Thursday, November 05, 2009

ယနေ့နိုင်ငံရေးအခြေအနေနှင့် ကျွန်တော့်သဘောထား - သခင်တင်မြ


နိုင်ငံရေးအခြေအနေ
၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပရာတွင် မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း သမ္မတအိုဘားမား အစိုးရသည် မြန်မာနိုင်ငံအပေါ် အချိန်ကြာမြင့်စွာ သတ်မှတ်ပြဋ္ဌာန်းခဲ့သော စီးပွားရေး နိုင်ငံရေးပိတ်ဆို့မှု မူဝါဒကို ပြန်လည်သုံးသပ်ကာ ပိုမိုပွင့်လင်းသော ဆက်ဆံရေးများထူထောင်ကာ နီးနီးကပ်ကပ် ဆက်ဆံရန် ဆန္ဒရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောဆိုခဲ့ခြင်းနှင့် အမေရိကန်ပြည်ထောင်စုအနေနှင့် တစ်ဖက်မှ စီးပွားရေးပိတ်ဆို့ Sanction လုပ်ထားစေကာမူ ယခုအချိန်တွင် မြန်မာ့တပ်မတော်အစိုးရနှင့် တိုက်ရိုက်တိုးမြှင့် ဆက်ဆံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

သမ္မတအိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားပထမပိုင်းသည် ကြိုဆိုထောက်ခံသင့်သော်လည်း ဒုတိယပိုင်းဖြစ်သည့် အမေရိကန်ပြည်ထောင်စု (အစိုးရ)အနေနှင့် တစ်ဖက်မှ စီးပွားရေးပိတ်ဆို့ Sanction ဆက်လုပ်ထားဦးမည်ဟူသော သဘောထားသည် မှန်ကန်သည့်သဘောထား မဟုတ်ပေ။ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် သဘောထားသာဖြစ်သဖြင့် မူမမှန်ဟု ဆိုနိုင်ပေသည်။ မထောက်ခံနိုင်ပေ။

နိုင်ငံရေးတွင် တစ်ဖက်မှတစ်ဖက်သို့ အကျပ်ကိုင်ခြင်းသည် မပြုသင့်သောအရာသာ ဖြစ်ပါသည်။ အကျပ်ကိုင်ခြင်းဖြင့် ဆိုးကျိုးသာ ရနိုင်ပါသည်။ လူတိုင်း အကျပ်ကိုင်မခံလိုကြပါ။ ကောင်းသောတုံ့ပြန်မှုကို ရလိုပါက မေတ္တာတရားထားရမည် ဖြစ်ပါသည်။ မြန်မာစကားတွင် "သူမေဒါ(မေတ္တာ)ရှိမှ ငါ့မေဒါ(မေတ္တာ)ရှိမည်" ဟု ရှိပါသည်။ ကိုယ်ကသာ မေတ္တာခံယူလိုပြီး သူတစ်ပါးအပေါ် မေတ္တာမထားသူသည် လူ့လောကနှင့် မထိုက်တန်သူသာ ဖြစ်ပေမည်။

စီးပွားရေးပိတ်ဆို့မှုသည် မမှန်
နှစ်များစွာပင် အမေရိကန်နှင့် ဥရောပ(E.U) အစိုးရတို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်စွက်၍ စီးပွားရေး၊ နိုင်ငံရေးအရ တားဆီးပိတ်ဆို့ခြင်း Sanction ပြုခဲ့ကြသည်။ ဤသို့ပြုခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးရေးကို အားပေးရာရောက်သည်ဟု မှားယွင်းစွာ ယုံကြည်ခဲ့ကြသည်။ ရလဒ်မှာ ပြောင်းပြန်ဖြစ်ခဲ့သည်။

အမေရိကန်နှင့် ဥရောပ(E.U) အစိုးရတို့၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုသည် သူတို့ရည်ရွယ်သည့် တပ်မတော်အစိုးရကို ထိခိုက်သည်ကနည်းနည်း၊ စက်ရုံ အလုပ်ရုံများ ပိတ်ရသဖြင့် ဆင်းရဲသားအလုပ်သမားများ သိန်းချီ၍ အလုပ်လက်မဲ့ဖြစ်၊ လုပ်ခမရကြသဖြင့် ဆင်းရဲငတ်ပြတ်မှုဒဏ် ခံကြရသည်။

ဤအဖြစ်သည် "ခုတ်ရာတခြား၊ ရှရာတစ်လွဲ" ဖြစ်ခဲ့ခြင်းပင်။ ဤသို့ အကျပ်ကိုင်ခြင်းဖြင့် ဒီမိုကရေစီဖွံ့ဖြိုးထွန်းကားလာသည်ဟု ကမ္ဘာတွင် တစ်ခါဖူးမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

ယနေ့အမေရိကားတွင် အာဏာရနေသည့် အိုဘားမားအစိုးရသည် ယခင်အစိုးရနှင့်မတူဘဲ မိမိတို့၏ ဆောင်ရွက်ခဲ့သော အလုပ်များကို ပြန်လည်ဆန်းစစ်ခြင်းအမှု ပြုလာသည်ကို ကြိုဆိုရမည်ဖြစ်ပါသည်။

ယခင်ဘု(ရှ်) အစိုးရတုန်းက ကုလသမဂ္ဂအဖွဲ့ကြီး၏ ဆန္ဒမပါဘဲ အီရတ်ကို ၀င်တိုက်ခြင်း၊ ပြည်သူလူထု၏ သဘောတူညီမှုကို ရယူခြင်းမပြုဘဲ၊ ကမ္ဘာ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခြင်းတို့ကြောင့် ပြီးခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဘု(ရှ်)၏ ရီပတ်ဘလီကန် သမ္မတလောင်း ဂျွန်မက္ကိန်း ရှုံးနိမ့်ပြီး ဒီမိုကရက်တစ် သမ္မတလောင်း အိုဘားမား အနိုင်ရခဲ့ခြင်း ဖြစ်ပေသည်။

စီးပွားရေးပိတ်ဆို့ခြင်းကို ဆန့်ကျင်သူ
များမကြာမီက မြန်မာပြည်သို့ရောက်လာပြီး နေပြည်တော်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ခံစကားပြောခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ်၊ အာရှနှင့် ပစိဖိတ်ရေးရာအဖွဲ့ ဥက္ကဋ္ဌ မစ္စတာဂျင်မ်ဝက်ဘ်သည် အမေရိကန်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေးပိတ်ဆို့မှု Sanction ကို အမြဲဝေဖန်ထောက်ပြခဲ့သူ ဖြစ်ပေသည်။ ဤအခြေအနေတို့ကြောင့် အိုဘားမားအစိုးရသည် အမေရိကန်ပြည်သူတို့၏ ဆန္ဒနှင့်အညီ အမေရိကန်ပြည်ထောင်စုအစိုးရ၏ ပေါ်လစီများကို ပြန်လည်စဉ်းစားခဲ့ခြင်း ဖြစ်ပေသည်။

အပြောင်းအလဲတွင် ပဓာနအကြောင်းတရား
လောကကြီးသည် ရပ်နားသည်မရှိ အစဉ်ပြောင်းလဲနေပေသည်။ မြတ်ဗုဒ္ဓကလည်း အရာရာတိုင်းသည် နိစ္စမရှိ၊ အနတ္တသာတည်းဟု မိန့်မှာခဲ့သည်။ အရာဝတ္ထုတိုင်း အပြောင်းအလဲဘာကြောင့် ဖြစ်ခဲ့သနည်းဟု ဆန်းစစ်သော် ပြောင်းလဲမှုကို စေ့ဆော်ဖန်တီးသည့် အကြောင်းတရားသည် အတွင်းအဇ္ဇျတ၏ အဓိကစေ့ဆော်မှုကြောင့်သာ ဖြစ်ရသည်။ ထို့ကြောင့် ပြောင်းလဲမှု၏ ပဓာနသည် အတွင်းအဇ္ဇျတပြောင်းလဲခြင်းသည် အဆုံးအဖြတ် Determing Factor ဖြစ်ပြီး၊ ပြောင်းလဲမှုအတွက် အပြင်အပ ပယောဂသည်ကား အထောက်အကူ Conditioning Factor သာဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုကို မြန်မာတို့ကသာ စီမံဖန်တီးနိုင်မည်ဖြစ်ပါသည်။ မြန်မာတို့ ဆိုရာတွင်လည်း အများစုပြည်သူလူထုကြီး၏ ဒီမိုကရေစီသက်ဝင်ယုံကြည်မှု ဖော်ဆောင်နိုင်မှု အဆင့်အတန်းအပေါ်တွင် တည်မှီနေပေသည်။

ပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှု အဆင့်မြင့်လျှင်မြင့်သလို ဒီမိုကရေစီအခြေအနေလည်း မြင့်ခြင်းနိမ့်ခြင်း ဖြစ်လာပေမည်။ ထို့ကြောင့် "တိုင်းပြည်တစ်ပြည်တွင် ပြည်သူတို့နှင့် ထိုက်တန်သည့် အစိုးရကိုသာ လက်ခံရရှိမည်"ဟု ကမ္ဘာ့နိုင်ငံရေးသုခမိန်တို့က ဆိုခဲ့ခြင်းဖြစ်သည်။

ယုံကြည်မှုတည်ဆောက်ခြင်း
မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးလက်ရှိအခြေအနေမှ ဖွံ့ဖြိုးတိုးတက်လိုပါက မြန်မာနိုင်ငံသားတိုင်း လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ညီညာဖျဖျ၊ တက်ညီလက်ညီဖြင့် နိုင်ငံအကျိုးကို သယ်ပိုးကြရမည် ဖြစ်ပါသည်။

ယနေ့မြန်မာပြည်တွင် နိုင်ငံသားတိုင်းလိုလားသည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးပြုနေသည့်အရာမှာ အမျိုးသားအချင်းချင်း နိုင်ငံရေးအယူအဆများ သဘောလွဲနေခြင်းသည် ပင်မအကြောင်းတရားပင် ဖြစ်ပါသည်။

ဤအကြောင်းတရားကို နိုင်ငံသားတိုင်းအချင်းချင်း ယုံကြည်မှုတည်ထောင်နိုင်မှသာ နိုင်ငံသားတိုင်းက တောင့်တလိုလားနေသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တဖြည်းဖြည်း ပေါ်ထွန်းလာမည်ဖြစ်သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ မကြာခဏ တွေ့ဆုံဆွေးနွေးခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ခြင်းပင်ဖြစ်သည်။ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်(မ်)၀က်(ဘ်)၏ မေတ္တာရပ်ခံမှုအရ ပြစ်မှုကျူးလွန်သဖြင့် ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ်ကျခံနေရသော ဂျန်ဝီလီယံယက်တောကို တပ်မတော်အစိုးရက လွတ်ငြိမ်းခွင့်ပေး၍ လွှတ်ပေးခဲ့သည်မှာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ခြင်းပင် ဖြစ်ပေသည်။

ဤသို့ယုံကြည်မှုတည်ဆောက်ကြရာမှတဆင့် အမေရိကန်၊ ဥရောပ(E.U) အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့ အကြားတွင် တစ်ဦး၏အခက်အခဲကို တစ်ဦးနားလည်သိရှိပြီး သဘောကွဲလွဲမှုများ တဖြည်းဖြည်းပပျောက်သွားမည်ဟု ယုံကြည်လျက်။


(လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၅၇ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics