ဒီခေတ်လူတွေ စာမဖတ်ကြတော့ဘူးလား
ဒီမေးခွန်းကို စာပေလောကသားတွေ၊ စာပေအနုပညာရှင်တွေ တော်တော်များများက မေးချင်ကြပါလိမ့်မယ်။
မြန်မာနိုင်ငံ လူဦးရေနဲ့ယှဉ်ရင် စာအုပ်ထုတ်ဝေမှုနှုန်းဟာ တရားလွန်ကွာခြားနေလို့ပါပဲ။ လူဦးရေသန်း ၆၀ လောက်ရှိတဲ့ ဒီတိုင်းပြည်ထဲမှာ အုပ်ရေ ၁၀၀၀ ကုန်အောင် တော်တော်လေးရောင်းရပါတယ်။
ဘယ်လိုစာပေအမျိုးအစားမဆို ရောင်းအားတွေ ကျဆင်းနေတာကို စာပေလောကမှာ ကျင်လည်နေတဲ့လူတိုင်း သိပါတယ်။
ဒါဟာဘာကြောင့်လဲ။
အင်တာနက်ဆိုင်တွေထဲမှာ လူတွေများလာတာကြောင့်လား။ ဖျော်ဖြေမှုပုံစံတွေ များပြားလာလို့လား။ လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်မှာတော့ ရောင်းအားပုံမှန်ပါပဲလို့ ကျွန်တော့်မိတ်ဆွေ စားသောက်ဆိုင်ပိုင်ရှင် တစ်ယောက်က ပြောပါတယ်။ စာအုပ်ဈေးက ကြီးတယ်လို့သာ ပြောရတာ၊ တကယ်တော့ တခြားကုန်ပစ္စည်းဈေးနှုန်းတွေနဲ့ ယှဉ်ရင် သိပ်မထူးလှပါဘူး။
ကျွန်တော့်အမြင်တော့ လူတွေရဲ့ အမူအကျင့်တွေ ပြောင်းလာတာကြောင့် ဖြစ်လိမ့်မယ်။
ဒါပေမယ့် ဒီအမြင်ဟာ မမှန်ပါစေနဲ့လို့ ဆုတောင်းရမယ့်အမြင်ပဲ။ စာမဖတ်တဲ့ လူတန်းစားတစ်ရပ် ကြီးထွားလာတာဟာ သူ့ရဲ့နောက်က မျိုးဆက်ကိုပါ ထိခိုက်နစ်နာအောင် လုပ်လိုက်သလိုပါပဲ။ ဥပမာလေးတစ်ခုပါ။ အသည်းရောဂါဖြစ်နေတဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲ တစ်ယောက်က အစားမစားချင်၊ ရင်ပူလို့ဆိုပြီး ၁၀ ရက်တိတိ အချိုရည် တောက်လျှောက်သောက်နေပါသတဲ့။ ဆေးရုံလည်းရောက် ဆုံးတာပါပဲ။
အစားမ၀င်ရင် ဆရာဝန်ဆီ သွားသင့်တယ်။ ဂလူးကို့စ်ပုလင်းလေး၊ ဘာလေးချိတ်သင့်တယ်ဆိုတာတောင် ကျန်းမာရေးအမြင်မရှိခဲ့ဘူး။ ဒါတောင် သူက ပညာတတ်ဘွဲ့ရတစ်ယောက်ပါ။ ဒါပေမယ့် အပြင်စာဖတ်အား မရှိခဲ့ဘူး။ သူ့ပတ်ဝန်းကျင်က စာအုပ်တွေနဲ့ အလှမ်းမီတဲ့နေရာပါ။ အလွယ်တကူဝယ်မယ်ဆို ၀ယ်လို့ရပါရဲ့။
အခုတော့ သူ့မိန်းမနဲ့ကလေးနှစ်ယောက် ယောင်လည်လည်နဲ့ လောကအလယ်မှာ ကျန်ရစ်ခဲ့ပါပြီ။
သူ့ရဲ့ စာဖတ်အား၊ လေ့လာအားမရှိတဲ့ အကျိုးဆက်က သူ့ရဲ့ နောက်မျိုးဆက်ကို ဒုက္ခတွေ့စေခဲ့ပါပြီ။ ဒါဟာ ကျွန်တော့်ကိုယ်တွေ့တစ်ခုပါပဲ။
ဒါကို ဘယ်လိုဖြေရှင်းရမလဲ။ မေးခွန်းထုတ်ရပါတော့မယ်။
Behaviour Change ဆိုတဲ့ နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ တကယ်တော့ ဒီလုပ်ငန်းစဉ်ဟာ အင်မတန် စိတ်ရှည်ပြီး အချိန်ပေးရမယ့် လုပ်ငန်းပါ။ လူတစ်ယောက်ဟာ သူရဲ့အမူအကျင့်တွေ ပြောင်းလဲဖို့ အင်မတန်ခက်ခဲပါတယ်။
အဲဒီ ခက်ခဲတဲ့လုပ်ငန်းကို အခုအချိန်တည်းက စလုပ်မှ အချိန်တစ်ခုမှာ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်သစ်တွေအတွက် စိတ်အေးရပါလိမ့်မယ်။
အမူအကျင့်တွေ ပြောင်းလဲလာအောင်လုပ်ဖို့ စကြိုးစားဖို့ လိုလာပါပြီ။
စာဖတ်ရတာ ငါတို့ဘာရမှာလဲဆိုတဲ့ မေးခွန်းကို ဖြေရပါတော့မယ်။
ဘာစာပေအမျိုးအစားကိုဖတ်ဖတ် တစ်ခုခုတော့ ရပါလိမ့်မယ်လို့ ဖြေရမှာပါပဲ။ သုတဖတ်ရင် သုတရမယ်။ ရသဖတ်ရင် ရသကို ခံစားရမယ်။ အတွေးအမြင်ကိုဖတ်ရင် အတွေးသစ်၊ အမြင်သစ်တွေ ရရှိလာမယ်။ ဘာသာရေးစာဖတ်ရင် ဘာသာရေးနဲ့ ပတ်သက်တာတွေ ရနိုင်ပါတယ်။
နောက်စာအုပ်ရဲ့ အားသာချက်တစ်ခုက အမြဲတမ်း လက်တစ်ကမ်းမှာထားပြီး ကိုယ်ဖတ်ချင်တဲ့အချိန် ဖတ်လို့ရတာပါပဲ။
ကျွန်တော်ဆို အခုအထိ ဆရာကြီးတက်တိုးရေးခဲ့တဲ့ "ဘ၀အမြင်"ကို ဖတ်တုန်း။ ဆရာကြီး သက်လုံရဲ့ "သားငယ်ရွယ်လူး သိစေဦး" ကို ဖတ်တုန်း။ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ "တစ်ဘ၀သာသနာ"ကို ဖတ်တုန်း။ နောက်ပိုင်း စာရေးဆရာတွေလည်း ကိုယ်လက်လှမ်းမီသရွေ့ ဖတ်နေတာပါပဲ။
စာဖတ်များလာတဲ့အခါ လူရဲ့ အသိဉာဏ်ကို ရင့်ကျက်လာစေတယ်။ အမှားအမှန်ကို ကိုယ်ကိုယ်တိုင် ခွဲခြားသိနိုင်တယ်။ ကိုယ့်ဘ၀လမ်းခရီးမှာ ဆောင်ရန်တွေ ရှောင်ရန်တွေ သိမြင်လာနိုင်တယ်။
ဒါဟာ စာဖတ်ခြင်းကြောင့် ရတဲ့အကျိုးကျေးဇူး အနည်းငယ်လောက်ပဲ ရှိပါသေးတယ်။
အခုခေတ်လူတွေ စာဖတ်ကြဖို့ လိုပါတယ်။ နောက်လာလတ္တံ့သော ကိုယ့်ရဲ့ မျိုးဆက်သစ်ကလေးတွေ အတွက်ပါပဲ။
ဒီတော့ တိုက်တွန်းလိုက်ပါရစေ။ သမိုင်းပေးတဲ့ တာဝန်တစ်ရပ်ကို ထမ်းဆောင်တဲ့အနေနဲ့ စာဖတ်ကြစေချင်ပါတယ်။
ဖတ်စရာစာအုပ်တွေ မရှိဘူးလို့တော့ မညည်းညူစေချင်ဘူး။
စာဖတ်တဲ့အမူအကျင့်ရှိတဲ့ သူတွေအတွက် စာအုပ်မျိုးစုံရှိပါတယ်။ စာပေလောကကြီးတစ်ခုလုံးမှာ စာရေးဆရာတွေ မနည်းပါဘူး။ ထွက်တဲ့စာအုပ်တွေလည်း အများကြီးပါ။ ဘယ်လောက်များသလဲဆို စာဖတ်သန်လွန်းတဲ့ ကျွန်တော်တို့တောင် အလုံးစုံ လိုက်မဖတ်နိုင်လောက်အောင်ပါပဲ။
ဒီခေတ်လူတွေကို ဆရာလုပ်တာရယ်လို့ မထင်စေချင်ဘူး။ စာအုပ်တစ်အုပ်ကို (ဘာစာအုပ်ပဲဖြစ်ဖြစ်ပေါ့) တစ်လတစ်အုပ်လောက် ကိုယ်ကြိုက်နှစ်သက်ရာ စာပေအမျိုးအစားကို ၀ယ်ဖတ်စေချင်တယ်။
ကျွန်တော်တို့ရဲ့ နောက်က လာလတ္တံ့သော မျိုးဆက်တွေ ညံ့သွားရင် ကျွန်တော်တို့က သမိုင်းတွင်မယ့် လူညံ့တွေ အဖြစ်ခံရတော့မလားလို့ စိုးရိမ်မိလို့ သတိပေးဖြစ်တာပါပဲ။ သည်နေရာတွင် အိုင်တီခေတ်ဖြစ်၍ စာအုပ်များ ၀ယ်မဖတ်လိုသောကြောင့် အင်တာနက်မှ ဖတ်သည်ဟုဆိုလျှင်လည်း စာဖတ်ရာရောက်သည့် ထိုနည်းဖြင့် စာဖတ်ခြင်းကိုလည်း အားပေးသည်။ အွန်လိုင်းမှလည်း စာမဖတ်သူများကတော့ လက်ဖက်ရည်ဆိုင် ထိုင်ချိန်လေးလျှော့၊ အခွေဝယ်တာတွေလျှော့ရင် စာဖတ်ဖို့အချိန်နဲ့ စာအုပ်ဝယ်ဖို့ပိုက်ဆံ ထွက်လာလိမ့်မယ် ထင်ပါတယ်ခင်ဗျာ။
Thursday, November 12, 2009
လူညံ့တွေဖြစ်ကြတော့ရင်ဖြင့် - သဲအောင်
(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၃၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 11:18 AM
Labels စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment