ဘောလုံးပွဲမှ ယူတတ်လျှင် ရနိုင်သည့် နိုင်ငံရေးသင်ခန်းစာ အများအပြားရှိသည်။ ဘောလုံးပွဲနှင့် ရွေးကောက်ပွဲတို့၌ တူညီသော သဘောသဘာဝများစွာ တွေ့နိုင်၏။ ပထမဦးစွာ ဘောလုံးပွဲများ ကျင်းပရခြင်း၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကိုကြည့်လျှင် ဘောလုံးကစားခြင်းသည် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ကာ လူအများကြံ့ခိုင် ကျန်းမာရေးအတွက်ဖြစ်သည်ဟု ဆိုသော်လည်း ဘောလုံးပွဲတစ်ခု ဖြစ်မြောက်အောင် ဆောင်ရွက်မည်ဆိုလျှင် ပထမဆုဒိုင်းဖလားဟူသော မက်လုံးတစ်ခုကို စတင်၍ ထည့်သွင်းလာကြရသည်။ ထိုမက်လုံးကို ပြထားမှသာ ပုထုဇဉ်လောကသားပီပီ အားကြိုးမာန်တက် ကစားကြမည်ဖြစ်သည်။ ဤတွင် ဘောလုံးပွဲ၌ အားကစားသက်သက် လုပ်မည်လော၊ ဒိုင်းရအောင်လုပ်မည်လောဟူသည့် လမ်းနှစ်သွယ် ပေါ်လာတော့သည်။
အချို့က ဒိုင်းရခြင်း၊ မရခြင်းသည် အရေးမကြီး၊ ဘောလုံးအားကစားကို ၀ါသနာပါ၍ ကစားခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုသူများသည် အပျော်တမ်းရပ်ကွက်ဘောလုံးပွဲများ၌သာ ပျော်မွေ့သင့်သူများ ဖြစ်ဖွယ်ရှိသည်။ ဘောလုံးသမားအများစုကမူ ဘောလုံးလည်းကစားလိုသည်။ ဒိုင်းလည်းရလိုသည်ဟု ဆိုကြလိမ့်မည်။ ယင်းတို့အထဲမှ အချို့ကမူ ဒိုင်းရဖို့က အဓိကဟု ရှုမြင်ကြသည်။ ဒိုင်းရဖို့ကို ဦးတည်လိုက်သည်နှင့် တစ်ပြိုင်နက် ဒိုင်းရဖို့အတွက် တရားသဖြင့် ယှဉ်ပြိုင်မှုသာမက နည်းလမ်းအမျိုးမျိုးကို သုံးလာကြတော့သည်။
ဘောလုံးမနိုင်လျှင် လူချမည်။ ပရိသတ်နှင့်ပေါင်း၍ တစ်ဖက်အသင်းကို ဖိအားပေးမည်။ ကိုယ့်ဘက်ကမနိုင်လျှင် ခဲများ၊ တုတ်များ၊ ရေသန့်ပုလင်းများ ၀ဲပျံလာစေမည်။ တစ်ဖက်အသင်းနှင့် တိုးမိတိုက်မိလျှင် မနာပါဘဲ နာဟန်ဆောင်ကာ လဲကျအော်ဟစ်၍ ပြစ်ဒဏ်ဘောရအောင် ဖန်တီးမည်။ ဤသို့ဖြင့် အနိုင်ရဖို့ဦးတည်သော ဘောလုံးပွဲများသည် များစွာအကျည်းတန် အရုပ်ဆိုးလာသည်။
ဘောလုံးပွဲသည် အားကစားပွဲသက်သက်မှ ငွေကြေးပါသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသောအခါ အနိုင်အရှုံးသည် ပို၍ အရေးပါလာသည်။ ထိုအခါ ငွေကိုအသုံးပြု၍ မသမာသောနည်းများစွာဖြင့် အနိုင်အရှုံးကို ဖန်တီးလာသည့် ဘောလုံးသမားတို့ ခေါက်ဆွဲစားသောသတင်းများ၊ ဒိုင်လူကြီးက တစ်ဖက်အသင်းကို ပင်းသည်ဆိုသော စွပ်စွဲချက်များ ပေါ်ပေါက်လာလေ့ရှိသည်။ အသင်းတို့၏ ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လာသလို ပရိသတ်တို့၏ အသင်းလိုက်အစွဲမှာလည်း ပို၍ ပြင်းထန်လာသည်။ ဘောလုံးကွင်းအတွင်း အသင်းနှစ်သင်း၏ ပဋိပက္ခမှ ပရိသတ်အချင်းချင်း ပဋိပက္ခအဖြစ်သို့ ကူးစက်လာတတ်သည်။ ဤသို့ဖြင့် ကွင်းတွင်း၊ ကွင်းပြင် အဓိကရုဏ်းများ ဖြစ်လာတတ်သည်။ အထူးသဖြင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းအားနည်းသော လူ့အဖွဲ့အစည်းများ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲကြီးမားသော လူ့အဖွဲ့အစည်းများတွင် ဤသို့သော ဖြစ်ရပ်မျိုးကို ပို၍တွေ့ရတတ်သည်။ ဘောလုံးကို ဘ၀နှင့်ယှဉ်၍ မြတ်နိုးစွဲလန်းကြသော လက်တင်အမေရိကဒေသတွင် ဘောလုံးကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ရသည်အထိပင် ရှိခဲ့ဖူးသည်။
ထို့ကြောင့်လည်း ကမ္ဘာ့ဘောလုံးပွဲများ၌ ပွဲမစမီတွင် မျှမျှတတ သန့်သန့်ရှင်းရှင်း ကစားကြပါ။ (Fair Play) ဟူသော စာတန်းကြီးကို ပထမဦးစွာ ကွင်းလယ်သို့ သယ်ဆောင်ပြသကြရခြင်း ဖြစ်သည်။
နိုင်ငံရေးနယ်ပယ်၌လည်း ဘောလုံးပွဲနှင့် အလားတူပင်ဖြစ်သည်။ ဘောလုံးပွဲ၌ ဘောလုံးအသင်းများ ပါဝင်ကစားကြသကဲ့သို့ နိုင်ငံရေး၌လည်း နိုင်ငံရေးပါတီများ ပါဝင်လှုပ်ရှားကြသည်။ ဘောလုံးပွဲ၌ ဒိုင်းဖလားဆုရရှိရေးကို ရည်မှန်း၍ ကစားကြသကဲ့သို့ နိုင်ငံရေး၌ ရွေးကောက်ပွဲအနိုင်ရရေး၊ နိုင်ငံရေးအာဏာရရှိရေးအတွက် ပါတီများက ကြိုးပမ်းကြရသည်။ ဘောလုံးပွဲ၌ ကစားနည်းဥပဒေများ၊ ဒိုင်အဖွဲ့များ ရှိသကဲ့သို့ နိုင်ငံရေး၌လည်း ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် စသည်တို့ရှိသည်။
ဘောလုံးသမားများကဲ့သို့ပင် နိုင်ငံရေးသမားများမှာလည်း ပုထုဇဉ်လူသားများသာ ဖြစ်ကြသောကြောင့် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုရေးအတွက် နိုင်ငံရေးလုပ်ပါသည်ဟု ဆိုသော်လည်း ပါတီနိုင်ငံရေး၌ အာဏာရလိုမှုက လွှမ်းမိုးထားစမြဲဖြစ်သည်။ အချို့က နိုင်ငံရေးအာဏာရရှိရေးအတွက် ပြည်သူတို့၏ ယုံကြည်လွယ်မှုကို ရရှိစေရန် ရိုးရိုးသားသား ကြိုးစားကြသည်။ ဘောလုံးပွဲ၌ ဒီတစ်ခါ ဒိုင်းမရလျှင် နောက်တစ်ခါ ရရလိမ့်မည်ပေါ့ဟူသော ခံယူချက်ဖြင့် သန့်သန့်ရှင်းရှင်းကစားကြသလို နိုင်ငံရေး၌လည်း ဒီတစ်ခါ ရွေးကောက်ပွဲမနိုင်လျှင် နောက်တစ်ခါ အနိုင်ရအောင် ကြိုးစားမည်ဟူသော စိတ်ဓာတ်ဖြင့် အတိုက်အခံပါတီဘ၀၌လည်း မှန်မှန်ကန်ကန် ကျေကျေနပ်နပ် ရပ်တည်နိုင်ကြသည်။
အတ္တကြီးသော နိုင်ငံရေးသမားများမှာမူကား နိုင်ငံရေးအာဏာရရှိရေးအတွက် ရနိုင်သမျှ နည်းလမ်းမျိုးစုံကို အသုံးပြုကာ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်တတ်ကြသည်။ ရွေးကောက်ပွဲ နီးလာလျှင် အားကြီးသူက အားနည်းသောပြိုင်ဘက်ကို နည်းမျိုးစုံဖြင့် ရှင်းသည်။ အားနည်းသောအုပ်စုက ရွေးကောက်ပွဲနိုင်မည် မဟုတ်ဟုထင်လျှင် မပျက်ပျက်အောင် ဖျက်တတ်သည်။ ရွေးကောက်ပွဲကာလအတွင်း၌ မသမာမှုမျိုးစုံကို လုပ်ကိုင်တတ်ကြသည်။ ရွေးကောက်ပွဲပြီးလျှင် ရှုံးသောသူက နိုင်သောသူကို မတရားသဖြင့် အနိုင်ရခြင်းဖြစ်သည်ဟု (ဘောလုံးပွဲ၌ ရှုံးသောသူက ဒိုင်ကိုပုံချသည့်နည်းတူ) စွပ်စွဲကြပြန်သည်။ ဤသို့ နိုင်ငံရေးသမားသည် အားပြိုင်သည့်နေရာ၌ ပရိသတ်နှင့်တူသော ပြည်သူလူထုက အသိပညာ ဆင်ခြင်တုံတရား မပြည့်ဝခဲ့လျှင် အစွဲတစ်မျိုးမျိုးဖြင့် နိုင်ငံရေးသမားများ လှုံ့ဆော်ရာနောက်သို့ လိုက်ပါသွားကာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို နိုင်ငံရေးသမားတို့က တုတ်လုပ်၍ ရိုက်သည့်အခါ တုတ်အဖြစ် ပါဝင်မိတတ်ကြလေသည်။
နိုင်ငံရေးနှင့်ငွေကြေး ပေါင်းစပ်ပါဝင်လာသည့် လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်တို့၏ ရင်သွေးဖြစ်သော ပါတီစုံရွေးကောက်ပွဲတို့၌မူ ပြိုင်ဆိုင်မှုက ပို၍ပြင်းထန်လာသည်နှင့်အမျှ ငွေကြေးကုန်ကျမှုကလည်း ပိုမိုများပြားလာကာ ငွေနှင့်အာဏာပေါင်းစပ်၍ မဖြစ်သင့်သည်များက ဖြစ်လာကြတော့သည်။ ရေပေါ်ဆီနိုင်ငံရေး Political Elitism ထွန်းကားလာတော့သည်။ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အစဉ်အလာ နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားသော အပေါ်ထပ်လွှာ လူတန်းစားတို့ကသာ ယင်းအာဏာကို လက်မလွှတ်စတမ်း ခွဲဝေရယူကာ အုပ်စီးထားတတ်ကြသည်။ အိန္ဒိယနိုင်ငံ၌ ကွန်ဂရက်ပါတီ၊ ဘီဂျေပီပါတီကဲ့သို့သော ပါတီကြီးများ၊ ပါကစ္စတန်၌ ပီပီပီ၊ အမျိုးသားမွတ်စလင်အဖွဲ့ချုပ် စသောပါတီကြီးများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား၊ ထိုင်းနိုင်ငံ စသည်ဖြင့် ပတ်ဝန်းကျင်၌ လက်ညှိုးထိုးမလွဲအောင် တည်ရှိနေသော နိုင်ငံများစွာတို့၌ နိုင်ငံရေးခေါင်းဆောင်များကိုကြည့်လျှင် မြေရှင်ကြီးများ၊ စက်မှုလုပ်ငန်းရှင်ကြီးများ၊ နိုင်ငံ့ခေါင်းဆောင်ဟောင်းတို့၏ မျိုးဆက်များ၊ အဆင့်မြင့်အရာရှိ အငြိမ်းစားပုဂ္ဂိုလ်များ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ စသည်ဖြင့် အပေါ်ထပ်အလွှာမှ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်ကို တွေ့ရပေလိမ့်မည်။
ထိုပုဂ္ဂိုလ်များတွင် တိုင်းပြည်အကျိုး၊ လူထုအကျိုးအတွက် စေတနာမှန်မှန်ဖြင့် လုပ်ကိုင်ဆောင်ရွက်သူများလည်း ရှိသည်။ ကိုယ်ကျိုးစီးပွား၊ မိမိပါတီအဖွဲ့အစည်း အာဏာရရှိရေး၊ တည်မြဲရေးအတွက်သာ ပိုမိုဦးစားပေး လုပ်ကိုင်သူများလည်း ရှိသည်။
ထိုသို့နိုင်ငံရေးသမားချင်း အမျိုးအစား ကွာခြားသည်နှင့်အမျှ နိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်မှုနှင့် တိုးတက်ဖွံ့ဖြိုးမှုချင်းလည်း ကွာဟတတ်လေသည်။
ဘောလုံးပွဲ၌ အားကစားနှင့်ငွေကြေး မရှိမဖြစ် ပေါင်းစပ်ရသော်လည်း ငွေကြောင့် အားကစား၏အနှစ်သာရကို မပျောက်ရအောင် ထိန်းသိမ်းမှုများ ရှိကြသလို နိုင်ငံရေး၌လည်း အာဏာနှင့်ငွေပေါင်းစပ်မှုကို တလွဲမသုံးမချနိုင်အောင် ထိန်းသိမ်းကြရသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံများ၌ စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံရေးသမားများကို ငွေနှင့်ပေါက်၍ မ၀ယ်နိုင်စေရန် ရွေးကောက်ပွဲရန်ပုံငွေ ကောက်ခံမှုကို ဥပဒေစည်းကမ်းများဖြင့် တင်းတင်းကျပ်ကျပ် ထိန်းသိမ်းလေ့ရှိသည်။ လုံးဝအောင်မြင်သည်ဟု မဆိုနိုင်သည့်တိုင်အောင် အဟန့်အတားတစ်ခုတော့ ဖြစ်သည်ဟု ဆိုနိုင်သည်။
နောက်တစ်နည်းထိန်းသိမ်းနိုင်ပုံကား ပြည်သူလူထု၏ အသိစိတ်ဓာတ် ပြည့်ဝရင့်ကျင်မှုပင်ဖြစ်၏။ ရွေးကောက်ပွဲ၌ ငွေကြေးသုံးစွဲနိုင်လျှင် ငွေအား လူအားဖြင့် ဆောင်ရွက်နိုင်သည်မှန်သော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးမှာမူ ပြည်သူလူထု၏ ရွေးချယ်မှုကသာလျှင် အဓိကဖြစ်လေသည်။
ထို့အပြင် အဆင့်အတန်းရှိသော ပရိသတ်ရှေ့မှောက်၌ မတရားသောနည်းဖြင့် အနိုင်ကစားလိုသော ဘောလုံးအသင်းများ မျက်နှာမလှဖြစ်ကြရသကဲ့သို့ အသိပညာ ဆင်ခြင်တုံတရားရှိသော ပြည်သူလူထုမဲဆန္ဒရှင်များ တိုးပွားလာသည်နှင့်အမျှ ရွေးကောက်ပွဲမသမာမှုများ နည်းပါးလာသည်။ ပလေယာများကလည်း ကစားနည်းစည်းမျဉ်းစည်းကမ်း ဘောင်အတွင်းမှာ သန့်ရှင်းစွာ ယှဉ်ပြိုင်ရန် ကြိုးစားလာကြသည်။ ရွေးကောက်ပွဲအနိုင်အရှုံးရလဒ်များကို ကျေကျေနပ်နပ် တည်တည်ငြိမ်ငြိမ် လက်ခံကြသည်။
ထိုသို့တည်ငြိမ်လာခြင်းမှာ အနိုင်မလိုချင်၍ကား မဟုတ်။ စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ပို၍ လိုလားသောကြောင့်သာဖြစ်၏။ ရွေးကောက်ပွဲဖြစ်စေ၊ ဘောလုံးပွဲဖြစ်စေ အနိုင်နှင့်အရှုံးကား ရှိနေမည်သာဖြစ်၏။ အရေးကြီးသည်မှာ ပြိုင်ဘက်ကို ရန်ဘက်အဖြစ် သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူများအဖြစ် သဘောထားနိုင်ရန်သာ ဖြစ်ပေသည်။
Friday, November 06, 2009
ဘောလုံးပွဲမှ နိုင်ငံရေးသင်ခန်းစာ - ကိုကိုလှိုင်
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 10:06 AM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment