(ယခင်ပို့စ် "ပထမပုဂံခေတ်"မှ အဆက်)
ကျန်စစ်မင်းသည် ခမည်းတော် အနော်ရထာမင်း ထူထောင်ခဲ့သောနိုင်ငံကို ပြန်လည်စည်းရုံး၍ တိုင်းပြည်ကို ထူထောင်လေသည်။ မင်းဖြစ်ပြီးလျှင် ဥဿာမင်းသမီး မဏိစန္ဒာခင်ဦး၊ ထီးလှိုင်ရွာသူကြီးသမီး ခင်တန်၊ မထီးတူမ သမ္ဘူလနှင့် အပယ်ရတနာတို့အား သိမ်းပိုက် မိဖုရားမြှောက်လေသည်။ အပယ်ရတနာမှ သမီးတော် ရွှေအိမ်သည်ကို ဖွားမြင်ရာ စောလူးမင်း၏သားတော် စောယွန်းနှင့် စုံဖက်လေသည်။ သမ္ဘူလမှာမူ မင်းဖြစ်ပြီး ၂ နှစ်ကြာမှ ရောက်ရှိလာသဖြင့် ပါရှိလာသော သားတော် ရာဇကုမာအား ဇေယျခေတ္တရာဘွဲ့နှင့် ဓည၀တီနှင့် တောင်စဉ် (၇)ခုရိုင်ကို စားစေလေသည်။
ကျန်စစ်မင်းကြီးသည် ထီးနန်းသစ် တည်ဆောက်၍ မွန်တို့အားလည်း စည်းရုံးချီးမြှောက်လေသည်။ နဂါးရုံဘုရား၊ အပယ်ရတနာဘုရား၊ အာနန္ဒာဘုရားတို့ကိုတည်၍ မင်းအိုချမ်းသာဘုရားကိုလည်း တည်လေသည်။ ရွှေစည်းခုံစေတီကိုလည်း ဆက်လက်တည်လုပ်လေသည်။ ရခိုင်မှထကြွသော သက်မင်းကတုံကိုလည်း နှိမ်နင်းလေသည်။
ကျန်စစ်မင်းကြီးသည် နန်းစံ ၂၈ နှစ် ရှိသောအခါ နာမကျန်းဖြစ်လေလျှင် သားတော်ရာဇကုမာသည် ရွှေဆင်းတုတစ်ဆူ သွန်းလုပ်၍ မင်းကြီးရှေ့တွင် ထိုဘုရားအား မိမိ စားရသော ကျွန်သုံးရွာကိုလှူကာ အမျှပေးဝေလေသည်။ မင်းကြီးလည်း နှစ်သက်တော်မူသည်။ ထိုအကြောင်းကို ရာဇကုမာမင်းသားသည် ပါဠိ၊ မြန်မာ၊ ပျူ၊ မွန် လေးဘာသာဖြင့် ကျောက်စာရေးထိုးထားခဲ့လေသည်။ မူရင်းကျောက်တိုင်နှစ်တိုင် စိုက်ထူခဲ့လေရာ ထိုကျောက်စာမှာ မြန်မာစာပေနှင့် သမိုင်းတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့လေသည်။
မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Friday, November 13, 2009
၄၄။ ကျန်စစ်သားမင်း (၄၄၆-၄၇၃)
Posted by Ko Nyan Posted Time 3:31 PM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment