ဒီဘိတ်
ယခုအခါ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီနိုင်ငံရေးစနစ်တို့ကို လိုလားနှစ်သက်အပ်သော ရည်မှန်းချက်များအဖြစ် နိုင်ငံအားလုံးလောက်က သဘောတူ လက်ခံလာကြပြီးဖြစ်ပါသည်။ သို့နှင့်တိုင် "ဒီမိုကရေစီနှင့်ဖွံ့ဖြိုးမှု ဘယ်သင်းက အရင်စ" ဆိုသည်နှင့်ပတ်သက်လျှင်မူ ယနေ့ထက်တိုင် အငြင်းပွားနေကြဆဲဖြစ်သည်။ အမှန်စင်စစ် ဤဒီဘိတ်မှာ ယခုမှစသည်တော့မဟုတ်။ ကွန်မြူနစ်ဝါဒ လက်သီးဆုပ်ပြေကျချိန် စီးပွားရေးပြုပြင်ပြောင်းလဲမှု ကနဦးကာလကတည်းက ဖြစ်သည်။
ထိုစဉ်ကမူ "ရုရှားလမ်း"၊ "တရုတ်လမ်း" ဟူ၍ လမ်းနှစ်သွယ် ပေါ်ခဲ့ဖူးသည်။ ဆိုဗီယက်ခေါင်းဆောင် မစ်ခေးဂေါ်ဘာချော့(ဗ)က "ဂလပ်စနော့" (ပွင့်လင်းရေး) နှင့် "ပယ်ရီစတွိုက်ကာ" (ပြုပြင်ပြောင်းလဲရေး)ကို တွဲလုပ်သည်။ စီးပွားရေးနှင့်နိုင်ငံရေးကို တစ်ပြေးညီပြုပြင် ပြောင်းလဲလိုသည့် သဘောဖြစ်သည်။ အကြောင်းကြောင်းကြောင့် သူမအောင်မြင်ခဲ့ပါ။ တရုတ်ခေါင်းဆောင် တိန့်ရှောက်ပင်းကမူ "ပဉ္စမမြောက်ခေတ်မီရေး" (နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အကြောင်းမပြော) "လေးမျိုးခေတ်မီရေး" (စီးပွားရေးပြုပြင်ပြောင်းလဲမှု)ကိုသာ နက်နက်ရှိုင်းရှိုင်း ဖိဖိစီးစီးလုပ်သည်။ သူ အလုပ်ဖြစ်သွားသည်။
ဂျော့ဒဗလျူဘုရှ်၏ အရှေ့အလယ်ပိုင်း ဒီမိုကရေစီဇာတ်သွင်းရေး အီရတ်စစ်ပွဲ အရေးနိမ့်သွားပြီး တရုတ်ပြည် အင်အားကြီးမားလာသောအခါတွင်မူ "စီးပွားရေးဖွံ့ဖြိုးမှုကို အရင်စလုပ်" ဆိုသော လမ်းကြောင်းက အတော်လေး ရှေ့ရောက်လာသည်။ နိုင်ငံတစ်ခုအနေဖြင့် အဆင့်မြင့်ဝင်ငွေ သို့မဟုတ် (အနည်းဆုံး) အလယ်အလတ်ဝင်ငွေ အဆင့်မရောက်မချင်း ဒီမိုကရေစီရေးကို ရက်ရွှေ့ဆိုင်းထားဆိုသော အပြောအဆိုများပင်ရှိလာသည်။ ဤအပြောအဆိုများအပေါ် ခံတွင်းမတွေ့နိုင်ကြသူများကမူ "ယနေ့တရုတ်ပြည်ဘာလဲ၊ ဘယ်လဲ" မေးခွန်းထုတ်ကြပြန်သည်။
သူ့အမြင်
မျက်မှောက်ခေတ် အကျော်ဇေယျ နိုင်ငံရေးသိပ္ပံပညာရှင် "ဖရန်စစ်ဖူကူယားမား" ကမူ ဆိုခဲ့ပါ ဒီဘိတ်မှာ ပစ်မှတ်မှားနေသည်ဟု ဝေဖန်သည်။ ဤသို့ ပစ်မှတ်မှားနေသည်ကို အသုံးပြုကြသော "စံ" ကိုယ်တိုင်က လွဲနေသောကြောင့်ဟု မှတ်ချက်ပြုသည်။ ဒီဘိတ်တွင် ပါဝင်ငြင်းခုံကြသူများက "ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်"ကို "ကိန်းသေ" အဖြစ် ကြည့်မြင်ကြသောကြောင့်ဟု ဆိုသည်။ တကယ့်လက်တွေ့တွင် အဆိုပါဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်မှာ နိုင်ငံတစ်ခုနှင့်တစ်ခု မတူ။ အများကြီးကွာသည်ဟု ကောက်ချက်ချသည်။
"အာဏာပိုင်စနစ်အောက်တွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပါသည်" ဆိုသော "ထောက်ကွက်" ကိမူ ဖူကူယားမားက ခြွင်းချက်အဖြစိ လက်ခံသည်။ ဤကောက်ချက်အတိုင်း အမှန်တကယ် ဖြစ်ဖို့ဆိုလျှင် ဦးဆောင်အီလစ်များ၏ အမြော်အမြင်က စကားပြောလိမ့်မည်ဟု စောဒကတက်သည်။ တကယ့်လက်တွေ့တွင် စင်ကာပူမှ လီကွမ်ယူလို ခေါင်းဆောင်မျိုးထက် ဇိုင်ယာမှ မူဘူတူလို၊ ဖိလစ်ပိုင်မှ မားကို့(စ်)လို အီလစ်တွေကိုသာ မတွေ့ချင်အဆုံး ဖြစ်နေသည်ဟုလည်း ထောက်ပြသည်။
မည်သည့်နိုင်ငံဖြစ်စေ လှိုင်းထန်လေထန်ခရီးနှင့် ကြုံရပြီဆိုလျှင်မူ "ဒီမိုကရက်တစ် တရားနည်းလမ်းကျမှု" ရှိမှသာ အသက်ဆက်ရှင်သန်နိုင်စရာ ရှိလိမ့်မည်ဟုလည်း သူက သုံးသပ်ပြပါသည်။ ၁၉၉၇-၉၈ အာရှ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်လိုက်ရသောအခါ အပြင်းထန်ဆုံး အထိနာခဲ့သည့် နှစ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားက ဘာမျှမဖြစ်။ အင်ဒိုနီးရှားမှာ ကသောင်းကနင်း ဖြစ်သွားခဲ့ရသည်။ ဘာကြောင့် ဤသို့ဖြစ်ရသနည်း မေးခွန်းထုတ်ကြည့်ရာ ထိုစဉ်က အင်ဒိုနီးရှားမှာ "တရားနည်းလမ်းကျမှု" ဘက်က အားနည်းသောကြောင့်ဟု အဖြေထုတ်ပြသည်။
ရွေးကောက်ပွဲ၏ အခန်းကဏ္ဍ
ဆက်လက်ပြီး ဖူကူယားမားက "ဒီမိုကရက်တစ်တရားနည်းလမ်းကျမှု" ဆိုသည်ကို ဆန်းစစ်ပြသည်။ "တရားနည်းလမ်းကျမှု"မှာ "တရားဥပဒေကြောင်း" သက်သက်မဟုတ်။ "လူထုထင်မြင်ချက်"နှင့် သရုပ်ထင်စေရသည်။ လူထုထင်မြင်ချက်ကို တရားဝင်စုစည်းဖော်ပြနိုင်သည်မှာ ရွေးကောက်ပွဲပင် ဖြစ်သည်ဟု သူကဆိုပါသည်။
သို့သော် ရွေးကောက်ပွဲမှာ အဆုံးပန်းတိုင်ကားမဟုတ်။ အစပြုချက်သာဖြစ်သည်။ အမှန်စင်စစ် ရွေးကောက်ပွဲဆိုသည်မှာ "မဲဆန္ဒရှင်လူထု"နှင့် "လူထုကိုယ်စားလှယ်"တို့ကြား ပဋိညာဉ်ပင်ဖြစ်သည်။ အကယ်၍ လူထုကိုယ်စားလှယ်ဘက်မှ ပဋိညာဉ်ပျက်လျှင် "အေဂျင်စီပြဿနာများ" ပေါ်တတ်သည်။ အေဂျင်စီပြဿနာ ဆိုသည်မှာ "အကျင့်ပျက်ခြစားမှု"၊ "အရှင်မွေး သူကောင်းပြုမှု"၊ "အုပ်ချုပ်ပုံ ညံ့ဖျင်းမှု" စသည်တို့ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းဖို့ဆိုလျှင် "ဒီမိုကရက်တစ်တာဝန်ခံမှု" တည်ဆောက်ဖို့လိုလိမ့်မည် စသည်ဖြင့် သူက ဆက်လက်သုံးသပ်ပြပါသည်။
ဤတွင် သော့ချက်မှာ "ဒီမိုကရက်တစ်တာဝန်ခံမှု"ကို ဘယ်ပုံတည်ဆောက်ကြမည်နည်းဆိုသော ကိစ္စဖြစ်လာသည်။ ဖူကူယားမား၏အလိုအရ "အထိန်း၊ အထေ"တို့ဖြင့် "စည်းမျဉ်းစည်းကမ်းများ" ကို ပုံဖော်ယူရမည်ဟု ဆိုပါသည်။ ဤသည်ကို သူက "အဖွဲ့အစည်းဘောင်သွင်းခြင်း" ဟု ခြုံငုံဖော်ပြသည်။ နောက်ဆုံး "ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေး ဘယ်သင်းက အရင်စ" ငြင်းခုံနေကြသည်ထက် "ရွေးကောက်ပွဲ အပါအ၀င် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဘယ်ပုံတည်ဆောက်ကြမည်နည်း" ဆိုသော စဉ်းစားချက်ကသာ ပို၍ အကျိုးများလိမ့်မည်ဟု နိဂုံးကောက်ချက်ချလိုက်ပါသည်။
Friday, November 06, 2009
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးမှု ဘယ်သင်းက အရင်စ (ဖရန်စစ်ဖူကူယားမား၏အမြင်) - ကျော်ဝင်း
စာညွှန်း - Democracy or Development: Which Comes First? (By- Francis Fukuyama)
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 10:11 AM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment