(ယခင်ပို့စ် "ပထမပုဂံခေတ်"မှ အဆက်)
အနော်ရထာမင်း နတ်ရွာစံလျှင် သားတော် စောလူးမင်း နန်းတက်လေသည်။ အနော်ရထာမင်းလက်ထက် မင်းမျက်သင့်၍ တိမ်းရှောင်နေသော ညီတော် ကျန်စစ်သားအား ရှာဖွေခေါ်ယူလေသည်။ ကျန်စစ်သားသည် ကျောင်းဖြူရပ်ရှိ မထီးတူမ သမ္ဘူလနှင့် ပေါင်းသင်းနေလေရာ သားကိုဖွားလျှင် မိမိလက်စွပ်ကိုယူ၍ လိုက်ခဲ့ရန် မှားကြားခဲ့ပြီး စောလူးမင်းထံ လိုက်ပါခစားလေသည်။ ကျန်စစ်သားသည် ပဲခူးစားသမီးတော် မဏိစန္ဒာခင်ဦးနှင့် ငြိစွန်းပြန်သည်ဟု တင်လျှောက်ချက်အရ စောလူးမင်းသည် ကျန်စစ်သားအား ဒလသို့ပို့ပြီးမှ မှူးမတ်တို့ လျှောက်တင်ချက်အရ ပြန်၍ခေါ်လေသည်။
စောလူးမင်းကား ခမည်းတော် အနော်ရထာမင်းကြီး စည်းရုံးထူထောင်ခဲ့သော နိုင်ငံတော်ကို ဆက်လက်ထူထောင်နိုင်စွမ်း မရှိချေ။ စောလူးမင်းသည် အထိန်းတော်၏သား ငရမန်ကို ပဲခူးမြို့ကို စားစေလေသည်။ တစ်ခါသော် စောလူးမင်းသည် ငရမန်နှင့် ကြွေအန်ကစားရာ ငရမန်နိုင်သဖြင့် ကြုံးဝါးလေသော် နင် သတ္တိရှိက ပုန်ကန်လေဟုဆိုသဖြင့် ငရမန်လည်း ကြံစည်ရင်းအတိုင်း ပုန်ကန်ရာ စောလူးမင်းကို ဖမ်းမိလေသည်။ ကျန်စစ်သားက ၀င်၍ခိုးထုတ်သော်လည်း မယုံ၍ မလိုက်သဖြင့် ငရမန်၏ ကွပ်မျက်ခြင်း ခံရလေသည်။ စောလူးမင်းမရှိလျှင် ကျန်စစ်သားသည် ငရမန်၏ရန်ကို ဖြိုခွင်းတိုက်ခိုက်ပြီးနောက် ထီးနန်းဆက်ခံလေသည်။
မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Friday, November 13, 2009
၄၃။ စောလူးမင်း (၄၃၉-၄၄၆)
Posted by Ko Nyan Posted Time 3:30 PM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment