သရေခေတ္တရာပျက်လျှင် ပျူတို့လည်း အချင်းချင်း ကွဲကြပြန်လေသည်။ မြန်မာတို့လည်း သီးခြားလူမျိုးစုအဖြစ် ထင်ရှား၍ လာခဲ့လေသည်။ ပျူနှင့် မြန်မာတို့သည် ရောယှက်ပေါင်းသင်းနေထိုင်ကြ၍ ပျူအမည်ထက် မြန်မာအမည်က ပိုမိုထင်ရှားလာခဲ့လေသည်။ သရေခေတ္တရာပျက်ရာ၌ ရွှေ့ပြောင်းကြသူများသည် အချို့က ကျပင်းအမျိုးသားတို့နှင့်ပေါင်း၍၊ အချို့က သက်အမျိုးသားတို့နှင့်ပေါင်း၍ နေထိုင်ကြလေသည်။ အချို့ကား တောင်ညိုအရပ်တွင် မြို့ရွာတည်ကြပြန်လေသည်။ ထိုမှတစ်ဆင့် မင်းတုန်းမြို့ကို တည်ကြပြီးနောက် နောက်ဆုံးတွင် သက္ကရာဇ် ၂၉ ခုနှစ်၌ ယုန်လွှတ်ကျွန်းအရပ်၌ စုပေါင်းမိကြပြန်လေသည်။
ယုန်လွှတ်ကျွန်း၌ စုဝေးမိသော ပျူနှင့်မြန်မာတို့ကို အကြီးအကဲအဖြစ်ဖြင့် သရေခေတ္တရာ သူပညာနဂရ ဆိန္ဒမင်း၏ တူဖြစ်သော သမုဒ္ဒရာဇ်မင်းသားက ဦးဆောင်ကာ ယုန်လွှတ်ကျွန်းအရပ်တွင်ပင် ရွာပေါင်း ၁၉ ရွာကို စုစည်းလျက် မြို့ရွာတည်ထောင်၍ စိုးအုပ်လေသည်။
သက္ကရာဇ် ၂၉ ခုနှစ်တွင် မြို့သစ်တည်ထောင်ခဲ့ရာ ထိုမင်းလက်ထက်တွင် တကောင်းမင်းရိုးမျိုးနွယ်ဖြစ်သော မင်းထီး အမည်ရှိ သူငယ်တစ်ယောက်သည် လေးအတတ်ကို ကျွမ်းကျင်တတ်မြောက်၍ ယုန်လွှတ်ကျွန်းအရပ်ရှိ ပျူအိုလင်မယားထံတွင် တည်းခိုနေလေသည်။ ထိုအခိုက် ယုန်လွှတ်ကျွန်းတွင် ဆိုးသွမ်းနေသော ၀က်ကြီး၊ ငှက်ကြီး၊ ကျားကြီး၊ ရှူးပျံတို့၏ရန်ကို သူငယ်က လေးအစွမ်းဖြင့် နှိမ်နင်းအောင်မြင်လိုက်သည်ကို သမုဒ္ဒရာဇ်မင်းက ၀မ်းမြောက်၍ သမီးတော် သီရိစန္ဒာဒေ၀ီနှင့် လက်ထပ်ကာ အိမ်ရှေ့အရာ ပေးလေသည်။
သက္ကရာဇ် ၇၄ ခုနှစ်တွင် သမုဒ္ဒရာဇ်မင်း နတ်ရွာစံလေလျှင် မင်းထီးသည် မိမိ မင်းမပြုသေးဘဲ ဆရာရေသေ့အား မင်းပြုစေသဖြင့် ရသေ့ကြောင်မင်း ဟူ၍ ထင်ရှားလေသည်။ ရသေ့ကြောင်မင်းသည် သက္ကရာဇ် ၈၉ ခုနှစ်တွင် နတ်ရွာစံမှ မင်းထီးသည် ပျူစောထီးမင်း အဖြစ်ဖြင့် ထီးနန်းဆက်ဆံလေသည်။ ပျူစောထီး နောက်တွင် သားတော်စဉ်ဆက် ထီးနန်းစိုးစံကြလေသည်။ မြို့တော်ကို ပျူစောထီးလက်ထက်၌ အရိမဒ္ဒန ဟူ၍ သမုတ်လေသည်။
ယုန်လွှတ်ကျွန်းတွင် နန်းစိုက်ကြသော မင်းများမှာ
၁။ သမုဒ္ဒရာဇ် (သက္ကရာဇ် ၂-၄၇)
၂။ ရသေ့ကြောင် (သက္ကရာဇ် ၄၇-၆၂)
၃။ ပျူစောထီး (သက္ကရာဇ် ၆၂-၁၄၄)
၎။ သား ထီးမင်းယဉ် (သက္ကရာဇ် ၁၄၄-၁၇၁)
၅။ သား ယဉ်မင်းပိုက် (သက္ကရာဇ် ၁၇၁-၂၅၆)
၆။ သား ပိုက်သေလည် (သက္ကရာဇ် ၂၅၆-၂၉၃)
၇။ သား သေလည်ကြောင် (သက္ကရာဇ် ၂၉၃-၃၃၇)
ဟူ၍ ဖြစ်လေသည်။ သေလည်ကြောင်မင်းလက်ထက်တွင် ယုန်လွှတ်ကျွန်းမှ မြို့တော်ကို ပြောင်းရွှေ့၍ လောကနန္ဒာအရပ်၊ ကျောက်စကားရွာနေရာ၌ သီရိပစ္စယာ အမည်ဖြင့် မြို့တော်တည်ထောင်လေသည်။ သီရိပစ္စယာတွင် ဆက်လက်စိုးအုပ်သောမင်းများမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
၈။ သား ကြောင်ဒူရစ် (သက္ကရာဇ် ၃၃၇-၃၆၂)
၉။ သား သည်ထန် (သက္ကရာဇ် ၃၆၂-၃၉၉)
၁၀။ အမတ်သူရဲ (သက္ကရာဇ် ၃၉၉-၄၁၄)
၁၁။ သည်ထန်မင်း၏သား သာရမွန် (သက္ကရာဇ် ၄၁၄-၄၃၆)
၁၂။ သိုက်တိုင်မင်း (သက္ကရာဇ် ၄၃၆-၄၄၃)
သိုက်တိုင်မင်း၏လက်ထက် ၄၃၈ ခုနှစ်တွင် သီရိပစ္စယာမြို့တော်မှ ရွှေ့ပြောင်း၍ ရွာစိုက် (ဖွားစောရွာ) ရွာတွင် တမ္ပ၀တီ အမည်ဖြင့် မြို့သစ်စိုက်တည် စိုးစံလေသည်။ မြို့သစ်တွင် ဆက်လက်စိုးစံသော မင်းများမှာကား အောက်ပါအတိုင်း ဖြစ်လေသည်။
၁၃။ သား သေလည်ကြောင် (သက္ကရာဇ် ၄၄၃-၄၅၂)
၁၄။ ညီ သေလည်ပိုက် (သက္ကရာဇ် ၄၅၂-၄၅၇)
၁၅။ ညီ ခန်းလောင် (သက္ကရာဇ် ၄၅၇-၄၆၇)
၁၆။ ညီ ခန်းတက် (သက္ကရာဇ် ၄၆၇-၄၇၉)
၁၇။ သား ထွန်တိုက် (သက္ကရာဇ် ၄၇၉-၄၉၂)
၁၈။ သား ထွန်ပစ် (သက္ကရာဇ် ၄၉၂-၅၀၈)
၁၉။ သား ထွန်ချစ် (သက္ကရာဇ် ၅၀၈-၅၃၅)
၂၀။ သိင်္ဃရာဇာ (မိဖုရားဆရာ) (သက္ကရာဇ် ၅၃၅-၅၆၂)
သိင်္ဃရာဇာမင်း လက်ထက်တွင် သက္ကရာဇ် ၅၆၂ ခုနှစ်၌ နှစ်ပေါင်း ၅၆၀ ကို ဖြိုပြန်၍ သက္ကရာဇ် ၂ ခုနှစ်မှ စတင်ရေတွက်ပြန်လေသည်။
၂၁။ မင်းရိုး ရွှေအုန်းသီး (သက္ကရာဇ် ၂-၁၄)
၂၂။ ညီ ပိတ်သုံ (သက္ကရာဇ် ၁၄-၂၂)
၂၃။ သား မိတ်တောင်း (သက္ကရာဇ် ၂၂-၇၂)
၂၄။ ညီ ငခွေး (သက္ကရာဇ် ၇၂-၇၈)
၂၅။ မြင်းကျွေး (သက္ကရာဇ် ၇၈-၈၈)
၂၆။ သိင်္ခ (သက္ကရာဇ် ၈၈-၉၆)
၂၇။ သိန်းခွန် (သက္ကရာဇ် ၉၆-၁၀၆)
၂၈။ သား ရွှေလောင်း (သက္ကရာဇ် ၁၀၆-၁၁၅)
၂၉။ သား ထွန်းတွင်း (သက္ကရာဇ် ၁၁၅-၁၂၄)
၃၀။ သား ရွှေမှောက် (သက္ကရာဇ် ၁၂၄-၁၄၇)
၃၁။ ညီ ထွန်လက် (သက္ကရာဇ် ၁၄၇-၁၆၄)
၃၂။ သး စောခင်နစ် (သက္ကရာဇ် ၁၆၄-၁၉၁)
၃၃။ သား ခဲလူ (သက္ကရာဇ် ၁၉၁-၂၀၈)
၃၄။ ညီ ပျဉ်ပြား (သက္ကရာဇ် ၂၀၈-၂၃၈)
ပျဉ်ပြားမင်းလက်ထက်တွင် တမ္ပ၀တီမြို့မှ ယခုတည်ရှိသော ပုဂံမြို့သို့ ပြောင်းရွှေ့၍ မြို့သစ်တည်ထောင် စိုးစံခဲ့လေသည်။
၃၅။ သား တန်နက် (သက္ကရာဇ် ၂၃၈-၂၆၆)
၃၆။ စလေငခွေး (သက္ကရာဇ် ၂၆၆-၂၉၆)
၃၇။ သား သိန်းခို (သက္ကရာဇ် ၂၉၆-၃၁၈)
၃၈။ တောင်သူကြီး စောရဟန်း (သက္ကရာဇ် ၃၁၈-၃၆၃)
(ပုဂံတွင် စိုးစံကြသော မင်းများနှင့်ပတ်သက်၍ ရှေးဦးမင်းတို့၏ လက်ထက်များ၌ ထူးခြားထင်ရှားသော အကြောင်းအရာတို့ကို အမှတ်အသားများစွာ မတွေ့ရပေ။ ပုဂံခေတ်နှင့်ပတ်သက်၍ ကျောက်စာထင်ရှား ဖော်ပြပါရှိချက်များမှာ စောရဟန်းမင်းလက်ထက် သိမ်ပျက်ကို ပြင်ဆင်သော စောရဟန်း သိမ်ကျောက်စာ စသည်တို့မှ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူမင်းများ လက်ထက်ထိုး ကျောက်စာများကိုသာ တွေ့ရှိရပေသည်။ ထို့ကြောင့် ကျောက်စာကို ထောက်ပြနိုင်သော ကာလအတွက်သာလျှင် ရာဇ၀င်အတည်တကျ ယူနိုင်မည်ဟူ၍ အစွဲရှိသူတို့က မြန်မာနိုင်ငံသမိုင်းသည် အနော်ရထာခေတ်လောက်မှ စတင်သည်ဟု ယူဆလေ့ရှိကြပေသည်။ စင်စစ်အားဖြင့် ခိုင်မာသောကျောက်စာ မရှိစေကာမူ အဆင့်ဆင့် မှတ်တမ်းများအရ တကောင်းခေတ်၏ ထောက်မှီသော ရာဇ၀င်နောက်ခံကို ယေဘုယျအားဖြင့် လက်ခံရပေမည်။ အကျယ်လေ့လာ ထောက်မှီသော ရာဇ၀င်အနေဖြင့် ပုဂံခေတ်လယ်မှစ၍ သုံးသပ်လေ့လာရန်သာ လိုအပ်ပေသည်။)
ပုဂံခေတ်နှင့် ပတ်သက်၍ ယခုတိုင် တည်ရှိနေသော သာသနိက အဆောက်အဦများနှင့် ပတ်သက်၍ ဘူးဘုရားကို ပျူစောထီး လက်ထက်၌ တည်သည်ဟူ၍လည်းကောင်း၊ တိမ်ဘုရား၊ ကျင်ဘုရားတို့ကို ပျဉ်ပြားမင်းတည်သည်ဟူ၍လည်းကောင်း၊ အတွင်းစည်းခုံကို ကြောင်းဖြူမင်း တည်သည်ဟူ၍လည်းကောင်း၊ ငသေဉ်လည်ဂူကို သေဉ်လည်ကြောင်မင်း တည်သည်ဟူ၍လည်းကောင်း၊ ပုထိုးကြီး၊ ပုထိုးသားများကို တောင်သူကြီးမင်း တည်သည်ဟူ၍လည်းကောင်း မှတ်သားခဲ့ကြပေသည်။ ပုဂံမင်းများ၏ ကောင်းမှုအလင်္ကာတွင် အနော်ရထာမတိုင်မီ ရှေးဦးပုဂံမင်းတို့၏ ကောင်းမှုများကို စာရင်းတင်ထားပေသည်။ ထို့ကြောင့် အနော်ရထာမင်းမတိုင်မီ ရာဇ၀င်သမိုင်းနှင့် အရပ်ရပ်ယဉ်ကျေးမှုများ အစဉ်အဆက် ထွန်းကားတည်ရှိခဲ့သည်ဟုပင် ယူဆရပေသည်။
၃၉။ ကွမ်းဆော်ကြောင်းဖြူ (သက္ကရာဇ် ၃၆၃-၃၈၃)
၄၀။ စောရဟန်းမင်း၏သား ကျည်စိုး (သက္ကရာဇ် ၃၈၃-၄၀၀)
၄၁။ ညီ စုက္ကတေး (သက္ကရာဇ် ၄၀၀-၄၀၆)
၄၂။ ကွမ်းဆော်မင်း၏သား အနော်ရထာ အနုရုဒ္ဓါဒေ၀ (သက္ကရာဇ် ၄၀၆-၄၃၉)
မြန်မာ့သမိုင်းတွင် အနော်ရထာ လက်ထက်မှစ၍ နိုင်ငံထူထောင်ပုံများကို အတော်အတန် ကျယ်ဝန်းစွာ လေ့လာနိုင်ခွင့်ရပေသည်။ ကျောက်စာများ၊ မှတ်တမ်းများလည်း များပြားလေသည်။
Thursday, November 05, 2009
ပထမပုဂံခေတ်
Posted by Ko Nyan Posted Time 1:12 PM
Labels Brief History of Myanmar, Myanmar, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment