Thursday, November 12, 2009

ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တစ်ခု


မြန်မာနိုင်ငံတွင် အခြေခံဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်း၍ အရပ်ဘက် လူ့အဖွဲ့အစည်းကို အနည်းဆုံး ဥပဒေပြုလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပြုဖွယ်ရှိနေရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် များစွာ စိတ်ဝင်စားဖွယ်ကောင်းသော အနေအထားသို့ ရောက်ရှိနေပေသည်။

ပြည်သူလူထုကြီး၏ အကျိုးစီးပွားအလို့ငှာ ပြောရမည်ဆိုလျှင် နိုင်ငံရေးပါတီကြီးများ အင်အားကောင်းကောင်းဖြင့် လွှတ်တော်တွင်းသို့ ရောက်ရှိ၍ Political Process ခေါ်  အဆင့်လိုက် တာဝန်ခွဲဝေဆုံးဖြတ်သည့်စနစ်ကို မြင်တွေ့ရရေးသည် အဓိကကျပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဒီမိုကရေစီနည်းဖြင့် ရွေးချယ်ထားသော်လည်း တစ်ပါတီစနစ်အသွင် ပါတီတစ်ခုတည်းက ကြီးစိုးထားသော လွှတ်တော်တစ်ခု၏ သဘောတရားသို့ သက်ရောက်သွားပြီး Check and Balance မရှိသော အသွင်ဆောင်မသွားစေရေးသည် နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါသည်။

အထက်တွင် ပြောခဲ့သော Check and Balance Political Process ပေါ်ထွန်းလာရေးသည် တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေး (State Building) ဖြစ်ပါသည်။ အဆိုပါ နိုင်ငံတည်ဆောက်ရေး ပီပြင်စေရေးတွင် နိုင်ငံရေးပါတီအသစ်များ အင်နှင့်အားနှင့် ပေါ်ပေါက်၍ အတိုက်အခံသဘောမဟုတ်သည့် ရင့်ကျက်သော နိုင်ငံရေးကို ဖော်ဆောင်သူများ ပေါ်ပေါက်ရေးသည် ပြောရလျှင် နိုင်ငံ့စီးပွားရေး သို့မဟုတ် လူလတ်တန်းစား အနေအထားနှင့် တိုက်ရိုက်အချိုးကျပေသည်။

မြန်မာနိုင်ငံ၏ လူလတ်တန်းစား အနေအထားသည် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ မရှိသောကြောင့် ရွေးကောက်ပွဲဥပဒေများ မကြာမီထွက်ပေါ်လာသောအခါ နိုင်ငံရေးပါတီများအတွက် အဓိကကျသော အခက်အခဲသည် ငွေရေးကြေးရေး ဖြစ်လာပါလိမ့်မည်။

ဤနေရာတွင် The Voice Weekly အနေဖြင့် အဆိုပြုလိုသည်မှာ နိုင်ငံတည်ဆောက်ရေးအလို့ငှာ ရင့်ကျက်သော နိုင်ငံရေးပါတီများ ပေါ်ပေါက်ရေးနှင့် Political Process ကို စတင်နိုင်ရေးတို့အတွက် "ငွေရေးကြေးရေး" ကိစ္စ ပြေလည်သွားစေနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

ပါတီနိုင်ငံရေးများနှင့် မပတ်သက်ဘဲ အန္တရာယ်ကင်းသည့် နည်းလမ်းဖြင့် နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လိုသော နိုင်ငံသားများအနေဖြင့် "ဒီမိုကရေစီဖွံ့ဖြိုးရေးရန်ပုံငွေ" တစ်ခုကို ထူထောင်ကာ ဒိုင်လူကြီးဖြစ်သည့် တပ်မတော်ထံအပ်နှံ၍ ပါတီဝင်အင်အားများသည့် ပါတီကြီးအနည်းငယ်ကို အင်အားအလိုက် အချိုးကျ ထောက်ပံ့ပေးသည့် နည်းလမ်းကို The Voice Weekly က  အဆိုပြုလိုခြင်း ဖြစ်ပါသည်။

နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အန္တရာယ်ကင်းသည့် နည်းလမ်းများရှိခဲ့လျှင် ပါဝင်ကူညီချင်သူ များစွာရှိကြောင်း ကျွန်ုပ်တို့ကြားသိနေရသည်ဖြစ်ရာ ဒိုင်လူကြီးတပ်မတော်က ကြီးကြပ်စီမံခွဲဝေပေးမည့် ရန်ပုံငွေတစ်ရပ် ပေါ်ပေါက်ခဲ့ပါလျှင် နိုင်ငံရေးပါတီလိုအပ်ချက်နှင့် ရန်ပုံငွေလိုအပ်ချက် နှစ်ခုစလုံး ပြည့်ဝသွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အယ်ဒီတာ (၄-၁၁-၂၀၀၉)

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁ မှ Editorial ကို ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics