Monday, November 02, 2009

လွမ်းမိ၍ အသံကြားလိုသည်၊ အသံကြား၍ လွမ်းမိသည် - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
"ဟဲလို"
ဘာမှမထူးဆန်းတဲ့ စကားလုံးလေးပါပဲ။ လူတစ်ရာမှာ ကိုးဆယ်လောက်က ဖုန်းပြောတဲ့အချိန်အစဦးမှာ သုံးတတ်တဲ့ နှုတ်ခွန်းဆက်စကားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ထူးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ "ဟဲလို" ဆိုတဲ့ အသံချိုချိုလေးထွက်လာအောင် အားစိုက်ထုတ်ပြောဆိုတဲ့လူက ကျွန်ုပ်ရဲ့ ချစ်လှစွာသော တစ်ယောက်သောသူမ ဖြစ်နေလို့ပါ။ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သူမရဲ့ "ဟဲလို"ဆိုတဲ့ အသံချိုအီအီလေးဟာ ကျွန်တော့်ရင်ကို ခုန်စေပါတယ်၊ နွေးစေပါတယ်၊ ပျော်ရွှင်ကျေနပ်စေပါတယ်။ ဘယ်အချိန်မှာပဲကြားကြား သူမပြောလိုက်တဲ့အသံနဲ့ (တစ်ခါတစ်ရံ အသံဖျက်ပြီးပြောရင်တောင်) ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းစွဲထင် အလွတ်ရနေတဲ့ အသံလေးဟာ တစ်ထပ်တည်းဖြစ်သွားတတ်စမြဲပါ။ သူမအနေနဲ့ အသံဖျက်ပြီး ကျွန်တော့်ကို စနောက်ခဲ့ရင်တောင် ကျွန်တော်ကသာ ဇဝေဇ၀ါဖြစ်လိမ့်မယ်၊ ကျွန်တော့်နှလုံးသားကတော့ အလိုလိုသိနေမှာ အသေအချာပါပဲ။

(၂)
တယ်လီဖုန်းဆိုတဲ့အရာကို အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ဆိုတဲ့ စကော့တစ်ရှ်ကြီးက ၁၈၇၆ ခုနှစ်မှာ တီထွင်ခဲ့တာပါ။ သူ့ရဲ့မူလတီထွင်မှုကတော့ ၀ိုင်ယာကြိုးတွေကို အသုံးပြုပြီး တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်စကားပြောနိုင်ဖို့ ဖြစ်ပါတယ်။ တိုးတက်လာတဲ့သဘောတရားအရ ယနေ့ခေတ်မှာတော့ ကြိုးတွေမလိုတဲ့ ကြိုးမဲ့စနစ်တွေနဲ့ ဖုန်းအမျိုးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့အားလုံးရဲ့ မူလဖခင်ကြီးဟာ ဂရေဟမ်ဘဲလ်သာ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီနေ့ခေတ်ကျွန်တော်တို့တစ်တွေ တယ်လီဖုန်းဆိုတဲ့အရာကို မရှိမဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေတာကို မြင်ရရင် ရောက်ရာဘ၀ကနေ ဂရေဟမ်ဘဲလ်ကြီး ပျော်နေ၊ ပြုံးနေ၊ ဂုဏ်ယူနေမယ်ဆိုတာ သေချာပါတယ်။

(၃)
အဝေးရောက်နေတဲ့အချိန်မှာ လူချင်းဝေးနေပေမယ့် အသံလှိုင်းလေးတွေကတစ်ဆင့် နှလုံးသားချင်းနီးနေအောင် ဆက်သွယ်ပေးထားတဲ့ တယ်လီဖုန်းဆိုတဲ့အရာဟာ ကျွန်တော်တို့ချစ်သူတွေအတွက်တော့ တကယ့်ကို မရှိမဖြစ် ကြားခံကိုယ်စားလှယ်ပါပဲ။ သူမဖြစ်စေ၊ ကျွန်တော်ဖြစ်စေ ပျော်ရွှင်နေတာကို တယ်လီဖုန်းကနေတစ်ဆင့် ကျွန်တော်တို့အချင်းချင်း မျှဝေခံစားနိုင်တယ်၊ ကျွန်တော်ဖြစ်စေ၊ သူမဖြစ်စေ ၀မ်းနည်းနေတဲ့အခါ လေလှိုင်းတွေကနေတစ်ဆင့် အပြန်အလှန်အားပေးနှစ်သိမ့်နိုင်တယ်။ သူမကို ကျွန်တော်၊ ဒါမှမဟုတ် ကျွန်တော်က သူမကို ချစ်တဲ့အကြောင်း၊ လွမ်းနေတဲ့အခါ လွမ်းနေတဲ့အကြောင်း၊ သတိရတဲ့အခါ သတိရတဲ့အကြောင်း ပြောနိုင်တယ်လေ၊ ဒါမှမဟုတ် အာလာပသလ္လာပ ပြောချင်လည်း ပြောနိုင်တာပါပဲ။ တစ်ခါတစ်လေဆိုရင် ရင်ထဲကပွင့်အံလာတဲ့ တေးသီချင်းလေးတွေတောင် နှစ်ယောက်အတူ တိုးတိုးလေး သံပြိုင်သီဆိုနိုင်သေးတယ်လေ။ ဘာပဲပြောပြော ကျွန်တော့်အတွက်ကတော့ တယ်လီဖုန်းလေးတွေဟာ ကျွန်တော်နဲ့သူမနဲ့ကြားက အချစ်ရဲ့အမှတ်တရလေးတွေ၊ အချစ်ရဲ့သက်သေလေးတွေပါ။

(၄)
စကားပြောနေကျအချိန် ရောက်တဲ့အခါ ခြေလှမ်းတွေက အလိုလိုပဲ တယ်လီဖုန်းရှိရာကို သွားချင်နေမိတယ်။ ညနေတိုင်းအရက်ဆိုင်ကို ခြေဦးလှည့်နေတဲ့ အရက်ကြိုက်သူတွေ၊ အိပ်ယာနိုးတာနဲ့ ဆေးလိပ်လေးဖွာလိုက်မှ အာသာပြေသွားတတ်တဲ့ ဆေးလိပ်ကြိုက်တတ်သူတွေနဲ့ ငါ့ဘ၀ဟာ ဘာများထူးလို့လဲလို့ တစ်ခါတစ်ခါ တွေးမိတယ်။ ငါရော တယ်လီဖုန်းစွဲနေတဲ့လူ ဖြစ်နေပြီလားလို့ အကြိမ်ကြိမ်မေးမိတယ်။ မေးတိုင်းလည်း ဦးနှောက်က "ဘူး"ကွယ်တယ်။ ဒါပေမယ့် အချိန်တန်ရင်တော့ နှလုံးသားက အမိန့်ပေးတော့တာပါပဲ။ "ကျွန်တော့်အတွက် အသံလေးတစ်သံ အရေးတကြီးလိုနေပါတယ်" ဆိုတဲ့ အချက်ပေးသံကို တစာစာ တောင်းဆိုတော့တာပါပဲ။

(၅)
အပြင်ကပြန်လာတဲ့အခါ အဆောင်ပေါ်ကို တက်နေရင်းနဲ့ လှေကားရင်းက ကတ်ဖုန်းလေးကို လှမ်းကြည့်မိတယ်။ အဲဒီကောင်ကလည်း ကျွန်တော့်ကို အလွတ်ရနေ၊ ရင်းနှီးနေတဲ့ကောင်ဆိုတော့ မျက်စိလှမ်းမှိတ်ပြလိုက်သလားတောင် ထင်လိုက်မိတယ်။ ဒါမှမဟုတ် လက်ယပ်ပြီး လှမ်းခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ အသိစိတ်ကင်းမဲ့သွားပြီး တစ်စုံတစ်ယောက်က စေညွှန်တဲ့အတိုင်း လိုက်လုပ်နေရတဲ့ လူတစ်ယောက်လို ကတ်ဖုန်းလေးနားကို တိုးကပ်သွားမိတယ်။ ဖုန်းခွက်ကို ကောက်ကိုင်ပြီး နားရွက်နားကို ကပ်လိုက်တဲ့အချိန် ဖုန်းလိုင်းဝင်နေတဲ့အသံဟာ နားစည်ကိုဖြတ်ပြီး ကျွန်တော့်နှလုံးသွေးတွေထဲအထိ ၀င်သွားသလားမသိပါဘူး။ ချက်ချင်းပဲ သွေးတွေပူလာတယ်၊ နှလုံးခုန်သံတွေမြန်လာတယ်။ ဟုတ်တယ်လေ ကျွန်တော်သာ ဂဏန်းခလုတ်ခုံက နံပါတ်အချို့ကို နှိပ်လိုက်မယ်ဆိုရင် ကြားလာရမယ့် "ဟဲလို" ဆိုတဲ့ အလွတ်ရနေတဲ့အသံလေးကို အလိုလို ကြားလာမိတာကိုး။ နှိပ်မိတာပါပဲ။ ကြားရတာပါပဲ။ ပြောနေမိတာပါပဲ။ "ဖုန်းချလိုက်တော့မယ်နော်" ဆိုတဲ့စကားကို သူမရော၊ ကျွန်တော်ရော အကြိမ်ကြိမ်ပြောတယ်၊ ဒါပေမယ့် အကြိမ်ကြိမ်ဖောက်ဖျက်တယ်၊ "စကားပြောတာတောင် အတော်ကြာသွားတယ်နော်" ဆိုတဲ့ စကားကို သူမရော၊ ကျွန်တော်ရော အကြိမ်ကြိမ်ပြောတယ်၊ ဒါပေမယ့် အဲဒီစကားကို အကြိမ်ကြိမ်မေ့တယ်။ ဖုန်းခွက်ကို မချချင်ချချင်နဲ့ ချလိုက်တဲ့အချိန်မှာ နောက်မှာရောက်နေတဲ့တစ်ယောက်ယောက်က "ကျွန်တော် တစ်နာရီလောက် စောင့်လိုက်ရတယ်ဗျာ" လို့ ပြောတဲ့အခါ "ဟုတ်လား၊ ဆောရီးပဲနော်" ဆိုတဲ့စကားကို နေ့တိုင်းပြောရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘာမှတောင် မပြောရသေးဘူး။ ဖုန်းချလိုက်ရတယ်ဆိုပြီး မကျေမနပ်ဖြစ်နေသေးတာကိုး။ သြော်… အဲဒါကြောင့်လည်း အိုင်းစတိုင်းကြီးရဲ့ ရီလေးတစ်ဗတီသီအိုရီဟာ ကမ္ဘာကျော်တာဖြစ်မယ်ထင်တယ်နော်။

(၆)
"ဟဲလို" ဆိုတဲ့ အသံတစ်ခုကို စွဲလန်းစိတ်နဲ့ ကျွန်တော်ဖုန်းတွေပြောနေမိတာလား၊ ဒါမှမဟုတ် ကျွန်တော်ပြောသမျှ၊ ကြားသမျှကို သိနေတဲ့ တယ်လီဖုန်းရဲ့ ဖမ်းစားညှို့ယူမှုကို ခံနေရတာလား၊ အချိန်တန်ရင် ပူစာတတ်တဲ့ နှလုံးသားရဲ့ အမိန့်ပေးစေခိုင်းမှုကျိန်စာမှာပဲ ကျွန်တော်ပိတ်မိနေခဲ့တာလား၊ စတဲ့ "လား"ပေါင်းများစွာနဲ့ ကျွန်တော့်အတွေးတွေ ရှုပ်ထွေးနေခဲ့ရတာ ကြာပါပြီ။ တစ်နေကုန် ဘယ်လိုပဲ တွေးခဲ့တွေးခဲ့ ညနေခင်းရောက်ပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ ခြေလှမ်းတွေက တယ်လီဖုန်းရှိရာကို အလိုလိုလှမ်းနေမိတာတော့ ယနေ့အထိပါပဲ။ အခုဒီစာကို ရေးနေရင်းနဲ့ "ဟဲလို"ဆိုတဲ့ အသံချိုအီမွှေးလေးကိုတောင် ကြားလိုက်မိသလိုပါပဲ။

(၇)
ကျေးဇူးတင်ပါတယ် ဂရေဟမ်ဘဲလ်ရယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်။

တယ်လီဖုန်းသရဲ ညီငယ်တစ်ယောက်အတွက် အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၃ နာရီ ၄၅ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics