Friday, November 13, 2009

၄၅။ အလောင်းစည်သူ (၄၇၃-၅၂၉)


(ယခင်ပို့စ် "ပထမပုဂံခေတ်"မှ အဆက်)

ကျန်စစ်မင်းကြီး နတ်ရွာစံလျှင် အိမ်ရှေ့မင်းဖြစ်သော သီရိဇေယျသူသည် အလောင်းစည်သူဟူ၍ ထင်ရှားလျက် ထီးနန်ဆက်ခံလေသည်။ အလောင်းစည်သူမင်းကြီးသည် နိုင်ငံအနှံ့အပြားသို့ လှည့်လည်ကာ ကန်ချောင်းဆည်မြောင်းတို့ကို ပြုစုလေသည်။ ကျပ်၊ ချိန်၊ မူး၊ ပဲ၊ တင်း၊ ခွဲ၊ စလယ်တို့ကို တညီတည်းဖြစ်စေသည်။ သာသနာ့မြေများလှူ၍ ကင်းတိုကင်းရှည်များလည်း ထားတော်မူလေသည်။ သီဟိုဠ်ကျွန်း၊ ဘင်္ဂလား၊ မာန်အောင်ကျွန်း၊ မလ္လာယုကျွန်းများသို့ လှည့်လည်ရောက်ရှိခဲ့လေသည်။ စေတီပုထိုးများလည်း တည်လေသည်။ ရခိုင်တွင် နန်းရိုးဖြစ်သော လက်ျာမင်းနန်ကို ထီးနန်းပြန်၍ တင်ပေးလေသည်။ တရုတ်ပြည်သို့ သွားရောက်၍ စွယ်တော်ပင့်လေသည်။ ပုဂံတွင် ထင်ရှားသော သဗ္ဗညုဘုရားကိုလည်း တည်တော်မူလေသည်။ သားတော်မင်းရှင်စောမှာ ဒေါသမာန် ခက်ထန်သဖြင့် အဝေးသို့နှင်လေသည်။ သားတော်လတ် နရသူက တိုင်းရေးပြည်မှုကို စီရင်လေသည်။ နရသူသည် ထီးနန်းစိုးစံလိုသဖြင့် မကျန်းမာသော ခမည်းတော်အား နန်းမှချ၍ ရွှေဂူဘုရား၌ ထားရှိပြီးလျှင် အ၀တ်နှင့်ဖိ၍ လုပ်ကြံသဖြင့် နတ်ရွာစံရလေသည်။

မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

 
Web Statistics