

ပညာတတ်အောင် ကျောင်းတွင် သင်ယူစေရမည်။ အရင်းအနှီးပေးရမည်။ သင့်တော်သူနှင့် နေရာချထားရမည်။ ဤသည်တို့မှာ မိဘတို့၏ ၀တ္တရားငါးပါး ဖြစ်ပါသည်။

 

ဗုဒ္ဓက သိင်္ဂါလသတို့သားအား ဟောကြားသော တရားတော်ဖြစ်ပါသည်။ သင်္ဂဇာဆရာတော်က ဤသို့ ကဗျာဖွဲ့ဆိုထားပါသည်။

  • မကောင်းမြစ်တာ
  • ကောင်းရာညွှန်လတ်
  • အတတ်သင်စေ
  • ပေးဝေနှီးရင်း
  • ထိမ်းမြားခြင်းလျှင်
  • ၀တ်ငါးအင်
  • ဖခင်မယ်တို့တာ။

 

အိမ်ထောင်ဦးစီးဖြစ်သော ခင်ပွန်းယောက်ျားသည် မိမိကို မှီခိုနေရသော ဇနီးသည်အပေါ်တွင်လည်း တာဝန်ကျေရပါမည်။ ခင်ပွန်းယောက်ျားသည်-

  • ဇနီးဖြစ်သူကို အမြတ်တနိုး ခေါ်ဆိုရမည်။
  • နှိမ့်ချ၍ မခေါ်ဆိုရ။
  • မိမိမယားကိုလွန်၍ အခြားမိန်းမတို့၌ မပျော်ပါးရခြင်း။
  • စားဖိုဆောင်အုပ်ချုပ်မှုကို လွှဲအပ်ရခြင်း။
  • အ၀တ်တန်ဆာ ဆင်မြန်းပေးရခြင်း။

စသည့် လင်ယောက်ျားဝတ္တရားငါးပါးနှင့် ပြည့်စုံမှသာလျှင် ယောက်ျားကောင်း ဖြစ်ပါမည်။

 

သင်္ဂဇာဆရာတော်က ဤသို့ ကဗျာဖွဲ့၍ လင့်ဝတ္တရားငါးပါးအကြောင်းကို ဖော်ပြထားသည်။

  • မထီမဲ့ကင်း
  • အပ်နှင်းဥစ္စာ
  • မိစ္ဆာမမှား
  • ၀တ်စားဆင်ယင်
  • မြတ်နိုးကြင်
  • ငါးအင် လင်ကျင့်ရာ။

 

ထိုနည်းတူ မယားဖြစ်သူကလည်း ၀တ္တရားငါးပါးဖြင့် လင်ယောက်ျားကို စောင့်ရှောက်ရပါမည်။

  • အမှုကြီးငယ်ကို ကောင်းစွာစီစဉ်ရမည်။
  • နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်ရမည်။
  • မိမိလင်ယောက်ျားမှတစ်ပါး အခြားယောက်ျားများ၌ လွန်ကျူးသောအကျင့်မှ ကင်းရမည်။
  • ရှာဖွေစုဆောင်းခဲ့သည့် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမည်။
  • အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်း ကင်းရမည်။

စသည့် ၀တ္တရားငါးပါးနှင့် ပြည့်စုံမှသာလျှင် ဇနီးကောင်း ဇနီးမြတ် ဖြစ်နိုင်ပါသည်။

 

မယားဝတ္တရားငါးပါးကို သင်္ဂဇာဆရာတော်က ဤသို့ ကဗျာလင်္ကာဖွဲ့ဆိုထားပါသည်။

  • အိမ်တွင်းမှုလုပ်
  • သိမ်းထုပ်သေချာ
  • မိစ္ဆာကြဉ်ရှောင်
  • လျော်အောင်ဖြန့်ချိ
  • ပျင်းရိမမူ
  • ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

 

ခင်ပွန်းလင်ယောက်ျား၏ ၀တ္တရားများနှင့် ပတ်သက်၍ ဓမ္မသမီးတော် Jennifer Conn က ဤသို့ဖွင့်ဆိုထားသည်ကို တွေ့ရသည်။

First, a husband should minister to his wife by being courteous and addressing her in endearing terms.

Secondly, a husband must show respect and not disparage his wife.

Third, a husband must be faithful.

Fourth, he should give her control over domestic duties, such as kitchen and other household matters.

Fifth, he should minister to his wife by providing ornament and clothing.

 

ဇနီးမယား၏ ၀တ္တရားငါးပါးကိုလည်း ဤသို့ ဘာသာပြန်ဆိုထားပါသည်။

First, she must discharge her various duties well.

Secondly, she must be hospitable and generous to relations on both sides of the family.

Third, she must be faithful to her husband.

Fourth, she must manage carefully what her husband earns and bring home.

Fifth, she should be skilful and industrious in performing all her tasks and all domestic duties.

 

ဤသို့ဖြင့် မိဘနှင့် သားသမီး၊ လင်နှင့်မယား မိသားစုတို့သည် အချင်းချင်း ကောင်းမွန်စွာ လုပ်ကျွေးစောင့်ရှောက်ကြပါလျှင် တစ်အိမ်သားလုံး မင်္ဂလာနှင့် ပြည့်စုံလျက် ကြီးပွားချမ်းသာသော မင်္ဂလာအိမ်ထောင်စု ဖြစ်နိုင်ပါလိမ့်မည်။

 

လူငယ်မောင်မယ်များ အချိန်တန်လျှင် အိမ်ထောင်ပြုကြမည်ဖြစ်ရာ ဤပုတ္တဒါရသဿသင်္ဂဟော မင်္ဂလာတရားတော်၏ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးကြလျက် မင်္ဂလာအိမ်ထောင်ရေးကို ကောင်းစွာ တည်ဆောက်နိုင်ကြပါစေ။

 

( ၂၀၀၈ ခုနှစ် အောက်တိုဘာလထုတ် Youth မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၁၀ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics