Monday, November 09, 2009

တွေးနေမိတယ် - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
လက်ဘက်ရည်ဆိုင်ကိုရောက်တဲ့အချိန်မှာ စားပွဲဝိုင်းအားလုံးက ရှုပ်ပွနေတယ်။ သန့်ရှင်းရေးလုပ်မထားဘူး။ အရင်ထိုင်သွားတဲ့လူတွေ သောက်ထားတဲ့ ခွက်တွေကလည်း မသိမ်းရသေးဘူး။ တစ်ရှူးစတွေကလည်း ပြန့်ကျဲလို့ပေါ့။ မျက်စိစုံမှိတ်ပြီး လွတ်နေတဲ့စားပွဲဝိုင်းတစ်ခုမှာ ၀င်ထိုင်လိုက်ကြတယ်။ ဘယ်သူမှလည်း လာမမေးဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ဆိုရင် ထပြန်သွားမှာဖြစ်ပေမယ့် သူငယ်ချင်းတွေပါနေတဲ့အတွက် စားပွဲထိုးကို လှမ်းခေါ်ရတယ်။ "ဘာသောက်မလဲ"တဲ့။ "သောက်တာနောက်မှထား၊ အခုလောလောဆယ် စားပွဲခုံကို အရင်သန့်ရှင်းရေးလုပ်ပါဦး" ဆိုတော့ ကိုယ်တော်ချောက ခါးမှာပတ်ထားတဲ့ တဘက်အစုတ်ကလေးနဲ့ ဟိုပွတ်ဒီပွတ်လုပ်တယ်။ ထိုင်နေတဲ့ဧည့်သည်တွေကိုလည်း အားနာရကောင်းမှန်းမသိ၊ တောင်းပန်ရကောင်းမှန်မသိ လူကြားထဲဝင်ပြီး လုပ်ချင်ရာလုပ်နေတော့တာပဲ။ ကောင်တာမှာထိုင်နေတဲ့ ဆိုင်ရှင်ကလည်း စိတ်ဝင်စားပုံမရပါဘူး။ လက်ဘက်ရည်လာသောက်ရင် ရောင်းမယ်။ ပြီးရင် ပိုက်ဆံယူမယ်။ ဒီလောက်ပဲ သိထားပုံပါပဲ။ ဈေးကွက်စီးပွားရေးခေတ်လို့ တွင်တွင်အော်နေပေမယ့် ရောင်းသူနဲ့ဝယ်သူ မညီမျှဘဲ ရွေးချယ်စရာနည်းပါးနေသမျှ ကာလပတ်လုံး ဒီလိုဆိုင်ရှင်၊ ဒီလိုဆိုင်၊ ဒီလိုဝန်ဆောင်မှုတွေနဲ့ ကြုံနေရဦးမယ်ထင်ပါရဲ့။ ငယ်ငယ်က အဖေမကြာခဏပြောဖူးတဲ့ "တတ်လို့လုပ်စားကြတာမဟုတ်ဘူး၊ ငတ်လို့လုပ်စားကြတာ" ဆိုတဲ့ စကားကို အလေးအနက် ပြန်တွေးနေမိတယ်။

(၂)
အခြေအနေအရ ကျွန်တော်တို့နေရတဲ့ အဆောင်ကို ရွှေ့ပေးရတယ်။ အခြားနေရာတစ်ခုမှာ နေလို့ရအောင် ပြန်စီစဉ်ပေးပါတယ်။ ပြောင်းရရွှေ့ရတဲ့အတွက် ကိုယ့်မှာရှိနေတဲ့ ပစ္စည်းပစ္စယတွေကို သိမ်းရဆည်းရတာ အင်မတန်မှကို စိတ်ညစ်ဖို့ကောင်းပါတယ်။ အသားကျနေတဲ့အချိန်တုန်းကတော့ ပြည့်ပြည့်စုံစုံ နေရတာ အင်မတန်အဆင်ပြေပေမယ့် ပြောင်းရရွှေ့ရတဲ့အခါ အဲဒီလို ပြည့်စုံတဲ့ပစ္စည်းတွေကို သိမ်းထုပ်သယ်ပိုးရတာ တကယ်မလွယ်ပါဘူးဗျာ။ သိမ်းတဲ့အချိန်မှာလည်း စိတ်ညစ်ရတယ်၊ သယ်တဲ့အချိန်မှာလည်း ပင်ပန်းရတယ်၊ နေရာသစ်မှာကျတော့လည်း ပြန်ပြီးပြင်ဆင်ရတာနဲ့ စိတ်ရှုပ်ရတယ်။ အခုဆိုရင် ဖတ်နေကျစာအုပ်တွေ၊ သုံးနေကျပစ္စည်းတွေ ဘယ်နားရောက်ကုန်ပြီလဲဆိုတာ အတော်ကိုစဉ်းစားနေရတယ်။ ဘယ်အထုတ်ထဲများ ထည့်မိပါလိမ့်ဆိုပြီး ခေါင်းခြောက်အောင် စဉ်းစားရတဲ့ဒုက္ခဟာ မသေးလှပါဘူး။ တရားစာအုပ်တွေ၊ တရားခွေတွေမှာ မကြာခဏ ကြားရဖတ်ရတတ်တဲ့ "မရှိတဲ့လူကလည်း မရှိတဲ့ဒုက္ခ၊ ရှိတဲ့လူကလည်း ရှိတဲ့ဒုက္ခတွေနဲ့" ဆိုတဲ့ စကားကို ပြန်တွေးနေမိရင်း အရာအားလုံးဟာ "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" တွေချည်းပါလားဆိုတာကို ခပ်ရေးရေး သဘောပေါက်မြင်လိုက်မိပါတယ်။

(၃)
မနေ့က "ရေဒါ" ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးကြည့်ရင်း တွေးနေမိတာလေးပါ။ ဘ၀ကို ရိုးသားဖြူစင်စွာ ဖြတ်သန်းနေတဲ့ လူတစ်ယောက်ကို ခေါင်းတုံးပေါ်ထိပ်ကွက်လုပ်တတ်တဲ့ လူလည်ပန်ကာတွေက အသုံးချပြီး အမြတ်ထုတ်တဲ့အကြောင်းလေးကို ရိုက်ပြထားတာပါ။ လူတွေကို ရိုးသားဖို့ အမြဲတိုက်တွန်းတတ်ကြပေမယ့် အဲဒီလို ရိုးသားတဲ့လူတွေကိုရော တန်ဖိုးထားတတ်ကြရဲ့လား၊ သူတို့ရဲ့ ရိုးသားမှုအတွက် အသိအမှတ်ပြုကြရဲ့လား၊ သူတို့ရဲ့ ရိုးသားမှုကို ခုတုံးလုပ်အမြတ်ထုတ်တတ်ကြတဲ့ လူတွေကိုရော ဘယ်လိုဒဏ်ခတ်ကြမလဲဆိုတာကို စဉ်းစားနေမိတယ်။ ကျွန်တော်ကရော... ရိုးသားတဲ့လူလား၊ ဒါမှမဟုတ် အခြားသော ရိုးသားသူတွေကို အသုံးချအမြတ်ထုတ်နေတဲ့လူလားဆိုတာကို ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ပြီး အတွေးတွေပွားနေမိပါတယ်။

(၄)
"မြန်မာ့သွေးဘလော့ဂ်မှာတင်ထားတာတွေက အခြားစာအုပ်တွေထဲက ကူးချထားတာတွေချည်းပဲ၊ အဲဒီကောင်က အလကားကောင်ပါကွာ" ဆိုပြီး ပြောသံတွေ နည်းနည်းများလာပါတယ်။ တင်ထားတဲ့ပို့စ်တွေကို အကုန်ဖတ်ပါ၊ ပြီးမှ ကျွန်တော့်ကို ဝေဖန်ပါလို့ ကျွန်တော်မကြာခဏ ရေးဖူးပါတယ်။ အဲဒါတွေကိုလည်း ဖတ်ဖူးပုံမရပါဘူး။ ဟုတ်ပါပြီဗျာ။ ဒီနေရာကပဲ ထပ်ရှင်းပြပါ့မယ်။ စာအုပ်တွေထဲကနေ ကူးယူပြီး ပြန်တင်ပေးထားတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလို ကူးယူတင်ပေးထားတဲ့စာအားလုံးကို ကျွန်တော်ရေးသယောင်၊ ကျွန်တော်ဖန်တီးသယောင် လုပ်ထားတဲ့ပို့စ် တစ်ခုမှမရှိပါ။ အားလုံးကို ဘယ်ကနေ ကူးယူထားကြောင်း၊ ရေးသူက ဘယ်သူဖြစ်ကြောင်း အတိအကျကို ညွှန်းပေးထားပါတယ်။ ကိုယ်ပိုင်ဖန်တီးမှုဆိုတဲ့ စကားကို အတော်လေးပြောကြလွန်းလို့ တော်တော်ကို မြင်ပြင်းကတ်နေပါပြီ။ ကျွန်တော့်ကို ပြောသမျှလူတွေကို မေးလိုက်ချင်ပါသေးတယ်။ အခုဝတ်နေတဲ့ အ၀တ်အစားတွေက ကိုယ်ပိုင်ယက်ကန်းစင်မှာ ကိုယ်တိုင်ယက်ပြီး ချုပ်ထားတာတွေလား၊ စီးနေတဲ့ဖိနပ်က သားရေးပြားကို ကိုယ်တိုင်ဖြတ်ပြီး ချုပ်ထားတာလား၊ လိမ်းထားတဲ့ ခေါင်းလိမ်းဆီ၊ အုန်းဆီက ကိုယ်တိုင်ချက်ထားတာလား၊ ရေးနေတဲ့ ဘောလ်ပင်၊ ခဲတံ၊ စာရွက်တွေက ကိုယ်တိုင် ဖန်တီးထားတာတွေလား၊ အခုသုံးနေတဲ့ ကွန်ပျူတာကရော ကိုယ်တိုင်လုပ်ထားတာလားဆိုတာတွေပါ။ ဒီနေ့ခေတ်က အချိန်နဲ့အမျှ ရုန်းကန်နေရတဲ့ ခေတ်ပါ။ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့အချိန်မှာ ကျွန်တော်ရေးချင်ရာရေးထားတာတွေက အချိန်ပေးပြီး လာဖတ်တဲ့လူအတွက် အရည်မရ အဖတ်မရ ပေါက်ပန်းလေးဆယ်ဖြစ်နေရင် အဲဒီလူအတွက် များစွာနစ်နာဆုံးရှုံးပါတယ်။ ကျွန်တော်ကလည်း အဲဒီလူရဲ့ အချိန်တွေကို အလဟဿ အလွဲသုံးစားလုပ်ပြီး ဖြုန်းတီးပစ်ခြင်းလို့ ခံယူထားပါတယ်။ လာဖတ်တဲ့လူအနေနဲ့ သူတကူးတကလာပြီး ဖတ်တဲ့အချိန်မှာ သူမျှော်လင့်ထားသလို၊ သူ့ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေပေးထားရတာနဲ့တန်တဲ့ တွေးစရာ၊ ကျေနပ်စရာ၊ မှတ်စရာ တစ်ခုခု ကျန်မှသာ အကျိုးရှိမယ်လို့ ယူဆပါတယ်။ ကိုယ်ရည်သွေးတာ မဟုတ်ပါဘူး။ ကျွန်တော်ဖတ်ထား၊ မှတ်ထားတာတွေကို အချိန်ကုန်ခံပြီး ပြန်ရိုက်တင်ပေးနေရတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ တစ်ရက်စာလောက်ပို့စ်တွေကို နမူနာအနေနဲ့ ရိုက်ကြည့်စမ်းပါ။ အချိန်တွေပိုနေတယ်၊ အားနေတယ်လို့ မထင်ပါနဲ့။ တစ်ရက်ကို ပို့စ်အနည်းဆုံး ၃-၄ ခုတော့ တင်လေ့ရှိပါတယ်။ ဆောင်းပါးနှစ်ပုဒ်သုံးပုဒ်လောက် ပြန်ရိုက်ကြည့်စမ်းပါ။ စလောင်းကလာနေတဲ့ တင်းနစ်ပွဲ၊ ဘောလုံးပွဲကို ကြည့်နေရတာလောက် ခင်ဗျားစိတ်ဝင်စားမှာမဟုတ်ပါဘူး။ ကဲပါ... အကောင်းဆုံး အကြံပေးပါ့မယ်။ ကျွန်တော့်ဦးနှောက်တွေကို ခင်ဗျားက အပင်ပန်းခံပြီး ဖောက်စားနေစရာမလိုပါဘူးဗျာ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ဦးနှောက်တွေကို ခင်ဗျားပါးစပ်ထဲအရောက် ခွံ့ကျွေးနေတာပါ အသာလေးဝါးပြီး မျိုချလိုက်ရုံပါပဲ။ ကိုဉာဏ် (ပန်းလောင်မြေ)ဆိုတဲ့ နာမည်နဲ့ ကျွန်တော်ရေးထားတဲ့ပို့စ်တွေကို ပြန်ရှာပြီး ဖတ်ကြည့်ပါဦး။ ကျွန်တော်ဟာ သူများဟာကိုပဲ ကူးယူတတ်တယ်၊ ကိုယ့်ဘာသာကိုယ် ရေးတတ်၊ တွေးတတ်၊ ဖန်တီးတတ်တဲ့ လူတစ်ယောက်မဟုတ်ဘူးလို့ ခင်ဗျားတို့ ယူဆနေတာ ဘာကြောင့်လဲလို့ တွေးနေမိပါတယ်။ (ခင်ဗျားဟာ ပုဏ္ဏားခြောက်ယောက်ထဲက တစ်ယောက်သေလို့ ၀င်စားတာ ဖြစ်လိမ့်မယ်လို့လည်း တွေးနေမိပါတယ်)

မှတ်ချက်။ ကျွန်တော်ရေးသောစာများသည် တစ်ယောက်ယောက်ကို ရည်ညွှန်းပြောဆိုနေသယောင် တိုက်ဆိုင်နေသည်ဆိုပါက အဆိုပါတစ်ယောက်ယောက်ကို ရည်ညွှန်းပါသည်။

ကြိုးစားလျက်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၂၆ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics