Friday, November 06, 2009

အတွေးမီးခိုးတန်းများ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ဒိုင်နိုဆောတွေနဲ့ ပုရွက်ဆိတ်တွေဟာ အချိန်ကာလတစ်ခုတည်းလောက်မှာ အတူတကွ ပေါ်ပေါက်ခဲ့ကြတဲ့ သတ္တ၀ါတွေပါ။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာ ပုရွက်ဆိတ်တွေကိုသာ နေရာတိုင်းမှာ တွေ့နိုင်ပြီး ဒိုင်နိုဆောဆိုတာကိုတော့ ရုပ်ရှင်တွေ၊ ကာတွန်းတွေထဲလောက်မှာသာ မြင်ရတော့တယ်တဲ့။ သူငယ်ချင်းတစ်ယောက် လာပြောတာပါ။ အတွေးတန်းတွေ တသီကြီးနဲ့ ကျွန်တော်ကျန်ရစ်ခဲ့တယ်။

(၂)
ခေတ်စနစ်ကြီးကို တောက်တခေါက်ခေါက်ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အခြားသူငယ်ချင်းတစ်ယောက်က သူ့ကိုမေးပါတယ်။ "ခေတ်စနစ်ကြီးကို ဘယ်သူက လုပ်တာလဲကွ"တဲ့။ သူကလည်း ပြန်ဖြေတာပေါ့။ "လူတွေပေါ့ကွာ"တဲ့။ "ဒါဆိုရင် အဲဒီလူဆိုတဲ့အထဲမှာ မင်းလည်းပါတာပေါ့နော်" လို့ ပြောတဲ့အချိန်မှာတော့ "အင်း၊ အဲ၊ ဟို၊ …" စတဲ့ အာမေဋိတ်စကားလုံးပေါင်း သောင်းခြောက်ထောင်နဲ့ ကျွန်တော့်သူငယ်ချင်း စိတ်တိုစိတ်ညစ် ဖြစ်သွားပုံရပါတယ်။ အားလုံးဝိုင်းရယ်ဖြစ်ကြပေမယ့် ကျွန်တော်ကတော့ ရယ်ရင်းနဲ့ အတွေးတွေ အမျှင်တန်းနေမိပါသေးတယ်။

(၃)
ဒါကလည်း ကျွန်တော့်သူငယ်ချင်းကို သူ့အဖေက ဆုံးမတဲ့စကားလေးကို သူပြန်ပြီး ဖောက်သည်ချထားတာပါ။ "ဒီမှာ ငါ့သား…. အမြဲတမ်း "တစ်" ဖြစ်အောင် လုပ်ပါ။ မင်းသာ "တစ်"ဖြစ်နေရင် မင်းနောက်မှာပါသမျှ လူတွေအားလုံးဟာ "သုည"ဖြစ်နေဦးတော့ တန်ဖိုးရှိနေလိမ့်မယ်၊ မင်းနောက်မှာ "သုည"တစ်ယောက်ရှိရင် မင်းဟာ "တစ်ဆယ်" ဖြစ်နေလိမ့်မယ်၊ မင်းနောက်မှာ "သုည" ဆယ်ယောက်ရှိနေရင် မင်းဟာ "တစ်ရာ" ဖြစ်သွားလိမ့်မယ်၊ အဲဒီလိုပဲ မင်းနောက်မှာ "သုည"တွေများသလောက် မင်းလည်း တန်ဖိုးတက်နေပါလိမ့်မယ်" တဲ့။ သူ့အဖေကို မမြင်ဖူးပေမယ့် သူ့စကားကိုတော့ မြင်လိုက်မိပါတယ်။

(၄)
ဂျာနယ်တွေထဲမှာ အခုနောက်ပိုင်း အင်နဲ့အားနဲ့ နေရာရလာတာကတော့ ကာတွန်းတွေပါပဲ။ ကာတွန်းမပါတဲ့ဂျာနယ်မှ ရှိသေးရဲ့လားလို့တောင် မေးရမလောက်ပါပဲ။ ပါသမျှကာတွန်းတွေကလည်း သူတို့မြင်နေတဲ့ ခေတ်အခြေအနေကို မီးမောင်းထိုးပြထားကြတာ များပါတယ်။ ထိလည်းထိ၊ မိလည်းမိတာမို့ အတော်လေးကို သဘောကျစရာကောင်းတာတွေ တွေ့ရပါတယ်။ အဲဒီမှာ စဉ်းစားမိတာက ခေတ်စနစ်တွေကို ထင်ဟပ်ခဲ့တဲ့ ၀တ္ထုတွေ၊ ဆောင်းပါးတွေ၊ ခရီးသွားမှတ်တမ်းတွေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေကို အကြိမ်ကြိမ် ပြန်လည်ဖော်ထုတ် ထုတ်ဝေကြတာတွေ့ရပါတယ်။ "ခေတ်စနစ်အသီးသီးကို မီးမောင်းထိုးပြခဲ့သော ကာတွန်းများ" ဆိုပြီး ကာတွန်းဟောင်းတွေကို စုစည်းစာအုပ်ထုတ်ဝေပေးရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ တွေးနေမိပါတယ်။

(၅)
ဈေးဝယ်သွားရင်း တွေးမိတဲ့အတွေးတစ်ခုပါ။ ကျွန်တော်တို့တွေ ဈေးဝယ်တဲ့အခါ ကိုယ်ဝယ်တဲ့ပစ္စည်းကို အနည်းဆုံးဈေး၊ အသက်သာဆုံးဈေးနဲ့ လိုချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကများ ဈေးရောင်းသူဖြစ်ခဲ့ရင် ကိုယ်ရောင်းတဲ့ပစ္စည်းကို အမြတ်များများလိုချင်ကြပါတယ်။ ဘာပဲပြောပြော ဈေးရောင်းတဲ့လူဆိုတာလည်း သူရောင်းဖို့အတွက် သူများဆီက ၀ယ်ခဲ့ရမှာပါပဲ။ အဲဒီအတွက် အမြဲတမ်းဈေးရောင်းသူ မဖြစ်နိုင်သလို၊ အမြဲတမ်း ဈေးဝယ်သူလည်း မဖြစ်နိုင်ပါဘူး။ ဘ၀သံသရာဆိုတဲ့အဓိပ္ပါယ်ကို မမီတမီဉာဏ်လေးနဲ့ မြင်လိုက်မိသလိုပါပဲ။

နောက်များမှ ဆက်ပါဦးမည်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်၊ သောကြာနေ့။
နံနက် ၀ နာရီ ၃၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics