Thursday, November 12, 2009

ပါဝင်ပတ်သက်မှု သိသာသိစေ မမြင်စေနဲ့ - မောင်စူးစမ်း


ရုပ်ပုံလွှာ ပုံဖော်နည်း
မြန်မာ့ဒီမိုကရေစီသည် ပဲ့ကိုင်ဒီမိုကရေစီ ဖြစ်လာတော့မည်။ တစ်နည်းပြောလျှင် တပ်မတော်မှ စပွန်ဆာလုပ်ပြီး တပ်မတော်မှ ပါဝင်ပတ်သက်မည့်ဒီမိုကရေစီ ဖြစ်မည်ဖြစ်သောကြောင့် စစ်သား၏ ရုပ်ပုံလွှာသည် ဤဒီမိုကရေစီတွင် ပုံသဏ္ဌာန် မည်သို့ရှိမည်နည်းဟု မေးစရာပေါ်သည်။ အရပ်သားကိုယ်စားပြုမှုနှင့် စစ်ဘက်ကိုယ်စားပြုမှု နှစ်ခုဒွန်တွဲထားသော စနစ်ဖြစ်၍ အကဲခတ်လေ့လာသူတို့ အဖွဲ့ကိုယ်စားပြုမှု နှစ်မျိုးစလုံးကို သရုပ်ဖော်ဆန်းစစ်ကြည့်မည်မှာ ဓမ္မတာဖြစ်သည်။ ဤသို့ သရုပ်ဖော်ဆန်းစစ်ကြည့်ရန်လည်း တာဝန်ရှိကြသည်။

အရပ်ဘက်ကိုယ်စားပြုမှုသည် ပါတီနိုင်ငံရေးအကြောင်းတို့ကို လေ့လာကြည့်လျှင် အလွယ်တကူ ရုပ်လုံးပေါ် လေ့လာကြည့်နိုင်သည်။ နိုင်ငံရေးပါတီတို့၏ သမိုင်းကို လေ့လာရုံဖြစ်သည်။ သို့သော် မြန်မာ့နိုင်ငံရေး၌ စစ်ဘက်ကိုယ်စားပြုမှုကို ရုပ်လုံးဖော်ကြည့်ရာ၌ စစ်ဘက်မှ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပုံသမိုင်း အတိုကောက်ကို အခြေခံထား၍ ကြည့်နိုင်သည်။ အထူးသဖြင့် စစ်ဘက်မှ အာဏာသိမ်းခြင်း Coups တို့ကို အခြေခံထား၍ စစ်ဘက်၏ရုပ်ပုံလွှာ Military Profile ကို ပုံဖော်ကြည့်နိုင်သည်။

အနာဂတ်နိုင်ငံရေး
စစ်ဘက်ရုပ်ပုံလွှာကို သမိုင်းအခြေခံ၍ကြည့်သည်မှာ လာမည့် မြန်မာ့နိုင်ငံရေးအနာဂတ်တွင် စစ်ဘက်၏ ရုပ်ပုံလွှာသည် အသို့ရှိသင့်သနည်းဟု စေတနာကောင်းနှင့် အကြံပေးလာနိုင်ရန်ဖြစ်သည်။ စာရေးသူသည် လာမည့် အနာဂတ်နိုင်ငံရေးတွင် အရပ်ဘက်ရုပ်ပုံလွှာကို အကောင်းအဆိုး ထုဆစ်ပြလျက်ရှိသည်။ ထို့ကြောင့် ဒွိဟကိုယ်စားပြုမှု Dual Representation System တွင် စစ်ဘက်၏ရုပ်ပုံလွှာကိုလည်း ထိုက်သင့်သလို ဖွဲ့ဆိုပြထိုက်သည်ဟု ထင်သည်။

မြန်မာနိုင်ငံတွင် စစ်ဘက်မှ အာဏာသိမ်းမှု သုံးကြိမ်ဖြစ်ခဲ့သည်။

ထိုသို့အာဏာသိမ်းစဉ် စစ်ဘက်ခေါင်းဆောင်တို့က ဘယ်လိုပုံရိပ်ဖြင့် သရုပ်ဖော်ခဲ့သနည်းဟု ဆန်းစစ်ကြည့်ရန်လိုသည်။ စစ်သားပီပီ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခဲ့ကြသည်။ ခပ်ကြမ်းကြမ်းကိုင်ခဲ့သည်။ အာဏာကို ခပ်တင်းတင်းသုံးစွဲခဲ့သည်။ ဤသို့ ဖော်ပြရသည်မှာ လာမည့်မြန်မာ့နိုင်ငံရေးတွင် စစ်ဘက်၏ ပါဝင်ပတ်သက်မှုတွင် အတိတ်ကပုံစံမျိုးတို့ဖြင့် ကပြပုံမျိုးသည် ဆီလျော်နိုင်၏၊ မဆီလျော်နိုင်၏ စဉ်းစားနိုင်ရန်ဖြစ်သည်။

အနာဂတ်နိုင်ငံရေးတွင် တပ်မတော်က ပါဝင်ပတ်သက်သောအခါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖြစ်မည်။ ဤအချက်က တပ်မတော်၏ ပါဝင်ပတ်သက်မှုသည် ညက်ညောစေသည်။ ဥပဒေအရ ညက်ညောလျှင် ပုံရိပ်ကလည်း ညက်ညောရန်လိုသည်။ ထို့ကြောင့် "စစ်သားပီပီ" ဆိုသောပုံရိပ်သည် အရိုင်းထည်အတိုင်း ဖြစ်ဖို့မလိုပြီ။ "စစ်သားပီပီ"ဆိုသော ဆောင်ပုဒ်သည် "နိုင်ငံရေးသမား စစ်သား" ဖြစ်လာသောအခါ၌ အခြေအနေသစ်တွင် ပြန်လည်သုံးသပ်ရန်လိုမည်။

စစ်သားစတိတ်မင်
လိုရင်းပြောရလျှင် ယခင်နိုင်ငံရေးပါဝင်ပတ်သက်မှုတို့၌ တွန်းတွန်းတိုက်တိုက် အထက်စီးဆန်ခြင်း Arrogant ဖြစ်ခဲ့သလို ယခုနိုင်ငံရေးသစ်၌ ဤလိုဖြစ်စရာမလိုဟု ယူဆမိသည်။ ကိုယ်က စစ်သားနိုင်ငံရေးသမား ဖြစ်လာပြီဖြစ်၍ နိုင်ငံရေးပါတီတို့ကဲ့သို့ပင် နိုင်ငံရေး၌ လိမ္မာပါးနပ်မှု ရှိရမည်။ အမြော်အမြင်ကြီးရမည်။ အတွေးအမြင်၊ အမြော်အမြင်ကြီးသော စတိတ်မင်တွေ ဖြစ်ရမည်။ "စစ်သားနိုင်ငံရေးသမား"လို့ ဆိုမည့်အစား "စစ်သားစတိတ်မင်" လို့ ဆိုနိုင်ရမည်။

မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုသည် အတိအလင်း ထင်ရှားသော အချက်ဖြစ်စေကာမူ ပါဝင်ပတ်သက်မှုသည် သိသာသိစေ မမြင်စေနဲ့ ဖြစ်ရပါမည်။ တပ်မတော်မှ ပါဝင်ပတ်သက်နေကြောင်း မမြင်စေရသော အစိုးရကောင်းတို့မည်သည် အစိုးရရှိမှန်းပင် မသိစေရဟု ဆိုရိုးစကားရှိသည့်နည်းတူ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည်လည်း ပါဝင်ပတ်သက်နေကြောင်းကိုပင် မသိကြလျှင် ကောင်းသောပါဝင်ပတ်သက်မှု ဖြစ်ပါလိမ့်မည်။ လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှစ၍ တပ်မတော်သည် နိုင်ငံရေးထဲ ပါဝင်ပတ်သက်နေမည်။ သို့သော် ဤသို့ပါဝင်ပတ်သက်မှုသည် ကောင်းမွန်သဖြင့် လူတို့ပင်မမြင်ကြသည့် ပုံစံမျိုး ဖြစ်အပ်သည်။ ပါဝင်ပတ်သက်မှုသည် ခေတ်မီ၍ တတ်နိုင်သမျှ အနည်းဆုံးဖြစ်အပ်သည်။

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၄၄ Political Times အထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics