Thursday, November 12, 2009

ကြည့်ဖြစ်ခဲ့သော ဗီဒီယိုဇာတ်ကားများ


အမျိုးသားနေ့ရုံးပိတ်ရက်လေးမှာ အချိန်အားရတာကြောင့် ဗီဒီယိုအခွေလေးတွေ ငှားကြည့်ဖြစ်ပါတယ်။ ဗီဒီယိုခွေထွက်ကတည်းက ကြည့်ဖို့စိတ်ကူးခဲ့ပေမယ့် အချိန်ပေးပြီး အေးအေးဆေးဆေး ကြည့်ချင်ခဲ့တဲ့ မြို့တော်မောင်ယဉ်အောင် ရဲ့ နာမည်ကြီး "ကိုးဆယ်ဆသာလိမ့်မယ်" ဆိုတဲ့ (၄)ချပ်တွဲ ရုပ်ရှင်ကားကြီးကို အခုတော့ ကြည့်ဖြစ်သွားပါတယ်။ နောက်တစ်ကားကတော့ "မှိုင်းပြာမှုံရီ" ဆိုတဲ့ စနှိုးဝှိုက်ရဲ့ ဇာတ်ကားလေးပါ။ ညပိုင်းမှာတော့ အခွေမငှားတော့ဘဲ အရင်ဝယ်ထားတဲ့ ဒီဗီဒီဇာတ်ကားတွေထဲက Rambo III ကို ပြန်ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားလေးတွေအကြောင်းကို ပြန်ပြီးဖောက်သည်ချရမယ်ဆိုရင်တော့…..

(၁)
ဇာတ်ကားအမည် - မှိုင်းပြာမှုံရီ
ဝတ္ထု - ဆုသင်္ချေ
ဇာတ်ညွှန်း - မိုးစက်
ဒါရိုက်တာ - မောင်မောင်ဦး(စနိုးဝှိုက်)
သရုပ်ဆောင်များ - နိုင်းနိုင်း၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ တိမ်ညွန့်၊ အခြားသရုပ်ဆောင်များ

ဇာတ်လမ်းအကျဉ်း
ကျေးလက်တောရွာလေးတစ်ခုကို ဇာတ်တည်ထားတယ်။ အရက်ရောင်းတဲ့ မဟုတ်မခံ "သမာထွန်း" နဲ့ အသုပ်ရောင်းတဲ့ "ခင်မှိုင်း"ဆိုတဲ့ အပျိုကြီးမတို့က ဆိုင်ချင်းကပ်လျက်။ တစ်ယောက်နဲ့တစ်ယောက်က အမြဲတမ်းစောင်းမြောင်းပြောဆို ရန်ဖြစ်စကားများနေကျ။ ဘယ်တော့မှ တည့်တယ်လို့ မရှိဘူး။ မြို့မှာတက္ကသိုလ်တက်နေတဲ့ ခင်မှိုင်းရဲ့ ညီမ ခင်မှုံ ရွာကိုပြန်လာတဲ့အချိန်မှာ ပြဿနာက စတော့တာပဲ။ ခင်မှိုင်းက သူ့ညီမကို ရွာက ဘယ်သူနဲ့မှ တူတယ်တန်တယ် မထင်ဘူး။ ရွာက ကာလသားတွေနဲ့ နီးစပ်သွားမှာကို အရမ်းကြောက်တယ်။ အကြောက်ဆုံးက အရက်ရောင်းတဲ့ သမာထွန်းနဲ့ပေါ့။ အဲဒီလို သူ့ညီမကို စိတ်မချနိုင်ဖြစ်ပြီး ဟိုဟာချုပ်ချယ်၊ ဒီဟာချုပ်ချယ်၊ ဟိုလူ့ကိုမယုံ၊ ဒီလူ့ကိုမယုံ ဖြစ်နေတာကို အခွင့်အရေးယူပြီး ညီမဖြစ်သူနဲ့ သမာထွန်းတို့ ပူးပေါင်းကြံစည်လိုက်ကြတာ အစ်မဖြစ်တဲ့မှိုင်းခမြာ ပြာယာခတ်သွားပြီး ညီမလုပ်တဲ့မှုံကတော့ ရီစရာရသွားတော့တာပေါ့။ အဲဒါကိုပဲအစွဲပြုပြီး မှိုင်းပြာမှုံရီလို့ ဇာတ်ကားနာမည်ကို ပေးထားတာပါ။ ဘယ်လိုတွေ ပူးပေါင်းကြံစည်ကြတယ်၊ မှိုင်းတစ်ယောက် ဘယ်လိုတွေ ပြာသွားတယ်၊ မှုံတစ်ယောက် ဘာတွေရီနေသလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရင်းနဲ့ ခံစားကြည့်ကြဖို့ ချန်ခဲ့ပါတယ်။

သုံးသပ်ဝေဖန်ချက်
ပထမဆုံး အမှန်အတိုင်း ၀န်ခံပါ့မယ်။ ဒီဇာတ်ကားကို ငှားလာတာဟာ စိုးမြတ်သူဇာ ပါတဲ့အတွက်ပါ။ ဇာတ်လမ်းကမစွံရင်တောင် မစိုးကြီးရဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ချင်လို့ပါ။ အခုနောက်ပိုင်းကားတွေမှာ စိုးမြတ်သူဇာရဲ့ သရုပ်ဆောင်မှုတွေအားလုံးကို သဘောကျမိပါတယ်။ သူပါတဲ့ကားတွေဟာ ကြွတတ်လာတတ်တာကို သတိထားမိပါတယ်။ အသက်အရွယ်၊ သမ္ဘာအရ ကျန်တဲ့လူတွေကို ဆွဲခေါ်ထိန်းခေါ် သွားနိုင်တာတွေ တွေ့ရပါတယ်။ ဒီဇာတ်ကားမှာလည်း ဇာတ်လမ်းကြီးတစ်ခုလုံးကို ထိန်းသွားတာဟာ ခင်မှိုင်းအဖြစ် သရုပ်ဆောင်သွားတဲ့ စိုးမြတ်သူဇာပါပဲ။ အသုပ်သည်အပျိုကြီးသရုပ်ကို အကောင်းဆုံး ပီပြင်အောင် လုပ်ပြသွားနိုင်တာတွေ့ရပါတယ်။ သူ့ရဲ့ မျက်နှာအမူအရာ၊ လေယူလေသိမ်းနဲ့ ပြောသမျှစကား၊ လုပ်သမျှအမူအရာတွေဟာ ကြည့်တဲ့လူတိုင်းအတွက် တ၀ါးဝါးဖြစ်စရာ ဟာသတွေချည်းပါပဲ။
စိုးပြည့်သဇင်ကလည်း ခင်မှုံအဖြစ် သူရသလောက် အခန်းလေးတွေမှာ အကောင်းဆုံးဖြစ်အောင် စိုးမြတ်သူဇာနဲ့အပြိုင် သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။
ဒီဇာတ်ကားမှာ သဘောမကျမိတာက သမာထွန်းနဲ့ သမတ်ထွန်း ညီအစ်ကို ရန်ဖြစ်ပြီးတိုင်း ကျေးရွာဥက္ကဋ္ဌဆီမှာ ရုံးသွားတက်ရတဲ့အခန်းတွေပါ။ အများကြီးတော့ မပါပါဘူး။ နှစ်ခန်းပဲ ပါတာပါ။ ဒါပေမယ့် အဲဒီနှစ်ခန်းမှာ ပြထားတာကတော့ တကယ့်ကို တစ်မျိုးကြီးဖြစ်နေသလားလို့ပါ။ အပြင်မှာများ ကျေးရွာဥက္ကဋ္ဌကို အဲဒီလို ပြောလို့ရသလားလို့ မေးချင်ပါတယ်။ ဒါရိုက်တာကတော့ ဟာသခန်းအနေနဲ့ ထည့်ရိုက်တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျေးရွာဥက္ကဋ္ဌဆိုတဲ့ လူတွေကို စော်ကားသလိုဖြစ်နေတယ်လို့ မြင်မိပါတယ်။ မြန်မာဗီဒီယို အတော်များများမှာ ဥက္ကဋ္ဌတို့၊ လူကြီးတို့၊ ကုမ္ပဏီပိုင်ရှင်တို့ကို ဟာသဇာတ်ပို့တွေ၊ ခပ်ပေါပေါလူတွေကို ထားလေ့ရှိပါတယ်။ ဥက္ကဋ္ဌကို ပေါကြောင်ကြောင်လုပ်ပြခိုင်းလိုက်၊ ကုမ္ပဏီပိုင်ရှင်ကို နှာဘူးထခိုင်းလိုက်၊ သောက်ရူးလုပ်ခိုင်းလိုက်နဲ့ နားလည်လို့ကို မရပါဘူး။ (တချို့သောပြောမယ့်လူတွေအတွက် တစ်ခါတည်း ဖြေရှင်းထားရဦးမယ်။ ကျွန်တော့်အမျိုးထဲမှာ ရွာဥက္ကဋ္ဌတို့၊ ရပ်ကွက်ဥက္ကဋ္ဌတို့၊ ကုမ္ပဏီပိုင်ရှင်တို့ လုံးဝမရှိကြောင်းပါ။) ထားပါတော့ဗျာ ဒါရိုက်တာတစ်ယောက်အကြောင်းကို ဇာတ်ကားရိုက်တယ် ဆိုပါတော့။ ဒါရိုက်တာဆိုတာ ဟောက်စားပဲလုပ်တတ်တာ၊ နာမည်ကြီးမင်းသားရဲ့ မျက်နှာကိုပဲ ကြည့်နေရတဲ့လူ၊ မင်းသမီးက ဟိုဟာခိုင်းရင်လုပ်လိုက်၊ ဒီဟာခိုင်းရင်လုပ်လိုက်၊ ဟိုလူက အကြံပေးရင် ခေါင်းညိတ်လိုက်၊ ဒီလူကကောင်းတယ်ဆိုရင် ပြင်လိုက်နဲ့၊ မင်းသမီးတွေနဲ့ မရှင်းမလင်းလုပ်တတ်တယ် စတဲ့ သရုပ်ဖော်ချက်တွေနဲ့ တင်ပြမယ်ဆိုရင် ဒါရိုက်တာတွေ ကြိုက်ကြမယ်မထင်ပါ။ အဲဒီလိုပဲ စာရေးဆရာဆိုတဲ့ ဇာတ်ကောင်ဆိုတာနဲ့ အမြဲတမ်းအရက်မူးနေတဲ့ သရုပ်ကိုဖော်မယ်ဆိုရင်လည်း စာရေးဆရာတွေက ကြိုက်ကြမယ်မဟုတ်ပါ။ အခြားလူတွေနဲ့ ဥပမာမပေးတော့ပါဘူး။ အခုပြောတဲ့ဇာတ်ကားထဲကလိုသာ ရန်ဖြစ်ပြီး ရုံးလာတက်တဲ့ကောင်တွေကို ကျွန်တော်သာ ကျေးရွာဥက္ကဋ္ဌဆိုရင် သေချာပေါက် ထိပ်တုံးခတ်ရင်ခတ်၊ ဒါမှမဟုတ် အချုပ်ထဲထည့်ထားလိုက်ပြီ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေပေါ့။ မှန်တဲ့လူက မှားတဲ့လူကို တုတ်တဲ့ရိုက်ခွင့်ရှိတယ်၊ ဓားနဲ့ထိုးခွင့်ရှိတယ်၊ ခဲနဲ့ပစ်ခွင့်ရှိတယ်ဆိုပြီး ဥပဒေက ခြွင်းချက်နဲ့ ခွင့်ပြုထားတာ မရှိပါဘူး။ မှန်တာမှားတာက သတ်သတ်၊ ပစ်မှုကျူးလွန်တာက သတ်သတ်ပါ။ မီဒီယာဆိုတာ အရမ်းအရေးကြီးပါတယ်။ အင်တာနက်ကို လက်တစ်ကမ်းမှာ လက်လှမ်းမီသုံးနေတဲ့ လူတွေအတွက် အကျိုးသက်ရောက်မှု ရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမယ့် အချို့သော နေရာဒေသတွေမှာများ အဲဒီလို ဇာတ်ကားတွေကို ကြည့်မိပြီး အယူအဆမှားတွေ၊ ခံယူချက်မှားတွေဖြစ်သွားခဲ့ရင် မလိုလားအပ်တာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဗီဒီယို၊ ရုပ်ရှင် ဖန်တီးကြသူတွေ သတိပြုကြစေချင်ပါတယ်။ ကြည့်တဲ့ပရိသတ်ကို ဖျော်ဖြေမှုပေးရင်း ကောင်းအောင်ပြုပြင်ချင်တာလား၊ ပျက်စီးအောင် ဖျက်ဆီးချင်တာလားဆိုတာကတော့ ဖန်တီးတဲ့လူတွေရဲ့ စေတနာနဲ့ သမိုင်းပဲလို့ ကျွန်တော်နားလည်ထားပါတယ်။

တိုက်တွန်းချက်
အပျင်းပြေကြည့်ချင်ရင်တော့ မိသားစု အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ အတင်းကလိမထိုးဘဲ တစ်ကားလုံး ရယ်နေရပါလိမ့်မယ်။ ကျေးလက်အနံ့အသက်အချို့ကိုလည်း ရနိုင်ပါသေးတယ်။ စိုးမြတ်သူဇာ ခရေစီကတော့ မလွတ်တမ်းအားပေးသင့်တဲ့ ဇာတ်ကားပါလို့ ပြောကြားရင်း။

(၂)
ဇာတ်ကားအမည် - ကိုးဆယ်ဆသာလိမ့်မယ်
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - မောင်ယဉ်အောင်
သရုပ်ဆောင်များ - ရန်အောင်၊ ကျော်ရဲအောင်၊ မိုးဒီ၊ နန္ဒာလှိုင်၊ အောင်လွင်၊ ဇော်ဝမ်း၊ မေသဉ္ဇာဦး၊ သန်းသန်းစိုး၊ မေကဗျာ၊ ဇော်ဝင်းနိုင်၊ အခြားသရုပ်ဆောင်များ

ဇာတ်လမ်းအကျဉ်းတွေဘာတွေ မပြောတော့ပါဘူး။ တစ်ချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာဖြစ်လို့ သိပြီးဖြစ်မှာပါ။ အဲဒီဇာတ်လမ်းရဲ့ဖခင်ကိုယ်တိုင်က ဒါရိုက်တာလုပ်ပြီး ဖန်တီးထားတာဖြစ်လို့ သူပြောချင်တာတွေ၊ ပေးချင်တာတွေ၊ ပြချင်တာတွေကို အပြည့်အ၀ ပေးသွားနိုင်တာ တွေ့ရပါတယ်။ ၂၀၀၇ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ (၅)ဆု ရထားတဲ့ဇာတ်ကားကို ချီးကျူးနေတာဖြစ်တဲ့အတွက် နည်းနည်းတော့ ရယ်စရာကောင်းနေသလားလို့ပါ။ ဇာတ်လမ်းကိုသိပြီးနေရင်တောင် ကြည့်သင့်တဲ့ကားလို့ ညွှန်းပါရစေ။ ကိုယ့်ရဲ့ ညီ၊ ညီမတွေ၊ သားသမီးတွေကိုလည်း ပြသင့်တဲ့ကားလို့ ဆိုပါရစေ။ ကျေးလက်ဒေသတစ်ခုကို အခြေတည်ထားပြီး မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဟန်၊ မြန်မာ့ဓလေ့တွေ ထုံးမွှမ်းနေတဲ့ ဒီဇာတ်ကားလေးကို မကြည့်ဖူးသေးသူတွေ တစ်ခါလောက်ဖြစ်ဖြစ် ကြည့်သင့်တဲ့ကားလို့ တိုက်တွန်းပါရစေ။

ပြဇာတ်လိုခံစားပြီး ရုပ်ရှင်လို ရိုက်ကူးတင်ပြထားတယ်ဆိုတဲ့ ဒီဇာတ်ကားပြီးတဲ့အချိန် နောက်ဆုံးမှာပြထားတဲ့ ဆရာ မောင်ယဉ်အောင်ရဲ့ ကဗျာလေးကိုလည်း ကူးယူထားလိုက်မိပါတယ်။ မျှဝေခံစားကြည့်ပါဦး…..

နှလုံးသားထဲက
ပန်းတစ်ခင်း
ရင်နင့်အောင် သင်းခဲ့….
လမင်းထက် လင်းလက်
ကောင်းကင်ထက် မြင့်တဲ့
အမေ…..

ဒီလောက ကမ္ဘာမြေမှာ
ရှိရှိသမျှ
အဖိုးထိုက်ရတနာတွေနဲ့ ချိန်စက်
အရာအားလုံးတို့ထက်
အမေ့မေတ္တာ၊ စေတနာ….
ထာဝရ
ကိုးဆယ်ဆသာ……။

(၃)
ရမ်ဘိုဇာတ်ကားတွေ အားလုံးလောက်ကို ငယ်ငယ်လေးကတည်းက ကြည့်ဖူးပြီးသားဆိုတော့ နည်းနည်းလေး ကြည့်လိုက်တာနဲ့ ဘာဇာတ်လမ်းဆိုတာကို သိနေတော့တာပေါ့။ အခု ရမ်ဘို-၃ ကလည်း ကြည့်ပြီးသားပါပဲ။ ဒါပေမယ့် အခုပြန်ကြည့်တဲ့အချိန်မှာ ဟိုးအရင်ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ဖီးလ်နဲ့ လုံးဝမတူတော့တာ တွေ့ရပါတယ်။ မတူတာမှ လုံးဝကို မတူတော့တာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ပထမဆုံး ကျွန်တော့်အတွက် ရလိုက်တဲ့အမြတ်ကတော့ အရင်ကြည့်ပြီးသား ဇာတ်ကားဟောင်းတွေကို ပြန်ကြည့်ရမယ် ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတာကို ကျွန်တော်ပြောပြတာကို ဖတ်နေရင်းနဲ့ အလိုလို နားလည်သွားပါလိမ့်မယ်။

ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်မှာ ဆိုဗီယက်တွေက ဖမ်းထားတဲ့ သူငယ်ချင်းကို ရမ်ဘိုက သွားကယ်တဲ့ ဇာတ်လမ်းပါ။ ဟိုးအရင်တုန်းက ကြည့်သာကြည့်လိုက်ရတာ။ အာဖဂန်နစ္စတန်ဆိုတာ ဘယ်နားမှာ ရှိမှန်းတောင် သိခဲ့မှာမဟုတ်တာ သေချာပါတယ်။ အဲဒီတုန်းက အာဖဂန်နစ္စတန်မှာ ဘာကြောင့် ဆိုဗီယက်တွေ ရောက်လာတယ်၊ ဘယ်သူတွေနဲ့ စစ်ဖြစ်တယ်၊ ဘာတွေဖြစ်ကျန်ခဲ့တယ် စတာတွေကို သိခဲ့မှာမဟုတ်တာ အသေအချာပေါ့ဗျာ။ အခုကျတော့ အာဖဂန်ရဲ့ သမိုင်းအတော်များများက ကျွန်တော်နဲ့ ရင်းနှီးနေပြီ၊ အာဖဂန်ရဲ့ ပြဿာနာတွေက နေ့စဉ်နဲ့အမျှ ကျွန်တော့်နား၊ မျက်စိတွေနဲ့ ယဉ်ပါးနေပြီးသား၊ အာဖဂန်တွေရဲ့ အနေအထားကို အကုန်လုံးမဟုတ်ရင်တောင် အတော်လေးတော့ ရင်းနှီးကျွမ်းဝင်နေပြီလို့ ဆိုရပါမယ်။ အဲဒီတော့ ရမ်ဘိုကြီး အာဖဂန်မှာ သွားစွန့်စားတာတွေက ကြည့်လို့ကောင်းပြီပေါ့ဗျာ။ ခေတ်ကတော့ အတော်ကြီးကို ကွာခဲ့ပြီပေါ့ဗျာ။ ဇာတ်ကားအဆုံးမှာကိုက အာဖဂန်နစ္စတန်သားများအတွက် ရည်ညွှန်းပါသည်ဆိုပြီး ရိုက်ထားတဲ့ ဆိုဗီယက်တွေကို တွန်းလှန်နေတဲ့ခေတ်ကနေ ဒီကနေ့ သမိုင်းဘီးတစ်ပတ်လည်ပြီး အာဖဂန်နစ္စတန်နေရာအနှံ့မှာ အမေရိကန်တွေပြည့်နေတဲ့ခေတ်ကို ရောက်နေပြီမဟုတ်လား။ အာဖဂန်နစ္စတန်သားတွေ အမေရိကန်တွေကို တော်လှန်တဲ့ခေတ်ကို ရောက်နေပြီလေ။ ကြည့်ရင်းနဲ့ ရယ်မိတာပါပဲ။ အမေရိကန်တွေရဲ့ လုပ်ရပ်ကို သဘောကျမိလို့ပါ။ သူတို့စခဲ့တဲ့မီးကို အခုကျမှ သူတို့မငြှိမ်းနိုင်ဖြစ်နေတာကို တွေးမိလို့ပါ။ ဒီဇာတ်ကားထဲမှာတော့ ရမ်ဘိုကြီးက ဆိုဗီယက်တွေကို တော်လှန်နေတဲ့ အာဖဂန်သားတွေအတွက်တောင် သူရဲကောင်း လုပ်ပြနေသေးတယ်။

"အာဖဂန်နစ္စတန်ဆိုတာ ဘယ်တော့မှ မဆုံးရှုံးနိုင်တဲ့နေရာပဲ"
"ငါတို့သေရမှာ မကြောက်ပါဘူး၊ သေတယ်ဆိုတာ ဘုရားသခင်ကို ပူဇော်တာပါပဲ"
"ဒီအတိုင်းလည်း တစ်နေ့ သေရမှာပဲ"
"ကလေးတွေကလည်း တိုက်ခိုက်ရေးသမားတွေပဲလေ"
"ငါတို့ကို တော်လှန်ဖို့အတွက် အာဖဂန်တွေကို မင်းတို့အမေရိကန်တွေ ထောက်ပံ့ပေးနေတာ ငါသိတယ်"
အဲဒီစကားလုံးတွေကြောင့်တော့ ကြည့်နေရင်း အတွေးတွေ အများကြီးပွားမိတယ်။ ဇာတ်လမ်းအရ ဒိုင်ယာလော့ခ်တွေကို သူ့နေရာနဲ့သူ ပြောသွားတာဖြစ်ပေမယ့် ခေါင်းထဲမှာ တွေးစရာတွေနဲ့အတူ မှတ်မိပြီး ကျန်နေရစ်ခဲ့တယ်။

မြန်မာကားတွေကိုတော့ မဖြစ်နိုင်ဘူးတွေ၊ ဘာတွေနဲ့ လက်ညှိုးဝိုင်းထိုးနေကြတဲ့လူတွေကို ရမ်ဘိုတစ်ယောက်တည်း အာဖဂန်နစ္စတန်မှာ ဆိုဗီယက်ခံတပ်စခန်းကြီးတစ်ခုလုံးကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ပြတာကရော ယုတ္တိရှိရဲ့လားလို့ မေးလိုက်ပါရစေ။ "ဘာပဲဖြစ်ဖြစ် ညာတာချင်း၊ မဖြစ်နိုင်တာချင်း အတူတူကို သူတို့ဇာတ်ကားတွေက အက်ရှင်ကောင်းကောင်းနဲ့ ကြည့်လို့ကောင်းတယ်ကွ"လို့ ဖြေမယ်ဆိုတာတော့ သိနေသလိုပါပဲ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့။
နံနက် ၃ နာရီ ၂၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics