Thursday, November 12, 2009

စွဲလမ်းမှုပြဿနာ - အေးမြကျော်


မျက်လုံးအစုံကိုဖွင့်၍ အိပ်ရာမှ နိုးထလာကတည်းက သူမ စိတ်ပူနေမိသည့်အရာတစ်ခုရှိသည်။ ခရမ်းရောင်သန်းကာ လှပနေမည့် စပျစ်သီးခင်း၊ အညိုရောင်ဂျုံခင်း၊ အစိမ်းရောင်သမ်း စပါးခင်းနှင့် ခူးစွတ်ဖို့ အသင့်ဖြစ်နေတော့မည့် ဖရုံခင်းတို့အတွက် သူမ စိတ်ပူပန်မိသည်။ လက်များကို ချိုးရေတွက်ကြည့်တော့ တချို့စိုက်ခင်းတွေဆို ရိတ်သိမ်းချိန်က အတော်ပင်ကျော်နေလေပြီ။ အချိန်တွက်ကြည့်ပြီးတော့ ပို၍ပင် စိုးရိမ်စိတ်ဝင်လာသည်။ သူမ ရောက်သွားမည့်အချိန်တွင် ညှိုးခြောက်ကာ သေဆုံးနေမည်လား၊ သူမ တယုတယ စိုက်ခဲ့သော စပျစ်ပင်များ ရှိမှရှိပါတော့မလားဟု စိတ်မှန်းဖြင့် သူမတွေးတောနေမိသည်။

မနေ့က ရုံးပိတ်ရက်ခံသွားသဖြင့် သူမလယ်ကွက်ကလေးနှင့် တစ်ရက်ဝေးခဲ့ရသည်။ သူမဖန်တီးခဲ့သော လယ်ကွက်ကလေးထဲမှာ မွေးမြူထားခဲ့တဲ့ နွားကလေးတွေဆီကလည်း နွားနို့ညှစ်ယူဖို့ အချိန်ကျနေလောက်ပြီ။ သိုးကလေးတွေဆီကလည်း သိုးမွေးရိတ်ယူ၍ ရနေလောက်ပြီ။ သူငယ်ချင်းတွေ လက်ဆောင်ပေးထားသော ပန်းသီးပင်၊ ချယ်ရီပင်၊ လိမ္မော်ပင်များမှာလည်း အသီးတွေ ဝေနေလောက်ပြီဟု တွေးမိရင်း သူမရုံးသို့ အရောက်သွားရန်သာ စိတ်လောနေမိတော့သည်။

အမှန်တော့ သူမစိုက်ပျိုးခဲ့သည်ဆိုသော စပျစ်ခင်း၊ ဖရုံခင်း၊ စပါးခင်း၊ ဂျုံခင်းတို့မှာ မြေသားကမ္ဗလာတွင် ထွန်ယက်စိုက်ပျိုးထားခြင်းမဟုတ်ပါ။ သူမခြံထဲက နွားကလေးများ၊ သိုးကလေးများမှာလည်း သက်ရှိထင်ရှား မဟုတ်ကြပါ။ ပန်းသီးပင်၊ လိမ္မော်ပင်၊ ချယ်ရီပင်များမှာလည်း လက်ဖြင့်လှမ်းယူခူးဆွတ်နိုင်သော သီးပင်စားပင်များ မဟုတ်ကြပါ။

စင်စစ်တွင်တော့ လွန်ခဲ့သည့်နှစ်လခန့်ကမှ မွေးဖွားလာသည်ဟု ဆိုနိုင်မည့် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုရေးကွန်ရက်တစ်ခုဖြစ်သော Facebook ၏ ဂိမ်းတစ်ခုဖြစ်သည့် Farmville တွင် သူမစိတ်ကြိုက်လယ်တစ်ကွက်ကို ဖန်တီးထားခြင်းပင် ဖြစ်သည်။

သုံးစွဲသူများနှင့် စတင်မိတ်ဆက်ခဲ့သော ဇူလိုင်လဆန်းမှ ယနေ့အထိ ၃ လတာ ကာလအတွင်း တစ်ကမ္ဘာလုံးမှ သုံးစွဲသူပေါင်း ၃၃ သန်း ရှိလာသည်ကို ကြည့်ခြင်းဖြင့် ထိုဂိမ်းသည် လူအများကို မည်မျှဆွဲဆောင်ထားနိုင်ကြောင်း မှန်းဆနိုင်သည်။

ဂိမ်းများကို စစ်တမ်းကောက်ယူလေ့ရှိသော Insidesocialgame.com တွင် ဖော်ပြချက်အရ လူဆော့ကစားမှု အများဆုံး Facebook ဂိမ်း ၂၅ ခုကို စစ်တမ်းကောက်ယူခဲ့ရာတွင် အများဆုံးကစားသည်မှာ Farmville ဖြစ်နေခဲ့သည်။

ယခုနှစ်ပိုင်းများတွင် မြန်မာလူငယ်များအကြား၌ လူမှုရေးကွန်ရက် Facebook ကို အသုံးများလာသည့်နောက်တွင် သူ၏အစွယ်အပွား ချစ်စရာအရုပ်များဖြင့် ဖန်တီးထားသည့် ဂိမ်းများက လူငယ်များ၏ နေ့စဉ်ဘ၀တွင် နေရာယူလာသည်မှာ အထင်အရှားပင်။

"ငါ့ကို နွားလေးတစ်ကောင် ပို့ပေးဦးနော်၊ နင့်ကိုလည်း သိုးတစ်ကောင် ပို့ပေးလိုက်မယ်"၊ "အစ်မ သမီးကို ပန်းသီးပင်လေး၊ ခြံစည်းရိုးလေး ပို့ပေးဦးနော်" စသည့် စကားလုံးအသုံးအနှုန်းများမှာ သာမန်လူများအတွက် ထူးဆန်းနေမည်ဖြစ်သော်လည်း Farmville သုံးစွဲသူအချင်းချင်းအတွက်တော့ နေ့စဉ်သုံးစကားလိုပင် ဖြစ်နေလေပြီ။ မြန်မာမှုနယ်ပယ်တွင်သာမက ကမ္ဘာတစ်ဝန်းရှိ မည်သည့်လူမှုနယ်ပယ်တွင်မဆို တစ်ယောက်နှင့်တစ်ယောက် လက်ဆောင်ပစ္စည်းပေးသည့် အလေ့ရှိခြင်းကို အခြေခံကာ ဂိမ်းတွင် နွား၊ သိုး၊ ဆိတ်၊ ပန်းသီးပင်၊ လိမ္မော်ပင်၊ သံပုရာပင်၊ ယုန်၊ ကြက် စသည့် ရှုချင်စဖွယ် အကောင်၊ အပင်များကို လက်ဆောင်ပစ္စည်းအဖြစ် သူငယ်ချင်းများထံ ပေးပို့နိုင်ခြင်းက ထိုဂိမ်းကို လူအများစွဲလမ်းနေရခြင်း၏ အကြောင်းအရင်းတစ်ချက်ပင်။

လယ်ကွင်းအတွင်း စိုက်ပျိုးထားသော အပင်များကို သတ်မှတ်ချိန်အတိုင်း ပြန်လည်ဝင်ရောက် ရိတ်သိမ်းရအောင် ဖန်တီးထားသည့်အတွက် ပိုမိုစွဲလမ်းနေကြခြင်းဖြစ်သည်။

"သူငယ်ချင်းတစ်ယောက်ဆို သူ့အပင်တွေ ရိတ်ချိန်လွန်မှာစိုးလို့ဆိုပြီး သူ့ password (လျှို့ဝှက်နံပါတ်)ကိုပေးပြီး ရိတ်ခိုင်းတဲ့အထိပဲ။ သူ့အပင်တွေ သေကုန်မှာစိုးလို့တဲ့လေ" ဟု သူငယ်ချင်းအား ကူညီခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

လယ်ကွင်းတွင်းတွင် စိုက်ပျိုးပြီး ပိုက်ဆံများတိုးပွားလာသည်နှင့် အိမ်အဆောက်အဦ၊ အလှဆင်ပစ္စည်းများ၊ လယ်ထွန်စက်၊ ရိတ်သိမ်းစက် စသည်တို့ကို ၀ယ်ယူနိုင်အောင် ဖန်တီးပေးထားသည်။ ပြင်ပရှိ လယ်စိုက်သူများ၏ သဘာဝနှင့် အနီးစပ်ဆုံးတူအောင် ဖန်တီးနိုင်သည့်အတွက် ယခုဆိုလျှင် အွန်လိုင်းလယ်သမား အရေအတွက်မှာ ရန်ကုန်မြို့နေ အင်တာနက်သုံးစွဲသူများအတွင်း များသထက်များလာသည်။

မိမိဖန်တီးထားသော လယ်ကွက်ကို ၀င်ရောက်လိုက်မိသည်ဆိုသည်နှင့် ခြံနီးနားချင်းထံ အလည်သွားကာ ခြံရှင်းပေးခြင်းဖြင့် ၀င်ငွေရသည်။ မွေးမြူထားသော တိရစ္ဆာန်များထံမှ ပိုက်ဆံရရန် နွားနို့ညှစ်တန်ညှစ်၊ မြင်းမြီးဖြတ်တန်ဖြတ်၊ သိုးမွေးရိတ်တန်ရိတ်၊ ဒါမှမဟုတ် သီးပွင့်နေသော အပင်များထံမှ အသီးများကို ကလစ်တစ်ချက်ချင်းနှိပ်ကာ ၀င်ငွေရအောင် ပြုလုပ်ခြင်း စသည့် ဗာဟီရအလုပ်များ လုပ်ခြင်းဖြင့် ကစားသူ၏ အချိန်တစ်နာရီလောက်ကို ဖဲ့ယူနိုင်စွမ်းသည်။

"ဒီဂိမ်းကို ဘာကြောင့် ဆော့ဖြစ်တာလဲဆိုတော့… အပြင်မှာ ကိုယ်တိုင်စိုက်ပျိုးပြီးရင် သီးပွင့်လာတာကို လူတိုင်းကြည့်ပြီး ကြည်နူးကြတယ်လေ။ အဲဒီအရသာအတိုင်း ခံစားရလို့ ဆော့ဖြစ်တာ။ အပင်တွေကလည်း သဘာဝနဲ့ အရမ်းနီးစပ်အောင် တူတယ်လေ" ဟု Farmville ကို ဆော့ကစားလာသည်မှာ Level 32 ထိပင် ရောက်ရှိနေပြီဖြစ်သော အသက် ၂၀ ကျော်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

တစ်လတာကာလအတွင်း အဆိုပါ Level သို့ ရောက်ရှိရန် တစ်နေ့တစ်နေ့ကို တစ်နာရီမှ တစ်ခါတစ်ရံ နှစ်နာရီကျော်ကြာ ဆော့ကစားခဲ့ရသည်ဟု သူကပြောသည်။ "အဲဒီဂိမ်းကို ဆော့ပြီးကတည်းက အလုပ်ကိုသိပ်ပြီး အာရုံမရောက်မိတော့ အလုပ်မှာ ထိခိုက်တယ်။ အချိန်ကုန်တယ်ဆိုတာ သိသိကြီးနဲ့ကို ဆော့ပြီးရင်းဆော့ချင်နေတာ" ဟု အသက် ၂၀ ကျော်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။ လူမှုကွန်ယက်ဖြစ်သည့် Facebook ကို အစဉ်အမြဲသုံးစွဲလေ့ရှိသော ကုမ္ပဏီအမှုဆောင်ဒါရိုက်တာတစ်ဦးက Facebook ၏ ဂိမ်းများကို ယခုကဲ့သို့ သုံးသပ်ပြသည်။

"မပင်မပန်းနဲ့ လူတွေကို မအားအောင်လုပ်နိုင်တဲ့ဂိမ်းတွေပဲ။ ဦးနှောက်သုံးစရာမလိုဘဲ အချိန်ဖြုန်းနိုင်မယ့် နည်းလမ်းတစ်ခုပါ။ ကိုယ့်အတွက် ဘာအကျိုးမှမဖြစ်စေဘူး" ဟု သူက မှတ်ချက်ပြုခဲ့သည်။

ပြည်တွင်းဖျော်ဖြေရေးနှင့် သတင်းဝက်ဘ်ဆိုက် Planet ၏ မန်နေဂျာတစ်ဦးဖြစ်သူ ဦးကျော်ခိုင်ဦးက Facebook ဂိမ်းများကို စွဲလန်းစွာ အသုံးပြုလာကြခြင်းကို ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။ "အဓိက အကြောင်းအရင်းက Interactive ပါ။ လူဆိုတာ ကိုယ်လုပ်ဆောင်လိုက်တဲ့၊ အားထုတ်လိုက်တဲ့ အကြောင်းအရာ တစ်ခုခုရဲ့ရလဒ်ကို ကိုယ်တိုင်ကြည့်ပြီး ခံစားချင်တတ်ကြပါတယ်။ Facebook ဂိမ်းတွေမှာ အဲဒီလိုခံစားရအောင် လုပ်ပေးထားပါတယ်။ ဥပမာ Farmville မှာ ကိုယ်စိုက်ပျိုးလိုက်တဲ့ အပင် (တကယ်စိုက်တာမဟုတ်ဘဲ Virtual Planting)လေးတွေ သီးပွင့်လာရင် ခူးဆွတ်ရ၊ ရိတ်သိမ်းရပါတယ်။ ဒါက အပြင်လောကနဲ့ တော်တော်နီးစပ်ပါတယ်။ ကိုယ်စိုက်လိုက်တဲ့ အပင်က သီးပွင့်လာတာကို ကြည့်ပြီး ကြည်နူးတတ်ကြပါတယ်" ဟူ၍။

ကိုကျော်ခိုင်ဦးကပင် Facebook ဂိမ်းများ သုံးစွဲခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဝေဖန်ထောက်ပြခဲ့ပါသေးသည်။

"ကောင်းကျိုးကတော့ ဒီဂိမ်းတွေကိုဆော့နေတဲ့ မြန်မာအချင်းချင်းအပြင် ကမ္ဘာတစ်ဝန်းက မိတ်ဆွေတွေနဲ့ ရင်းနှီးခွင့် ရနိုင်ပါတယ်။ မကောင်းတဲ့ဘက်ကတော့ အချိန်ရှိသမျှ မောက်စ်ကလစ် နှိပ်ဆော့နေရတဲ့ ဒီဂိမ်းတွေက အချိန်တွေကို မသိမသာ ခိုးယူနေသလိုပါပဲ။ ဘယ်အရာမဆို မြန်မာစကားပုံအရတော့ တန်ဆေးလွန်ဘေးပေါ့။ လုပ်ငန်းခွင်မှာ ထိခိုက်စေနိုင်တာကတော့ ဒီဂိမ်းတွေကို ဆော့တဲ့သူတွေရဲ့ စည်းကမ်းနဲ့ သိတတ်မှုအပေါ် မူတည်မယ်ထင်ပါတယ်။ အချိန်တိုင်းမှာ ဒါကိုပဲ အာရုံထည့်ထားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ နောက်ပြဿနာက ဒီဂိမ်းတွေရဲ့ သဘောက သူ့အချိန်နဲ့သူ ပြန်ဝင်ပြီး ဆော့ပေးရတာမျိုးဆိုတော့ အလုပ်ချိန်ကို ထိခိုက်စေနိုင်တဲ့ အနေအထားတွေ ရှိတယ်" ဟု သုံးသပ်သည်။

မည်သို့ပင်ဖြစ်စေ  သူမကတော့ တခြားသောဂိမ်းများ ဆော့ကစားခြင်းကို စွန့်လွှတ်လိုက်ပြီး ယခုဂိမ်းကိုပင် စွဲစွဲလမ်းလမ်း ဆက်ကစားမြဲ။ သူမ၏ ရည်မှန်းချက်က ၅၆ ဒေါ်လာတန်သော အကြီးစား ကျေးလက်အိမ်ကြီးကို ၀ယ်သူကာ သူမ၏ လယ်ကွက်တစ်နေရာတွင် နေရာချရေးပင်။ သူမ၏ ကိုယ်ပွားအရုပ်ကလေးက လယ်ကွင်းအတွင်း ပျားပန်းခတ် အလုပ်များရင်း သူမကိုယ်စား အပင်များကို စိုက်ပျိုးနေလေသည်။

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၃၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics