Friday, October 02, 2009

ဓာတ်ပုံမှတ်တမ်းများ


myanmar.jpg
၆၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောကြားနေပုံ။
ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ၁၉၉၅ ခုနှစ် ကုလသမဂ္ဂနှစ်(၅၀)ပြည့်အခမ်းအနားနှင့်အတူ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေညီလာခံတွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သော ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး နောက်ပိုင်းတွင် ကုလသမဂ္ဂသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သော အဆင့်အမြင့်ဆုံး မြန်မာကိုယ်စားလှယ် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
မိန့်ခွန်းပြောကြားရာ၌ အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားပေးရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အဓိကပြောကြားခဲ့သည်ဟု သိရှိရသည်။

myanmarun.jpg
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တွေ့ဆုံနှုတ်ဆက်နေပုံဖြစ်ပါသည်။

obamah.jpg
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။
နိုင်ငံတစ်ခုအတွက် ဒီမိုကရေစီဝါဒကို အခြားနိုင်ငံတစ်ခုက ဇွတ်အတင်းသွတ်သွင်းပေးရန်မှာ မဖြစ်နိုင်ကြောင်းနှင့် မိမိနိုင်ငံအတွက် မိမိတို့ကိုယ်တိုင်သာ လမ်းစရှာကြံကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံအချင်းချင်း အပြန်အလှန်ဆက်သွယ်လုပ်ဆောင်မှုများ ထွန်းကားနေသည့် ယနေ့လိုခေတ်ကာလမျိုးတွင် မြောက်ပိုင်းကမ္ဘာနှင့် တောင်ပိုင်းကမ္ဘာဆိုပြီး ခွဲခြားသတ်မှတ်မှုများသည် အဓိပ္ပါယ်မရှိသည့်အတွက် စစ်အေးကာလ ပြဿနာများအပေါ်တွင် အခြေခံကာ ဖွဲ့စည်းထားခဲ့သည့် နိုင်ငံများအုပ်စုဖွဲ့မှုသည် မဖြစ်သင့်တော့ကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းသည် အမြင်မတူစရာများနှင့် ပြည့်နှက်နေကြောင်း လေ့လာသူအချို့က သုံးသပ်လျက် ရှိပါသည်။

alqadhafioflibya.jpg
အာဏာရယူထားခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအခမ်းအနားသို့ တက်ရောက်လာခဲ့သည့် လစ်ဗျားခေါင်းဆောင် ကဒါဖီ မိန့်ခွန်းပြောကြားနေပုံဖြစ်ပါသည်။
ယခု ၂၀၀၉ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် လူစိတ်ဝင်စားမှုအခံရဆုံး နိုင်ငံ့ခေါင်းဆောင်တစ်ဦးဟု သူ့ကို ညွှန်းဆိုရပါလိမ့်မည်။ အထူးသဖြင့် မိနစ် ၉၀ ကျော်ကြာအောင် ပြောကြားခဲ့သည့် သူ၏မိန့်ခွန်းသည် ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် သမိုင်းဝင်ကျန်ရစ်မည့် မိန့်ခွန်းဖြစ်လာတော့မည်မှာ သေချာလှပါသည်။ ပထမဦးစွာ မိန့်ခွန်းမပြောမီ မိတ်ဆက်ပေးသူက ကဒါဖီအား ဘုရင်တကာတို့၏ ဘုရင်ဟူသော အသုံးအနှုန်းဖြင့် အမွှန်းတင်ခဲ့သည်ဟု ဆိုပါသည်။ ကုလသမဂ္ဂ၏ နိုင်ငံများအပေါ် ဆက်ဆံရေး မညီမျှမှုများ၊ လုံခြုံရေးကောင်စီ၏ အပြစ်အနာအဆာများ၊ အာဖရိကနိုင်ငံများကို ကျွန်ပြုခဲ့ကြသော နိုင်ငံကြီးများအား လျော်ကြေးငွေများပေးရန် တောင်းဆိုမှုများ၊ ၀က်တုပ်ကွေးဆိုသည်မှာ ဆေးကုမ္ပဏီကြီးများက စီးပွားရေးအရလုပ်စားသည့် ရောဂါပိုးဖြစ်ကြောင်း၊ နောင်တွင် ငါးတုပ်ကွေး လာဦးမည်ဖြစ်ကြောင်း၊ သမ္မတကနေဒီ အသတ်ခံရမှုသည် အစ္စရေးနိုင်ငံက ကြိုးကိုင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံကြီးများ၏ နေရာတကာ ၀င်ရောက်စွက်ဖက်မှုများကြောင့် နိုင်ငံငယ်များအနေဖြင့် ကျီးလန့်စာစား နေရသည့်ဘ၀သို့ ရောက်နေရကြောင်း စသည်ဖြင့် အဆက်အစပ်မရှိသည့် ဖြစ်ရပ်ပေါင်းများစွာ၊ ပြဿနာပေါင်းများစွာ ပါဝင်သည့် မိန့်ခွန်းကို ပြောကြားခဲ့သည်။ ထို့ပြင် သူ၏မိန့်ခွန်းထဲတွင် အမေရိကန်သမ္မတ အိုဘားမားအား အာဖရိက၏ သားရတနာ ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့သည်ဟု သတင်းများက ဆိုပါသည်။

iran.jpg
လက်ရှိကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် လူစိတ်ဝင်စားမှုအခံရဆုံး အီရန်သမ္မတ အမာဒီနီဂျက် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။
အစ္စရေးနိုင်ငံအပေါ် အဓိကထား တိုက်ခိုက်ဝေဖန်ပြောကြားခဲ့သော သူ၏မိန့်ခွန်းတွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အသတ်ခံရခြင်းဆိုသည်မှာ ဒဏ္ဍာရီတစ်ခုမျှသာဖြစ်ကြောင်း ပြောကြားခဲ့သည့် စကားသည် အစ္စရေးတို့အတွက် အရှိုက်ကို လက်သီးနှင့် ထိုးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်ဟု ဆိုကြပါသည်။

netanyahuofisrael.jpg
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။
အီရန်၏ နျူကလီးယားအရေးနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသွားခဲ့ပြီး အီရန်သမ္မတ၏ ဂျူးလူမျိုးများ အသတ်ခံရမှုသည် ဒဏ္ဍာရီတစ်ခုသာဖြစ်သည်ဆိုသော စကားအတွက် အချက်အလက်များဖြင့် သက်သေပြကာ ခုခံချေပသွားခဲ့သည်ဟု ဆိုပါသည်။

ကိုးကား
အပတ်စဉ်ထုတ် သတင်းဂျာနယ်များ
မြန်မာ့အလင်းသတင်းစာ
news.google.com
ဓာတ်ပုံများကို www.un.org မှ ရယူပါသည်။

No comments:

Post a Comment

 
Web Statistics