ပြဇာတ်ရည်ညွှန်း
နိုင်ငံရေးခေါင်းဆောင်နှင့် စီးပွားရေး(ဘိဇနက်)ခေါင်းဆောင်တို့အကြား ခြားနားချက်တွေရှိသည်။ ခေါင်းဆောင်ချင်းတူသည့်တိုင်အောင် ဘ၀ချင်းမတူသည့်အတွက် ဂုဏ်ပုဒ်ခြားနားကြသည်။ ဘိဇနက်ခေါင်းဆောင်တို့အတွက် စီမံခန့်ခွဲမှုပညာရှင်တို့က အမျိုးမျိုး သီအိုရီတွေထုတ်သည်။ အထူးသဖြင့် ရှိတ်စပီးယား၏ ပြဇာတ် As you like it ထဲမှ ခေါင်းဆောင်အရွယ်ဖွဲ့စည်းပုံ ခုနစ်ပါးကို ကိုးကား၍ ဘိဇနက်ခေါင်းဆောင်အရွယ်ကိုလည်း ခုနစ်ပိုင်းပိုင်းဆစ်ကြည့်သည်။
ဤအရွယ်ခုနစ်ပါးမှာ (၁) ကလေးအရွယ်၊ (၂) ကျောင်းသားအရွယ်၊ (၃) ချစ်သူအရွယ်၊ (၄) စစ်သားအရွယ်၊ (၅) ဗိုလ်ချုပ်အရွယ်၊ (၆) အမြော်အမြင်ကြီးသော နိုင်ငံရေးခေါင်းဆောင် (စတိတ်မင်း)အရွယ်နှင့် (၇) ပညာရှိ ပဏ္ဍိတအရွယ်တို့ဟူ၍ ဖြစ်သည်။ စီမံခန့်ခွဲမှုပညာကျောင်းတို့သည် ခေါင်းဆောင်မှုကို အရေးကြီးသော အကြောင်းအရာတစ်ရပ်အနေဖြင့် သင်ကြားပို့ချနေသည်။ ၎င်းတို့၏ သင်ရိုးတွင် ရှိတ်စပီးယားပြဇာတ်လာ ခေါင်းဆောင်အရွယ်ခုနစ်ပါးကို ဘိဇနက်ခေါင်းဆောင်၏ သဘောသဘာဝအဖြစ် ရည်ညွှန်းသည်။
ဘိဇနက်နှင့်နိုင်ငံရေး
ဘိဇနက်ခေါင်းဆောင်တို့သည် ဆိုခဲ့သည့်အတိုင်း အရွယ်ခုနစ်ပါးကို ဖြတ်သန်းရသကဲ့သို့ နိုင်ငံရေးခေါင်းဆောင်တို့သည်လည်း ဤအရွယ်တို့ကို ဖြတ်သန်းရပါသလောဟု မေးစရာပေါ်သည်။ တစ်နည်းပြောလျှင် ဘိဇနက်ခေါင်းဆောင်အရွယ်နှင့် နိုင်ငံရေးခေါင်းဆောင်အရွယ်တို့သည် ဆီလျော်အပ်စပ်မှု ရှိ၊မရှိ စစ်မေးစရာရှိခြင်းဖြစ်သည်။ အခြားစီလား သို့တည်းမဟုတ် ဘိဇနက်လောကအတွက် ခေါင်းဆောင်အရွယ်သည် နိုင်ငံရေးလောလအတွက် ဘယ်လောက်အသုံးဝင်သလဲဟု မေးမြန်းရန်ဖြစ်သည်။
စင်စစ်ပြောရလျှင် မြန်မာတို့သည် ရှုပ်ထွေးခက်ထန်သော နိုင်ငံရေးဖြစ်စဉ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်အရွယ်ကို ပြဇာတ်တစ်ပုဒ်ဖြင့် ရည်ညွှန်းရန်မလိုဟု တွေးမိသည်။ မြန်မာ့ရိုးရာလည်းဖြစ်၊ ဇီဝဗေဒအမြင်လည်းဖြစ်သော အရွယ်သုံးပါးအမြင်ကို နိုင်ငံရေးခေါင်းဆောင်အရွယ်အဖြစ် ပိုင်းခြားကြည့်လို့လည်း မလုံလောက်ဟုထင်မိသည်။
အရွယ်ခုနစ်ပါးနှင့် အရပ်ဇာတ်
စာရေးသူအမြင်အရပြောရလျှင် မြန်မာနိုင်ငံအဖို့ နိုင်ငံရေးခေါင်းဆောင်အရွယ်သည် ခုနစ်ပါးရှိလိမ့်မည်ဟု တွက်ဆမိသည်။ ၎င်းတို့မှာ (၁) နိုင်ငံရေးအသံကြားသည့်အရွယ်၊ နိုင်ငံရေးစာပေတို့တွင် စိတ်ဝင်စားသည့်အရွယ်၊ (၂) နိုင်ငံရေးကို စိတ်ဝင်စားသည့်အရွယ်၊ (၃)နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ချင်သည့်အရွယ်၊ (၄) နိုင်ငံရေးအဖွဲ့အစည်း သို့မဟုတ် ပါတီတစ်ရပ်ရပ်တွင် ပါတီဝင်ဖြစ်လာသောအရွယ်၊ (၅) နိုင်ငံရေးလှုပ်ရှားမှုတို့တွင် တက်ကြွစွာ ပါဝင်သူဖြစ်လာသောအရွယ်၊ (၆) နိုင်ငံရေးခေါင်းဆောင်ဖြစ်လာသောအရွယ် နှင့် (၇) နိုင်ငံရေးအကြောင်း ပြောပြသော ပဏ္ဍိတအရွယ်တို့ဆိုပြီး ဖြစ်ကြပါလိမ့်မည်။
အဓိကဆိုလိုသည်မှာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးခေါင်းဆောင်အရွယ်ကို အသက်ဖြင့်မပိုင်းခြား၊ ပြဇာတ်ဖြင့် မရည်ညွှ့န်းပဲ မြန်မာနိုင်ငံရေးရာအတွေ့အကြုံနှင့် နိုင်ငံရေးဖြစ်စဉ်ဖြင့် တိုင်းတာလို့ရနိုင်မည်ဟု ထင်ခြင်းဖြစ်ရာ တစ်နည်းပြောရလျှင် မြန်မာ့နိုင်ငံရေးခေါင်းဆောင် အရွယ်အကြောင်းသည် ကိုယ့်အရပ်နှင့်ကိုယ့်ဇာတ် Local Narrative အကြောင်းသာဖြစ်ပါလိမ့်မည်။
ရှော့ခ်နှင့် အပြတ်အတောက်
နိုင်ငံရေးခေါင်းဆောင်အရွယ်အကြောင်းပြောလျှင် မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်၏ သဘာဝအကြောင်းကိုလည်း ပြောသင့်သည်ဟု ယူဆသည်။ မြန်မာ့နိုင်ငံရေးသမိုင်းသည် အစဉ်အဆက်စီးရီးမရှိ၊ အပြတ်အတောက်နှင့် ရှော့ခ်တို့ဖြင့် ပြည့်နှက်နေသည်။ Historical process with breaks and shocks ဟု ဆိုရမည်။ ဤဖြစ်စဉ်ကို ရည်ညွှန်း၍ နိုင်ငံရေးခေါင်းဆောင်၏အရွယ်ကို ခန့်မှန်းပိုင်းခြားအပ်သည်။
သမိုင်းဖြစ်စဉ်အပြတ်အတောက်တို့ကို အခြေခံ၍ နိုင်ငံရေးခေါင်းဆောင်၏အရွယ်ကို ခန့်မှန်းကြည့်သောအခါ အရွယ်သည်လည်း ကမောက်ကမဖြစ်နိုင်သည်။ နိုင်ငံရေးဇာတ်ခုံပေါ်၌ ဇာတ်ကောင်အဖြစ် ရေရှည်ကပြနိုင်ရန် ခဲယဉ်းသောကြောင့်ဖြစ်သည်။ မဟာအိုင်ဒီအိုလိုဂျီတို့ ကျဆုံးခန်း၊ မဟာခေါင်းဆောင်ကြီးတို့၏ ကဏ္ဍ မှေးမှန်သွားပုံတို့ကို ထောက်ရှုကြည့်လျှင် ခေါင်းဆောင်၏အရွယ်ကောင်း၊ အရွယ်ရွှေခေတ်သည် ရှားပါးကုန် ဖြစ်နေဖွယ်ရှိသည်။ သို့မဟုတ် မသေချာမရေရာမှုနှင့် ကြုံသလိုဖြစ်မှုတို့က လွှမ်းမိုးဖွယ်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲသည် သေချာရေရာမှုတစ်ပါးပါးဆီသို့ ရှေးရှုသွားလိမ့်မည်ဟု မျှော်လင့်ရသည်။
Monday, November 09, 2009
ခေါင်းဆောင်အရွယ် ခုနစ်ပါး - အရပ်ဇာတ် - မောင်စူးစမ်း
( The Voice ဂျာနယ် အတွဲ ၆၊ အမှတ် ၁ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 11:08 AM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment