ဒယ်လ်တာယူနိုက်တက် ၀ - ၁ ရတနာပုံ
နေ့ရက် - ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်၊ စနေနေ့။
အချိန် - ညနေ (၄) နာရီ။
နေရာ - သုဝဏ္ဏအားကစားကွင်း၊ ရန်ကုန်မြို့။
အသင်းနှစ်သင်းအကြောင်း တစေ့တစောင်း
ဒယ်လ်တာအသင်းက လက်ရှိမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတယ်။ ရှုံးပွဲမရှိဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူပေါ့။ အသင်းပိုင်ရှင်သစ် အပြောင်းအလဲဖြစ်ခဲ့ပေမယ့် အသင်းရဲ့ နည်းပြပိုင်း၊ ကစားသမားပိုင်းမှာ ဘာအပြောင်းအလဲမှ မရှိခဲ့တဲ့အတွက် အရင်အတိုင်းပဲ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်ခဲ့တာကို ဇေယျာရွှေမြေနဲ့ပွဲမှာ ပြသခဲ့တယ်။ အားလုံးကလည်း ဒီခြေနဲ့ဆိုရင် ဒီနှစ်မြန်မာနေရှင်နယ်လိဂ်ဖလားကို ဒယ်လ်တာယူနိုက်ကပဲ မြစ်ဝကျွန်းပေါ်ဒေသဆီကို အရောက်ယူပြီး နာဂစ်ကြောင့်ဖြစ်ခဲ့ရတဲ့ နာကျင်မှုတွေကို ချေဖျက်ပစ်နိုင်လိမ့်မယ်လို့ တွက်ဆနေကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဒယ်လ်တာဟာ ပြီးခဲ့တဲ့ ပထမအကြိမ် မြန်မာနေရှင်နယ်လိဂ်ဖလားတုန်းက ဒယ်လ်တာနဲ့ မတူတော့တာ အမှန်ပါပဲ။ နည်းနည်းပါးပါးမဟုတ်ဘဲ အများကြီးကို ကွာခြားသွားခဲ့တဲ့ ဒယ်လ်တာဖြစ်နေပါပြီ။
ရတနာပုံအသင်းကတော့ မြန်မာနေရှင်နယ်လိဂ်ရဲ့ လက်ရှိချန်ပီယံအသင်း။ ပထမဆုံးကျင်းပတဲ့ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲမှာပဲ ပထမဆုံးဗိုလ်စွဲခဲ့အသင်းအဖြစ် သမိုင်းသစ်ရေးထိုးထားခဲ့တဲ့အသင်း။ ကိုယ်စားပြုတာကလည်း ဒေသစွဲအင်မတန်ပြင်းထန်တဲ့၊ ဘောလုံးကို အရူးအမူးစွဲလန်းအားပေးတဲ့ မန္တလေးတိုင်း။ အသင်းစတင်တည်ထောင်ကတည်းက နိုင်ငံခြားသား နည်းစနစ်ဒါရိုက်တာ၊ နိုင်ငံခြားသား နည်းပြ၊ နိုင်ငံခြားသား ကစားသမားတွေနဲ့ အခြေခိုင်ခိုင်၊ အမြော်အမြင်ရှိရှိနဲ့ စုဖွဲ့ထားတဲ့အသင်း။ အိမ်ကွင်းပွဲစဉ်တွေမှာ စုန်းပြူးပရိသတ်အချို့ကြောင့် အပြောအဆိုခံရတာတွေ ရှိခဲ့ပေမယ့် ရတနာပုံအသင်းကန်တဲ့ပွဲစဉ်တိုင်းမှာ ကွင်းလုံးပြည့်လျှံ အားပေးခဲ့ကြတာကိုတော့ မမေ့မလျော့ မှတ်တမ်းတင်ကြရမယ်။ ပထမအကျော့ကန်စဉ်က အငြင်းပွားဖွယ်ရာ အမျိုးမျိုးနဲ့ ဒယ်လ်တာယူနိုက်တက်ကို အရှုံးပေးခဲ့ရတာကြောင့် ဇယားထိပ်ဆုံးနေရာကို သူရှုံးခဲ့တဲ့အသင်းကိုပဲ ဖယ်ပေးထားလိုက်ရတယ်။ ဒါပေမယ့် အမှတ်အကွာမခံဘဲ တောက်လျှောက်လိုက်ပြီး ဖိအားတွေပေးထားနိုင်ခဲ့တယ်။ ပထမအကြိမ်ဗိုလ်စွဲခဲ့တာဟာ ကြက်ကန်းဆန်အိုးတိုးတာမဟုတ်ဘဲ ရသင့်လို့ရတာ၊ အရည်အချင်းကြောင့်ရခဲ့တာဆိုတာကို ဒီနှစ်ခြေစွမ်းတွေနဲ့ သက်သေပြနေတယ်။ အားလုံးကတော့ ဒီနှစ်မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဖလားဟာ မန်းတောင်ရိပ်နဲ့ မြစ်ဝကျွန်းပေါ်ကလွဲရင် အခြားဒေသတွေဆီကို ခရီးဆန့်ဖို့မလွယ်သေးဘူးလို့ ခန့်မှန်းနေကြတယ်။
ပွဲမကန်မီအခြေအနေ
ဒယ်လ်တာက ရှုံးပွဲမရှိသေးတဲ့စံချိန်ကို ဆက်ထိန်းထားနိုင်ပြီး ဇယားထိပ်မှာ အခန့်သားတက်ထိုင်နေတယ်။ ရတနာပုံကလည်း သူ့နောက်ကနေ အတင်းကိုကပ်လိုက်ပြီးဖိအားပေးနေတဲ့အတွက် အမှားခံလို့မရတဲ့ အနေအထား။ သူတို့နှစ်သင်းကြားမှာ ကွာခြားတာက တစ်မှတ်တည်း။ သရေကျရင်တောင် ဒယ်လ်တာတို့ ဇယားထိပ်မှာ ဆက်ထိုင်နေနိုင်သေးတယ်။ ရှုံးပွဲမရှိသေးဘူးဆိုတာရယ်၊ ရင်ဆိုင်တွေ့ရမှာက ဒုတိယနေရာက ရတနာပုံဖြစ်နေတာရယ်က သူတို့အတွက် တကယ့်ကိုကြီးမားတဲ့ ဖိအားပါပဲ။
ရတနာပုံအသင်းက ကြားထဲမှာ ထိုင်းကိုသွားပြီး ဖူးခက်ဖိတ်ခေါ်ပွဲ ကန်ထားတယ်။ ထိုင်းလက်ရွေးစင်ညွန့်ပေါင်းအသင်းကို နှစ်ဂိုးပြတ်နဲ့ ရှုံးခဲ့ပေမယ့် အတွေ့အကြုံတွေ အများကြီးရခဲ့မှာ အသေအချာပါပဲ။ ဒယ်လ်တာနဲ့ အရေးကြီးပွဲရှိတဲ့အတွက် အနိုင်ရဖို့ထက် ကစားသမားတွေ ထိခိုက်ဒဏ်ရာရမှုမရှိအာင် ဂရုစိုက်ကစားခဲ့တယ်လို့ သိရတယ်။ တတိယနေရာလုပွဲမှာတော့ မြောင်တောင်အသင်းကို (၄-၂)ဂိုးနဲ့ ရှုံးခဲ့တယ်။ အရန်ကစားသမားတွေနဲ့ပဲ ကစားခဲ့တာလို့ သိရတယ်။ အဲဒီအသင်းက အမှတ်ပေးပွဲတွေမစခင်က ခြေစမ်းပွဲကစားတော့ အနိုင်ရထားဖူးတဲ့အသင်းပါ။ ဘာပဲဖြစ်ဖြစ် အဓိကနဲ့ သာမညကို ခွဲခြားပြီး ကစားသွားခဲ့တဲ့ အသင်းနည်းပြကို အသိအမှတ်ပြုမိတယ်။ နိုင်ဖို့ဆိုတာထက် အသင်းအတွက်အတွေ့အကြုံရအောင် အသင်းရဲ့ပုံရိပ်ပိုမိုကြီးမားအောင် ၀င်ပြိုင်တဲ့ပြိုင်ပွဲတစ်ခုပဲလို့ မြင်မိတယ်။ သေချာတာကတော့ ရတနာပုံအသင်းနည်းပြနဲ့ ကစားသမားတွေဟာ ဒယ်လ်တာနဲ့ပွဲအတွက် အားခဲထားကြတယ်၊ စိတ်ထက်သန်နေကြတယ်ဆိုတာပါပဲ။ ဒါပေမယ့် ရက်တိုတိုအတွင်းမှာ ခရီးသွားထား၊ ပြိုင်ပွဲကန်ထားတဲ့အတွက် ပွဲပန်းနေမလားဆိုပြီး အားလုံးက စိုးရိမ်နေမိကြတယ်။
ယှဉ်ပြိုင်ကစားမှုအနေအထား
နှစ်သင်းစလုံးဟာ ဒီနှစ်မှာ ခြေစွမ်းပြနေတဲ့အသင်းများပီပီ အကောင်းဆုံး ကစားသွားနိုင်ကြတာ တွေ့ရတယ်။ အထူးသဖြင့် ဒီနေ့ပွဲမှာ ရတနာပုံအသင်းဟာ ကစားကွက်ကောင်းကောင်း၊ အချိတ်အဆက်မိမိနဲ့ အချိန်ပြည့်နီးပါး ဖိကစားနိုင်ခဲ့တာကို တွေ့ရတယ်။ ယခင်ပွဲတွေတုန်းက ကစားကွက်ကောင်းခဲ့တဲ့ ဒယ်လ်တာတို့ ဒီနေ့ပွဲမှာ ရတနာပုံအသင်းရဲ့ တိုက်စစ်ဆင်မှုကိုပဲ ကာကွယ်ဖျက်ထုတ်နေရင်း အချိန်ကုန်ခဲ့ရတာ တွေ့ရတယ်။ ကီးပလေယာ နှစ်ယောက်ဖြစ်တဲ့ ၀ီလျံနဲ့ စတန်လေကိုလည်း ရတနာပုံနောက်တန်းနဲ့ အလယ်တန်းတွေ ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ဒယ်လ်တာတို့ ခက်ခဲခဲ့ရတယ်။ စတန်လေနဲ့ ၀ီလျံမလှုပ်နိုင်တဲ့ဒယ်လ်တာအသင်းဟာ တောင်ပံအညှပ်ခံထားရတဲ့ ငှက်ကလေးလိုပါပဲ။
ဒီနေ့ပွဲစဉ်မှာ ယခင်ပြီးခဲ့တဲ့ ပွဲစဉ်များနဲ့မတူ အားပေးသူပရိသတ်တွေ ကွင်းပြည့်အောင်လာရောက်ခဲ့တာ တွေ့ရတယ်။ ယခင်ပွဲတွေတုန်းက အထူးတန်းသာ လူအပြည့်ရှိခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ အထူးတန်းရော၊ ရိုးရိုးတန်းတွေပါ တစ်ကွင်းလုံးအပြည့်နီးပါး လာရောက်ကြည့်ရှုအားပေးခဲ့တာကတော့ ဒီအသင်းနှစ်သင်းရဲ့ အဆင့်အတန်းနဲ့ သူတို့အပေါ် ပရိသတ်ရဲ့ စိတ်ပါဝင်စားမှုကို ဖော်ထုတ်ပြသနေတယ်လို့ မြင်မိတယ်။
ပွဲချိန်အတော်များများကို ရတနာပုံတို့ကပဲ ထိန်းချုပ်ထားခဲ့တယ်။ အပေးအယူ အချိတ်အဆက်မိမိနဲ့ ကစားခဲ့တာ အတော်လေးကို ကြည့်လို့ကောင်းတာကို တွေ့ရတယ်။ ဒယ်လ်တာကတော့ တစ်ချက်တစ်ချက်မှ တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဒါပေမယ့် ဂိုးသွင်းမယ့် စတန်လေကို ရတနာပုံနောက်တန်းက လုံးဝအလွတ်မခံဘဲ ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ထင်တိုင်းမပေါက် ဖြစ်ခဲ့ရတယ်။ နှစ်သင်းစလုံးမှာ ပါဝင်ကစားခဲ့ကြတဲ့ နိုင်ငံခြားသား ကစားသမားတွေဟာ သတိပြုမိလောက်အောင် အကောင်းဆုံး ကစားသွားကြတာကို တွေ့ရတယ်။ မြန်မာကစားသမားတွေလည်း အရင်ကထက်စာရင် အများကြီးကောင်းလာတာ မှန်ပေမယ့် ဘောလုံးအထိန်းအသိမ်း၊ ပြေးအား၊ ကြံ့ခိုင်မှုတွေမှာ နိုင်ငံခြားသားကစားသမားတွေကို မမီသေးတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် အသင်းမှာ အဆင်ပြေအောင် တွဲဖက်ကစားနိုင်လာတာကိုက အသိအမှတ်ပြုသင့်တဲ့အပြင် ကစားသမားတွေအတွက် အဖိုးတန်တဲ့ အတွေ့အကြုံကောင်းတွေပါပဲ။ ပထမပိုင်းမှာ ဒယ်လ်တာကလည်း ထိထိရောက်ရောက် မထိုးဖောက်နိုင်၊ ရတနာပုံကလည်း ရတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့အတွက် ဂိုးမရှိသရေ ဖြစ်နေခဲ့တယ်။
ဒုတိယပိုင်းအစမှာတော့ ဒယ်လ်တာဟာ ပထမပိုင်းကထက် အနည်းငယ်ပိုကောင်းလာသယောင် ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီလိုကောင်းမွန်မှုဟာ ၁၀ မိနစ်လောက်ကြာတော့ တစ်ဖက်ရတနာပုံအသင်းရဲ့ ကစားကွက်အောက်မှာ လိုက်ပါစီးမျောရင်း ခံစစ်သက်သက် ဖြစ်သွားရပြန်တယ်။ ရတနာပုံအသင်းဟာ တစ်သင်းလုံးအတွဲအဖက်ညီညီနဲ့ အကောင်းဆုံးဖိကစားနိုင်ခဲ့တာကို တွေ့ရတယ်။ အလယ်တန်းမှာကစားတဲ့ ထွန်းထွန်းဝင်းသာ ဒီထက်ပိုပြီး ဂိုးသွင်းသေချာခဲ့မယ်ဆိုရင် ရတနာပုံတို့ အစောကြီးကတည်းက ဂိုးရနိုင်တဲ့အနေအထားပါ။ အခုတော့ ဂိုးလိုချင်ဇောနဲ့ အတင်းဝင်၊ အတင်းကန်တွေ လုပ်နေတဲ့အတွက် ဒယ်လ်တာနောက်ခံလူတွေက အလွယ်တကူပဲ ဖျက်ထုတ်နိုင်ခဲ့တာကို တွေ့ရတယ်။ တိုက်စစ်မှူးရန်ပိုင်ဟာ အရင်ပွဲတွေကလို သိပ်ပြီးခြေစွမ်းပြကစားနိုင်ခြင်းမရှိတာကို သတိထားမိတယ်။ ကြံ့ခိုင်မှုမပြည့်ဝတာလား၊ ပွဲပန်းနေတာလားတော့ မသိပါ။ ကစားပုံလေးနေတာကတော့ သိသာလှသည်။
ပွဲပြီးဖို့အချိန်က ဘာမှလိုတော့တာမဟုတ် နောက်ဆုံး ၅ မိနစ်ခန့်သာ ကျန်တော့သည်။ ဒီအချိန်အထိ တစ်ဖက်နှင့်တစ်ဖက်က ဂိုးမသွင်းနိုင်ကြသေး။ သရေပွဲဖြင့် တစ်မှတ်စီခွဲဝေယူကြရတော့မည်ဟု အားလုံးက ထင်မှတ်ခဲ့ကြသည်။ သရေကျလျှင်လည်း မျှတပါတယ်ဟု ယူဆကြသူများရှိသလို ရတနာပုံအသင်းက ဒီလောက်တောင် ဖိကစားနိုင်ပြီးမှ သရေတစ်မှတ်ဆိုရင် မတန်ဘူးဟု ဆိုကြသူတွေလည်း ရှိသည်။ ပွဲပြီးခါနီး မိနစ်အနည်းနယ်သာ လိုတော့သည့်အချိန်တွင် နောက်တန်းဖျက်ထုတ်ရာမှ ပြန်ထွက်လာသည့်ဘောလုံးကို ရတနာပုံကွင်းလယ်လူ အောင်ကျော်မိုးက မြေမကျကန်သွင်းခဲ့ရာ ဂိုးဝင်သွားခဲ့သည်။ ရတနာပုံပရိသတ်တို့၏ "ဂိုး" ဟူသောအသံသည် ဘ၀ဂ်ညံသွားသည်ဟု ထင်မိသည်။
ပွဲပြီးချိန်အထိ ရတနာပုံအသင်းက ရထားသောအနိုင်ဂိုးကို ထိန်းကစားသွားခဲ့ပြီး အဖိုးတန်အနိုင်သုံးမှတ်ကို ရယူလိုက်သည်။ တစ်ဆက်တည်းပင် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား၏ ထိပ်ဆုံးဦးဆောင်သူ နေရာကိုလည်း ပြန်လည်ရယူလိုက်သည်။ ဒုတိယနေရာက ဒယ်လ်တာကို (၂)မှတ် ဖြတ်ထားလိုက်သည်။ နောက်ပွဲတွေကို အမှားမခံဘဲ ယခုခြေစွမ်းအတိုင်း ဆက်ကစားသွားလျှင် မြန်မာနေရှင်နယ်လိဂ်ဖလားသည် မန်းတောင်ရိပ်တွင် စံပျော်နားခိုပေဦးမည်။
ယခင်ပြည်တွင်းပွဲတွေနှင့် လားလားမျှမတူသော အကြိတ်အနယ်ရှိပြီး အဆင့်အတန်းမြင့်လှသည့် ဘောလုံးပွဲကြီးပွဲကောင်းတစ်ခုကို ကြည့်လိုက်ရသည့်အတွက် ၀မ်းသာဂုဏ်ယူမိသည်။ ပထမအကျော့ပွဲစဉ်များတွင် ကြားဖူးနေကျ ဆဲဆိုသံများကိုလည်း ရုပ်မြင်သံကြားမှတစ်ဆင့် မကြားရတော့သည်ကို ၀မ်းမြောက်မိသည်။ ပရိသတ်တွေလည်း အဆင့်အတန်းမြင့်လာကြပြီဟု ယူဆမိသည်။ သံပြိုင်ဆဲဆိုသော ပရိသတ်အစား ကိုယ့်အသင်းနာမည်ကို သံပြိုင်အော်ဟစ်သံများကိုသာ ကြားရခြင်းသည် လွန်စွာမှ ကျက်သရေရှိလှပေသည်။ ယခုထက်လည်း ပိုမိုတိုးတက်ကောင်းမွန်လာကြလိမ့်မည်ဟု ယုံကြည်မိသည်။
ဘာပဲပြောပြော ရတနာပုံအသင်းအနိုင်ရသည့်အတွက် ကျွန်တော်ပျော်ပါသည်။ ဆက်လက်နိုင်ပွဲများရရှိပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်၊ တနင်္လာနေ့။
No comments:
Post a Comment