Thursday, November 05, 2009

တွေးမိတွေးရာ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
စည်းလုံးညီညာအောင်ကြောင်းဖြာ။ တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်းအားဖြင့်ယူသော်ရ၏တဲ့။ ရှေးအစဉ်အဆက်က ပညာရှိကြီးတွေ၊ လူကြီးသူမတွေ ပြောခဲ့တာပဲ။ မှန်တာမှ သွေးထွက်အောင်မှန်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ချောက်ချီးချောက်ချက် အတွေ့အကြုံတွေအရ ပြောရရင်တော့ ညီညွတ်အောင် စည်းရုံးစုစည်းရတာဟာ အတော်ခက်တာကလား။ တစ်ယောက်က ခေါင်းဆောင်ပေမယ့် နောက်လိုက်ကောင်းလည်း မလုပ်ချင်ဘူး၊ ခေါင်းဆောင်လုပ်ပါဆိုတော့လည်း လက်မခံဘူး။ ခေါင်းဆောင်လည်း မဟုတ်ဘူး၊ နောက်လိုက်လည်း မလုပ်ဘူးဆိုတဲ့ ခြေနှစ်ချောင်းတည်းရှိပေမယ့် ဂဏန်းဖြစ်နေတဲ့လူတွေ ဘယ်လောက်များနေပြီလဲဆိုတာကို စာရင်းကောက်ကြည့်ရင်ကောင်းမှာပဲလို့ တွေးနေမိတယ်။

(၂)
ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတယ်။ တရုတ်နိုင်ငံက ပညာရှင်အဖွဲ့တွေခွဲပြီး နိုင်ငံအသီးသီးကို စေလွှတ်မယ်ဆိုတဲ့ သတင်းပါ။ ၁၉ ရာစုလောက်က ပျောက်ဆုံးသွားခဲ့တဲ့ သူတို့နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကို ရှာဖွေဖို့ပါတဲ့။ အတော်လေးစိတ်ဝင်စားမိတယ်။ တစ်လက်စတည်း ကျွန်တော်တို့နိုင်ငံက ရှေးဟောင်းအမွေအနှစ် အဖိုးတန်ပစ္စည်းတွေကို မျက်နှာပြောင်တိုက် ယူသွားခဲ့ပြီး သူတို့နိုင်ငံရဲ့ ပြတိုက်ကြီးတွေမှာ အခန့်သားပြသထားတာကို ပိုက်ဆံပေးပြီး သွားကြည့်နေကြတဲ့ ကိုရွှေမြန်မာတို့အနေနဲ့ ဘာခံစားချက်မှ မဖြစ်ကြဘူးလား၊ ငါတို့ညံ့ခဲ့လို့ ခံခဲ့ရတာပဲလေလို့ ဖြေတွေးနေကြလို့လား၊ တို့ဆီမှာရှိနေတာထက်စာရင် ဒီလိုနေရာတွေမှာရောက်နေတာက ပိုပြီးလုံခြုံပါတယ်လို့ ယူဆနေကြလို့လားလို့ တွေးနေမိတယ်။

(၃)
အခုတလော နာမည်ကြီးပညာရှင်တွေ၊ အနုပညာရှင်တွေ၊ အထင်ကရပုဂ္ဂိုလ်တွေ ဆုံးပါးကွယ်လွန်တာ အတော်လေးများတာကို သတိထားမိတယ်။ သူတို့တွေအတွက် ၀မ်းနည်းကြောင်းထည့်တာတွေ၊ အမှတ်တရပွဲတွေ လုပ်ပေးတာတွေ၊ သတိတရအမှတ်ရစရာတွေ ပြန်လည်ရေးသားပြောဆိုကြတာတွေကို မြင်နေ၊ တွေ့နေ၊ ဖတ်နေ၊ ကြားနေရတယ်။ ငါတို့အားလုံးလည်း တစ်နေ့သေကြရမှာပါလား၊ သတင်းစာထဲက နာရေးကြော်ငြာမှာ နေ့စဉ်နေ့တိုင်း လူတွေအများကြီးပါနေတာပါပဲ၊ အဲဒီနေရာမှာ ငါတို့နာမည်တွေ ပါတဲ့အချိန်မှာ အခုငါတို့လွမ်းဆွတ်နေကြသလို၊ အခုငါတို့ နှမြောနေကြသလို ကျန်ခဲ့တဲ့လူတွေက ငါတို့ကို နှမြောသတ လွမ်းဆွတ်သတိရကျန်ရစ်ခဲ့အောင် ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာ စဉ်းစားမိကြရဲ့လားလို့ တွေးနေမိတယ်။

(၄)
ဗင်နီဇွဲလားသမ္မတက သူ့နိုင်ငံသူ၊ နိုင်ငံသားတွေကို ရေချိုး၊ အ၀တ်လျှော်တွေ ပြုလုပ်ကြရာမှာ အချိန်သုံးမိနစ်ကြာသာ ပြုလုပ်ကြဖို့ တိုက်တွန်းထားတဲ့သတင်းလေးကလည်း အတွေးတွေပွားစေခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ရေချိုတွေရှားပါးလာတာဟာ ထိပ်တန်းရောက်လာတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့မြန်မာလူမျိုးတွေက သင်္ကြန်ကာလမှာ ရေတွေတ၀ုန်းဝုန်း၊ တဗွမ်းဗွမ်းနဲ့ လမ်းတွေပေါ် လောင်းချင်တိုင်းလောင်း၊ ပက်ချင်တိုင်းပက်နေကြတာတွေကိုများမြင်ရင် အဲဒီသမ္မတ ဘာများပြောမလဲလို့ ခေါင်းခြောက်ခံပြီး တွေးနေမိကြောင်းပါ။

(၅)
ရုပ်ရှင်မစခင် နိုင်ငံတော်အလံပြတဲ့အချိန်မှာ အားလုံးမတ်တတ်ရပ်ပြီး အလေးပြုကြပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က မတ်တတ်မရပ်တဲ့အပြင် ရပ်တဲ့လူတွေကိုတောင် အဓိပ္ပါယ်တစ်မျိုးပေါက်တဲ့ အကြည့်နဲ့ကြည့်တဲ့ လူတွေကို တွေ့လိုက်ရတယ်။ နာမည်ကြီး စေတီတော်တစ်ခုကို သွားတဲ့အချိန်မှာ စောင်းတန်းတစ်လျှောက် အမျိုးကောင်းသားသမီးလေးတွေ ဟိုနေရာတစ်တွဲ၊ ဒီနေရာတစ်တွဲ ကလူ၏သို့ မြူ၏သို့ လုပ်နေကြတာကို တွေ့ရပါတယ်။ စေတီတော်အပေါ်ရောက်တော့လည်း ခေတ်ရဲ့သမီးပျိုတွေဟာ ဖြူဝင်းသွယ်လျတဲ့ ပေါင်တံလေးတွေ၊ ပြောင်ရှင်းသွယ်ဝိုက်တဲ့ ရင်ဘတ်ဖြူဖြူကလေးတွေ၊ လေပြေအတိုက် ဆံနွယ်အလွင့်မှာ ဖြူစင်ဝင်းပတဲ့ ကျောပြင်ကျယ်ကြီးတွေနဲ့ လှချင်တိုင်းလှနေကြတာကို တွေ့ရပါတယ်။ "ကျွန်တော့်နိုင်ငံရဲ့ မကောင်းကြောင်းကို ကျွန်တော်ပဲပြောမယ်၊ အခြားလူမျိုးတွေပြောရင် မကြိုက်ဘူး"ဆိုတဲ့ ရုရှားဟာသတစ်ပုဒ်ကို မရယ်ဘဲ လေးလေးနက်နက် ပြန်တွေးနေမိတယ်။

နောက်များမှ ဆက်ပါဦးမည်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၂၆ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics