တရားဝင်နှစ်မျိုး
အစိုးရတစ်ရပ်၏ တရားဝင်အတည်ဖြစ်မှုသည် မှန်ကန်သောအရေးအတွက် ရပ်တည်ခြင်းအပေါ် အခြေတည်သလို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းအပေါ်၌လည်း မူတည်ခဲ့သည်။ Right Cause or good fight ဟု နိုင်ငံရေးသိပ္ပံပညာရှင်တို့က ပညတ်သည်။ သို့သော် ယခု ဤသဘောထက်ပိုသွားသည်။ ပြည်သူပြည်သားတို့ ဘာလိုချင်၍ ဘာမျှော်လင့်သနည်းဆိုသောဆန္ဒကို ဘယ်လောက်နှင့် ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲဆိုသော အချက်ဖြင့် အစိုးရတစ်ရပ်သည် တရားဝင်မှုရရှိရန် လိုအပ်လာသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွေပေါ်လာမည်။ အစိုးရသစ်တွေပေါ်လာမည်။ ပေါ်လာမည့် အစိုးရအသီးသီးသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အညွတ်ဖြစ်၍ တရားဝင်အတည်ဖြစ်သည်ဟု ဥပဒေရှုထောင့်မှ ဆိုနိုင်စေကာမူ မဲဆန္ဒရှင်တို့၏ ဆန္ဒကို ဘယ်လောက်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မလဲဆိုသော အချက်ဖြင့်လည်း တရားဝင်မှုကို လက်တွေ့ဖော်ဆောင်ပြရဦးမည်။ တရားဥပဒေအရ တရားဝင်မှုနှင့် လက်တွေ့အရ တရားဝင်မှုနှစ်မျိုး ထင်ရှားရန်လိုသည်။
ဘယ်လိုလုပ်မလဲ
သို့ဖြင့် ယနေ့နိုင်ငံရေး၏ဆောင်ပုဒ်ကို စစ်ဆေးကြည့်ကြသည်။ ယနေ့ဆောင်ပုဒ်သည် "ဘာလုပ်ရမလဲ" What to do မဟုတ်ပြီ။ ထိရောက်ထက်မြက်သောနည်း၊ စရိတ်သက်သာသောနည်းတို့ဖြင့် "ဘယ်လိုလုပ်မလဲ" How to do ဖြစ်လာပြီ။ ထို့ကြောင့် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပလေယာတို့သည် ဘာလုပ်မလဲဟု စဉ်းစားသည်ထက် ပြည်သူလူထုဆန္ဒကို ဘယ်လိုဆောင်ရွက်ပေးမလဲဟု စဉ်းစား၍ လုပ်ငန်းစဉ်တို့ကို ချပြကြရတော့မည်။
"ဘယ်လိုလုပ်မလဲ" ဆိုသောပုစ္ဆာမှာ လက်တွေ့ပြဿနာဖြစ်သည်။ နိုင်ငံရေးသည် လက်တွေ့ကြည့်ရုံဖြင့် လုံလောက်ပြီဟု အထင်မှားနိုင်သည်။ နိုင်ငံရေးသည် လူတို့၏ အကျိုးစီးပွားသက်သက်ကိုသာ ကြည့်ရသည်မဟုတ်ပေ။ လူတို့၏ ကျင့်ဝတ်တန်ဖိုးနှင့် ပညာတို့အပေါ်လည်း ကြည့်ရသည်။ အကျိုးစီးပွား ကျင့်ဝတ်တန်ဖိုးနှင့် ပညာတို့သည် နိုင်ငံရေးတွင် သဟဇာတဖြစ်ရပေမည်။ အကျိုးစီးပွားကိုသာ တစ်ဖက်စောင်းနင်း အာရုံစိုက်ရန် မဟုတ်ပေ။ ကျင့်ဝတ်နှင့် ပညာကိုလည်း အလေးပေးရမည်။ သို့သော် သူ့လမ်းကြောင်းနှင့်သူ ရှိရမည်။ အကျိုးစီးပွားတန်ဖိုးနှင့် ပညာတို့ကို လမ်းကြောင်းလွဲသည်။
ကျယ်ပြန့်ရန် လိုမလို
လက်ရှိနိုင်ငံရေးသည် ဒီမိုကရေစီသို့ ရှေးရှုရန်ဖြစ်လေရာ ထိုနှင့်အညီ အကျိုးစီးပွား၊ ကျင့်ဝတ်နှင့် ပညာတို့အကြောင်း ဆွေးနွေးမှုသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရန်လိုသည်။ အကျိုးစီးပွားကျင့်ဝတ်နှင့် ပညာတို့သည် နိုင်ငံရေး၌ အရေးပါအရာရောက်လာသောအခါ ဤအကြောင်းအရာတို့၏ အဖြေသည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုမှ ပေါ်ပေါက်လာသောရလဒ် ဖြစ်အပ်သည်။ ဤသို့ ဆွေးနွေးရန်မလိုအပ်ဟု စောဒကတက်နိုင်သည်။ အကြောင်းမူ မြန်မာလူ့အဖွဲ့အစည်းသည် ပြင်းထန်ခက်ထန်သော နိုင်ငံရေးဖြစ်စဉ်တို့ကို ဖြတ်သန်းခဲ့ဖူးပြီးဖြစ်သည်။ ဤအကြောင်းတို့ကို သိပြီးသားဟု မှတ်ယူနိုင်သောကြောင့်ဖြစ်သည်။
ဒွန်တွဲ
မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် အကျိုးစီးပွားပြဿနာ၊ ကျင့်ဝတ်တန်ဖိုးပြဿနာနှင့် ပညာရေးသုတပြဿနာတို့ဖြင့် စိုပြည်နေလိမ့်မည်ဟု ခန့်မှန်းရနိုင်သည်။ ဤအတိုင်းမှန်လျှင် မြန်မာ့နိုင်ငံရေးအလားအလာသည် ကောင်းမွန်သည်ဟု ပြောနိုင်သည်။ အကျိုးစီးပွားအမျိုးမျိုးကို ထင်ဟပ်အောင် "ဘုံကောင်းကျိုး" တစ်ခုခုကို ရှာဖွေရန်လိုသည်။ ဤကိစ္စနှင့်ပတ်သက်၍ အခွင့်သာသောအချက်မှာ တက္ကနိုလိုဂျီ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ တက္ကနိုလိုဂျီဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေးခေါင်းဆောင်တို့၏ လုပ်ရည်ကိုင်ရည် စွမ်းရည်ကို တိုးမြှင့်တင်ပေးနိုင်သဖြင့် ဘုံအကျိုးရှာရာ၌ လွယ်ကူချောမောစေမည်။
တက္ကနိုလိုဂျီ အထူးသဖြင့် အင်တာနက်သည် နိုင်ငံရေးဖြစ်ထွန်းမှုကို အကြီးအကျယ် အကျိုးဖြစ်စေမည်။ အဝေးသင်၊ အီးမေးလ်၊ အီးအစိုးရ စသည့် ပြည်သူ့ဝန်ဆောင်မှုတို့ကို နိုင်ငံသားတို့နှင့် အနီးဆုံးနေရာသို့ ရွှေ့ပေးနိုင်သည်။ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် ပြည်သူ့အကျိုးပြုနိုင်ငံရေးတို့ ဒွန်တွဲပေးစရာရှိသည်။
Friday, November 06, 2009
ကျင့်ဝတ်တန်ဖိုးပညာနှင့် ဒီမိုကရေစီနိုင်ငံရေး - မောင်စူးစမ်း
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 10:17 AM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment