Monday, November 09, 2009

မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲ - ပိုင်


မဒမ်ဇင်နီယာဟာ
ဘုရားသခင်က သူ့ကို ဖန်ဆင်းထားတယ်ဆိုတာယုံတယ်
ဘုရားသခင်ပြောတဲ့အတိုင်း နေထိုင်တယ်
ဘုရားသခင် သတ်မှတ်ထားတဲ့အတိုင်း စားသောက်တယ်
ဘုရားသခင် အလိုတော်အတိုင်း ပြုမူဆောင်ရွက်တယ်
ဘုရားသခင် မလိုလားတာဆိုရင်
မဒမ်ဇင်နီယာက သူနဲ့ မပတ်သက်သလို နေလိုက်တာပဲ
မဒမ်ဇင်နီယာ မကြာခဏဖျားနာလေလေ
ဘုရားသခင်ကို ပိုပြီးဆုပ်ကိုင်လေလေ
ဘုရားသခင်သာ မဒမ်ဇင်နီယာဘ၀မှာရှိရင် အရာအားလုံးကို ငြင်းပယ်ရဲတယ်
ဘုရားသခင်ရဲ့အရိပ်မှာ ဘုရားသခင်အလိုအတိုင်းသာနေရင် ငြိမ်းချမ်းမယ်လို့ယုံတယ်
မဒမ်ဇင်နီယာ ဘုရားသခင်ကို အားကိုးပြီးနေလာခဲ့တာ
သုံးဆယ့်တစ်နှစ်တောင်ရှိပြီပေါ့
ဘုရားသခင်က မဒမ်ဇင်နီယာကို သမီးလေးတစ်ယောက်ပေးတယ်
စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးတယ်
အသားနည်းနည်းပါတဲ့ စွပ်ပြုတ်ပေးတယ်
မဒမ်ဇင်နီယာရဲ့ အသွေးအသားထဲမှာ ရမ္မက်မရှိတော့ဘူး
မဒမ်ဇင်နီယာရဲ့ တစ်ကိုယ်လုံး ဘုရားသခင်နဲ့တည်ဆောက်ထားတယ်
မဒမ်ဇင်နီယာရဲ့ ၀ှက်ဖဲချပ်တိုင်းဟာ
 ဘုရားသခင်ပဲ
လူတွေက ဘုရားသခင်ကို မထေမဲ့မြင်ပြုနေကြတယ်လို့လည်း ယူဆတယ်
မဒမ်ဇင်နီယာရဲ့ ဘုရားသခင်ကတော့
သူ့ မိတ်ဆွေတွေကြားမှာ အတော်ကလေးရေပန်းစားပ
ဝိုင်အရက်လို ယဉ်ကျေးသူတွေကနေ
လိင်မှုကိစ္စလို ပွင့်လင်းသူတွေအထိပေါ့
မဒမ်ဇင်နီယာကို လေ့လာသူတွေက
မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ကနေတာကလွဲပြီး ဘာမှမရှိပါဘူးတဲ့
မဒမ်ဇင်နီယာရဲ့ ခြေလက်လှုပ်ရှားဟန်ထဲမှာ
တစ်စုံတစ်ယောက်ရှိနေပုံရပေမယ့် တစ်စုံတစ်ယောက်ကိုမမြင်ရဘူး
အဲဒီတစ်စုံတစ်ယောက်ကလည်း ဘုရားသခင်ပါပဲတဲ့
မဒမ်ဇင်နီယာဟာ တစ်ခါတလေ ပျော်ပျော်ရွှင်ရွှင် သီချင်းညည်းနေတတ်တယ်
တစ်ခါတလေ ရုပ်တုလေးတစ်ခုချထားသလို ငေးငိုင်တိတ်ဆိတ်နေတတ်တယ်
မဒမ်ဇင်နီယာရဲ့ အတွေးထဲမှာ စိတ်ကူးအိပ်မက်တွေထဲမှာ
ဘ၀မျှော်လင့်ချက်တွေထဲမှာ
ဘုရားသခင်နဲ့ ကင်းကွာသွားတဲ့အချိန်ဆိုတာ မရှိခဲ့ဘူး
မဒမ်ဇင်နီယာရဲ့ တည်ရှိမှုမှာ
လူအဖြစ်တည်ရှိမှုဟာ လုံးလုံးပျောက်ကွယ်သွားပြီး
ဘုရားသခင်ရဲ့တည်ရှိမှုသာ ကျန်တော့တယ်
မဒမ်ဇင်နီယာဟာ ဘုရားသခင်နဲ့နိုးပြီး ဘုရားသခင်နဲ့ အိပ်ရာဝင်တယ်
ဘယ်လိုလူကြီးလူကောင်းတစ်ယောက်အတွက်မှ
မဒမ်ဇင်နီယာဟာ ဦးထုပ်ကလေးဆောင်းပြီး ဂါဝန်ကလေးမပြီး
နှုတ်ခမ်းဆေးထူထူတင်ပြီး ရှိရှိသမျှ နူးညံ့မှုတွေနဲ့တွေ့ထိပြီး
ရင်ခုန်ဖို့ကောင်းတဲ့မိန်းမတစ်ယောက် မဖြစ်နိုင်တော့ဘူး
မဒမ်ဇင်နီယာရဲ့လရောင်နဲ့တူတဲ့နို့ရည်ဟာ
သူ့သမီးလေးကြီးပြင်းလာကတည်းက ခမ်းခဲ့ပြီ
မဒမ်ဇင်နီယာရဲ့မျက်လုံးမှာ မီးနဲ့တူတဲ့ဆွဲဆောင်အားတွေ ပျောက်ကွယ်သွားပြီး
ထိတ်လန့်ချောက်ချားဖွယ် ငြီးငွေ့စိတ်ပျက်မှုသာ ကျန်ရှိတော့တယ်
မဒမ်ဇင်နီယာဟာ သံချေးအထပ်ထပ်တက်နေတဲ့ စက်အပျက်တစ်လုံးလို
ဘာကိုမှ ထက်ထက်သန်သန်မရှိတော့ဘူး
အကယ်၍များ ခင်ဗျားအနေနဲ့
မဒမ်ဇင်နီယာကို ဘုရားသခင်လက်က ကယ်တင်ချင်တယ်ဆိုရင်
ခင်ဗျားမှာ ပိုက်ဆံရှိရုံနဲ့မဖြစ်ဘူး
ဘုရားသခင်အကြောင်းသိမှဖြစ်မယ်
ဘုရားသခင်ကိုသိခြင်းဟာ မဒမ်ဇင်နီယာကိုသိတာနဲ့အတူတူပဲ
သူ့ကိုခင်ဗျားမြင်နေတာက ကလပ်မှာတွေ့နေကျ မိန်းမတစ်ယောက်ထက် ဘာမှမပိုဘူး
သူက ခင်ဗျားကို ကဖေးဆိုင်ရဲ့ ထောင့်တစ်ထောင့်မှာ
ဟမ်ဘာဂါမုန့်အကြောင်း ပြောမှာမဟုတ်ဘူး
ဘုရားသခင်ရဲ့လေသံအတိုင်း
ခင်ဗျားပြင်းပြနေတဲ့ဦးတည်ချက်ကို တိရစ္ဆာန်တစ်ကောင်လို ရှုံ့ချပစ်လိမ့်မယ်
ဘုရားသခင်ကို ကျော်လွန်ပြီး သူ့ဆီက ဘာဆန္ဒ၊ ဘာနူးညံ့မှုမှ
ခင်ဗျားရယူနိုင်မှာမဟုတ်ဘူး
မဒမ်ဇင်နီယာဟာ လူ့ဘ၀ဆိုတဲ့ ဒုက္ခသည်စခန်းကြီးမှာ
လိင်မှုဆိုင်ရာကလွဲပြီး အကုန်ဖြည့်ဆည်းပေးနေတဲ့ တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်တယ်
မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲထဲမှာ မကြာမကြာ ပါဝင်ပတ်သက်နေရသူတစ်ယောက်
အနေနဲ့တော့ တွေးမိနိုင်တာတစ်ခုရှိတယ်
ငန်းတစ်ကောင်လို သွေးသားဆူဖြိုးနေသေးတဲ့ မိန်းမတစ်ယောက်အနေနဲ့
ဘုရားသခင်အပေါ် ဒီလောက်ယုံကြည်သက်ဝင်သွားလောက်အောင်
ဘယ်လိုဒုက္ခတရားတွေက လမ်းပြခေါ်ဆောင်သွားသလဲဆိုတာကိုလေ
ပျော်ရွှင်ဖွယ်ကမ္ဘာကြီးဟာ မဒမ်ဇင်နီယာဆီက နောက်ဆုတ်သွားချေပေါ့
တစ်ယောက်ကိုတစ်ယောက် လက်တွဲတဲ့ လူ့အဖွဲ့အစည်းဟာ
မဒမ်ဇင်နီယာကို စွန့်ခွာသွားချေပေါ့
နာရီတွေကို နောက်ပြန်လှည့်နေတဲ့ ဆေးရုံတစ်ရုံမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ဘုရားသခင်နဲ့အတူ
သူ့ရဲ့ကပွဲကို ဆက်လက်ကျင်းပနေပေါ့။

(IDEA မဂ္ဂဇင်း နိုဝင်ဘာ၊ ၂၀၀၉ အမှတ် ၁၀၀၊ အုပ်တစ်ရာပြည့်အထူးထုတ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics