Thursday, November 05, 2009

အနာဂတ်အိုင်ဒီးလ် နိုင်ငံရေးခေါင်းဆောင် - စိုးမြင့်သိန်း


(၁)
Ideal အိုင်ဒီးလ်ကို အဘိဓာန်က satisfying one's highest ideas; perfect အပြည့်စုံဆုံး၊ မိမိစိတ်ကြိုက် အတွေ့ဆုံးဟု အနက်ဖွင့်ပေးသည်။ …. သို့ဖြင့် ကျွန်တော်၏အကြိုက် အနာဂတ်ခေါင်းဆောင်ကို စိတ်ကူးစံ ပုံဖော်ကြည့်မိသည်။ ပန်းချီရေးသလိုပေါ့ဟု စိတ်ထဲခံစားပြီး ကျွန်တော်၏ အိုင်ဒီးလ်။

မကြာခင်ကလည်း တပ်မတော်အငြိမ်းစားအရာရှိ၊ အယ်ဒီတာမီဒီယာသမားတစ်ယောက်က အနာဂတ် ကျွန်တော်တို့နိုင်ငံ နိုင်ငံရေးခေါင်းဆောင်ဟာ ဖွဲ့စည်းပုံဥပဒေနဲ့အညီ ပေါ်ပေါက်လာရာမှာ တပ်ကလည်း ဖြစ်ချင်ဖြစ်မယ်၊ အရပ်ဘက်ကလည်း ဖြစ်ချင်ဖြစ်မယ်၊ အဲဒီပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ နိုင်ငံရေးခေတ်တွေကလို အတွေးအခေါ်ဟောင်း စိတ်ဓာတ်ဟောင်းသမား မဟုတ်ဘဲ လူသစ်စိတ်သစ် အတွေးအခေါ်သစ်သမား ဖြစ်သင့်တယ်ထင်တာပဲဟု လက်ဖက်ရည်ဝိုင်းတစ်ခုမှာ ဆွေးနွေးလာပါသည်။ ကျွန်တော် နှစ်သက်မိသည်။ သူက ဆက်လက်၍ အဲဒီလိုခေါင်းဆောင်မျိုးကို စိတ်ကူးပုံဖော်ရေးကြည့်ပါလားဟု ကျွန်တော့်အား အကြံပေးပါသည်။ အဲဒါက နည်းနည်းတော့ တာဝန်ကြီးမြင့်ပါသည်။ သတိနှင့် ရေးကြည့်ပါမည်။ စိတ်ကူးယဉ်စေတနာ နေ့လည်အိပ်မက်ဟုပြောသော် ရပါမည်။။ သို့နှင့်….

(၂)
Statesman- နိုင်ငံခေါင်းဆောင်ဟု အဘိဓာန်က ဆိုပြန်သည်။ Statesmanlike- ဉာဏ်အမြော်အမြင်ကြီးမား၍ နိုင်ငံခေါင်းဆောင်ပီသသော၊ Statesmanship- နိုင်ငံခေါင်းဆောင်၏ အရည်အသွေးစွမ်းရည်ဟု ဆိုပါသည်။

ကမ္ဘာကျော် Think and Grow Rich စာအုပ်ရေးသားသူ နပိုလီယံဟီးလ်ကတော့ "ခေါင်းဆောင်၏ ဂုဏ်အင်္ဂါများ" အဖြစ် အောက်ပါအတိုင်း ဖော်ပြခဲ့သည်-
(၁) ခိုင်ခံ့သောသတ္တိ၊ (၂) မိမိကိုယ်မိမိ ထိန်းသိမ်းခြင်း၊ (၃) တရား/မတရားကိုသိသော ထက်မြက်သောအသိစိတ်၊ (၄) ဆုံးဖြတ်ချက်အတိအကျချမှတ်ခြင်း၊ (၅) စီမံကိန်းစီမံချက်တို့ကို အတိအကျရေးဆွဲခြင်း၊ (၆) ရသည့်ငွေကြေးဥစ္စာထက်ပို၍ လုပ်အားပေးခြင်း၊ (၇) နှစ်လိုဖွယ် ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ (၈) စာနာတတ်ခြင်း၊ (၉) အသေးစိတ်စိစစ်ရာ၌ အထူးကျွမ်းကျင်ခြင်း၊ (၁၀) တာဝန်အပြည့်ယူရန် ၀န်မလေးခြင်း၊ (၁၁) ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိရမည်ဟူလို…

အတွဲ(၅) အမှတ်(၄၀) ရန်ကုန်တိုင်းမ်မှာတော့ ဆရာကြီးမောင်စူးစမ်းက Scholarship and Statesmanship ကို ညွှန်းပြီး "စတိတ်မင်ဋီကာ ၁၆ ချက်" ဟု ရေးသားလာ၏။ ……… ခေါင်းဆောင်မှန်ရင်တော့ သူ့ဟာနဲ့သူ အရည်အချင်းရှိလို့ ဖြစ်လာတာချည်း၊ အရည်အချင်းမရှိဘဲနှင့်တော့ ခေါင်းဆောင်ဖြစ်ဖို့ ဝေးလိမ့်မည်။ လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ နိုင်ငံရေးခေါင်းဆောင်တွေ အမျိုးမျိုးပေါ်မည်။ ပါတီစုံရွေးကောက်ပွဲဖြစ်၍ နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်လာတာ မကောင်းဘူးလား မေးစရာဖြစ်ပါမည်။ ကောင်းပါသည်ဟု ယေဘုယျ အဖြေထွက်ပါသည်။ သို့သော် ကျွမ်းကျင်နိုင်ငံရေးပညာရှင်တို့ကတော့ Statesman စတိတ်မင်ကို သီးခြားခွဲထုတ် လေ့လာမှုပြုကြသည်။

အဘိဓာန်အနက်ကိုကျော်၍ စတိတ်မင်ကို နိုင်ငံရေးသိပ္ပံက ဖွင့်ဆိုထားသည်။ (၁၆)ပါး ဖွင့်သည်-
(၁) အတွေးအခေါ် အမြော်အမြင်ရှိသူ
(၂) ခေတ်မီအတွေးအခေါ်များနှင့် ယဉ်ပါးသူ
(၃) ဒီမိုကရေစီတန်ဖိုးနားလည်သူ
(၄) ညှိနှိုင်းဆွေးနွေးတတ်သော ဉာဉ်ရှိသူ
(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းစွာပြုနိုင်သူ
(၆) အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားပန်းတိုင်ကို ကာကွယ်နိုင်သူ
(၇) ဈာန်ဝင်စားမှုမဲ့သော အစစ်အမှန်ဝါဒကို ခွဲခြားနိုင်သူ
(၈) လက်တွေ့မကျသော စိတ်ကူးယဉ်မှုကို ဖယ်ရှားနိုင်သူ
(၉) ကာလ၏ ပင်ရင်းအနက်အဓိပ္ပါယ်ကိုသိသူ
(၁၀) အခွင့်အလမ်းကို အမိဖမ်းနိုင်သူ
(၁၁) စိန်ခေါ်မှုတွေကို ရင်ဆိုင်ဝံ့သူ
(၁၂) ဘယ်ဟာအရေးကြီးသလဲဟု ရွေးနိုင်သူ
(၁၃) ဘယ်ဟာက ဆီလျော်ပြီး ဘယ်ဟာက မဆီလျော်ဟု ခွဲခြားနိုင်သူ
(၁၄) အရေအတွက်ထက် အရည်အချင်းကို ပို၍အားထားသူ
(၁၅) သရုပ်ခွဲစစ်မှု Analysis ထက် ပေါင်းစပ်ဖွဲ့စည်းခြင်း Synthesis ကို အလေးသန်သူ
(၁၆) လူ့ဘ၀၏ အနုကြမ်းကို ခံစားတတ်သူ (၀တ္ထုရေးဆရာတွေလို…) ဟူ၍ ဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာရှင်တို့က နိုင်ငံရေးခေါင်းဆောင်တို့သည် ဘယ်လောက်ပဲ လိမ္မာပါးနပ်ပါစေ၊ ဘယ်လိုပဲ ပညာတတ်ပါစေ၊ ဘယ်လောက်ပဲ ကွန့်မြူးဉာဏ်ရှိပါစေ… ဖော်ပြခဲ့သော ဂုဏ်ပုဒ်(၁၆)ပါး မရှိဘဲ စတိတ်မင်ဖြစ်မလာနိုင်ဟု ထောက်ပြကြသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့သည် သူတို့မှာ လက်တွေ့အတွေ့အကြုံ မရှိတိုင်း စတိတ်မင်၏ ဂုဏ်ပုဒ်ကိုဖော်ရာ၌ အရမ်းလောဘကြီးနေသည်ဟု ဝေဖန်ချက်လည်း ထွက်နေသည်။ စတိတ်မင်ဂုဏ်ပုဒ်တို့သည် စစ်ဘက်၊ အရပ်ဘက် နှစ်ဖက်စလုံးတွင် အကျုံးဝင်ပါလိမ့်မည်။ ဂုဏ်ပုဒ်(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်မှုကို အဓိကထားသည်။

(၄)
အရေးကြီးမှတ်ချက်
မိတ်ဆွေ တော်တော်များများက "ခံစားမှုအီမိုးရှင်းနဲ့ နိုင်ငံရေးမလုပ်ရဘူး"လို့ ခင်ဗျားတို့က (ဆရာမောင်စူးစမ်း၊ ဆရာကျော်ဝင်းနှင့် ကျွန်တော်စိုးမြင့်သိန်း) ပြောပြောနေတယ်။ ခံစားမှုမပါဘဲ ဘာမှ လုပ်လို့မရပါဘူးဗျာ။ အဲဒါကြီးက အဓိပ္ပါယ်မရှိဘူးထင်တာပဲ… ဟု ဆွေးနွေးလာကြသည်။ ရေလုပ်ငန်းပညာရှင်တစ်ယောက် (နိုင်ငံရေးသမားဟောင်း)ကလည်း တစ်နေ့ ကျွန်တော့်အား လာပြောသည့် (ခံစားမှု… ခံစားမှု….)

ခံစားမှုနောက်ကို လိုက်ကြည့်ပါ။ ဥပမာ- မိန်းကလေးတစ်ယောက် လမ်းပေါ်မှာ လှုပ်စိလှုပ်စိ လျှောက်သွားတယ်ဆိုပါတော့။ အင်မတန်ကြည့်လို့လှတဲ့ ကြွတဲ့ မြင်ကွင်းဆိုပါတော့။ ဒီမှာ ခံစားချက် မရိုးမရွ ပေါ်လာပြီဆိုပါတော့… ပေါ်လာတဲ့အတိုင်း စိတ်နောက်ကိုယ်ပါ ကိုယ်ထိလက်ရောက် စော်ကားမော်ကားလို့ ရမလား၊ ခင်ဗျားစဉ်းစား… ဂတ်ရောက်ရုံးရောက် အချုပ်ထဲရောက် ထောင်ထဲရောက်သွားမယ်၊ သေချာတယ်။

နိုင်ငံရေးလည်း ဒီလိုပဲ။ ကျွန်တော်ဆို ဗကပလက်နက်ကိုင် ဖြုတ်ထုတ်သတ်သမားတောင် ဖြစ်သွားခဲ့သေးတာပဲ။ ခံစားမှုနောက်ကို လိုက်တာလေ… ခံစားမှု၊ ခံစားမှု။

Reality ဆိုတဲ့ တကယ့်အခြေအနေက ဘာလဲ၊ ဘယ်လိုစခန်းသွားရင် သင့်မလဲ၊ ဖြစ်နိုင်ချေရှိမလဲ၊ မဖြစ်နိုင်တာကြီးက ဘာလဲ၊ အန္တရာယ်လက်တစ်ကမ်းက ဘာလဲ၊ အကျိုးမဲ့က ဘာလဲ၊ အကျိုးရှိက ဘာလဲ၊ အကျိုးမဲ့အကျိုးရှိဆိုတာကလည်း အားလုံးသောကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ကာယဉာဏ ပညာရှင် ပညာတတ်၊ ဆရာဝန်အင်ဂျင်နီယာ၊ တပ်မတော်သား၊ တပ်မတော်အရာရှိ၊ လူကြီး၊ လူငယ်၊ ကလေး၊ အဘိုးအဘွား၊ မိဘဆရာသမား၊ ရဟန်းရှင်လူ အလုံးစုံကို ညွှန်းတဲ့သဘောတရား။

မှန်လည်းမှန် အကျိုးလည်းရှိ တစ်ဖက်လူလည်း လက်ခံနိုင်တဲ့ ကောင်းသောလမ်းစဉ် ဘုရားအဆုံးအမနဲ့အညီ ဂုဏ်ပုဒ်(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်မှုကို အဓိကထားသည်ဟု မောင်စူးစမ်းရေးတာ - အဲဒါဟု ကျွန်တော်က ထပ်ဆင့်ဋီကာ ဖွင့်မိသည်။

(Northern Star ဂျာနယ် အမှတ် ၃၈ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics