Saturday, November 14, 2009

ကျွန်တော်တွေးမိသလို ပြောဆိုပါမည် - မောင်သစ်


အရပ်သားကတွေးတဲ့ ဘာသာစကား အသုံးအနှုန်းပြဿနာများ
---------------------------------------------------------------------------

"ပညာရှင်များခင်ဗျား"

ဗွေဆော်ဦး မောင်သစ်က ၀န်ခံလိုပါတယ်။ ရဲရဲတင်းတင်းပွင့်ပွင့်လင်းလင်း အရှက်မရှိ ၀န်ခံလိုပါတယ်။

မောင်သစ်က ဘာသာဗေဒနဲ့ ဘာမျှသိနားလည်မည်မဟုတ်ပါ။ အချို့ ပညာရှင်များဟာ မြန်မာစာပေ တိုးတက်ရေးအတွက် နိုင်ငံခြားကို ပညာတော်သင် သွားခဲ့ဖူးကြပါတယ်။ ပြန်လာကြတဲ့အခါကျတော့ နိုင်ငံခြားက ပညာသင်ပြီး မြန်မာဘာသာနဲ့ပတ်သက်တဲ့ ပါရဂူများ၊ ပညာရှင်များ ဖြစ်လာကြပါတယ်။ (အင်္ဂလိပ်စာပေ တိုးတက်ရေးအတွက် မည်သည့်အင်္ဂလိပ်ပညာရှင်မှ နိုင်ငံခြားကို ပညာတော်သင် သွားရောက်ခဲ့ခြင်း မောင်သစ် မကြားဖူးပါ။ ဤကားစကားချပ်)

ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ။ ထိုပညာရှင်များကို မောင်သစ် လေးစားပါတယ်။ မောင်သစ်ဟာ အဲဒီလိုလဲ ပညာတော်သင် မသွားခဲ့ဖူးဘူး။ ဒါကြောင့်လဲ မြန်မာဘာသာနဲ့ ပတ်သက်လို့ ကျွမ်းကျင်လိမ္မာမှု မရှိပါဘူးခင်ဗျာ။ ဘာသာဗေဒနဲ့ ပတ်သက်လို့လဲ မည်သည့်ဘွဲ့၊ မည်သည့်ဒီပလိုမာမှ မရခဲ့ဖူးပါဘူးခင်ဗျား။

ဘာသာဗေဒစာအုပ်များကိုလည်း အင်္ဂလိပ်လို မဖတ်ဖူးပါဘူး။ ဖတ်မိရင်လည်း နားလည်နိုင်တဲ့ အရည်အချင်း မောင်သစ်မှာ မရှိရိုးအမှန်ပါ။

ဒါပေမယ့် တွေးတဲ့ကိစ္စဟာ ငွေကုန်တဲ့ကိစ္စမဟုတ်လေတော့ အလကားနေရင်း ကိုယ်ပြောမိတဲ့စကားတွေ၊ ကြားမိတဲ့ စကားတွေကို စပ်စပ်စုစု တွေးခဲ့ဖူးပါတယ်။ ဒီလိုတွေးမိတဲ့အတွက် အပြစ်တော်မတင်ဖို့ ပန်ကြားလိုပါတယ်။

ဒီလိုရှိပါတယ်ခင်ဗျား။

မောင်သစ်ဟာ သာမန်အရပ်သားတစ်ယောက်သာဖြစ်လို့ မောင်သစ်ရဲ့အတွေး၊ စိတ်ကူးတွေဟာလဲ ပညာရှင်တွေ တွေးတာမဟုတ်ဘဲ အရပ်သားတွေး တွေးတာဖြစ်တယ်လို့ မှတ်ယူစေချင်ပါတယ်။ ဒါကြောင့် အပြစ်တင်စရာတွေ့လည်း ပညာရှင်များက ကရုဏာသက်စွာဖြင့် ခွင့်လွှတ်စေချင်ပါတယ်။

လူသိရှင်ကြား ဝေဖန်တာတွေဘာတွေတော့ မလုပ်ကြပါနဲ့ခင်ဗျာ။ မောင်သစ်က ရှက်တတ်တယ်ခင်ဗျ။

ချီးကျူးချင်ရင်တော့ အချိန်မရွေး သန်းခေါင်သန်းလွဲဖြစ်ဖြစ် အားမနာပါနဲ့၊ လာပြီး ချီးကျူးပါခင်ဗျာ။

မောင်သစ်ဟာ ထောက်ခံတာတွေ၊ ချီးကျူးတာတွေကိုတော့ သဘောကောင်းကောင်းနဲ့ လက်ခံပါတယ်ခင်ဗျာ။ ဒါ မှန်တဲ့စကားပါ။

ဟော လာပါပြီခင်ဗျာ။ မြန်မာများ ရေးလေ့ရေးထရှိတဲ့ မြန်မာဝါကျတစ်ခု။

မကြာခဏဆိုသလိုပဲ။ မြို့လယ်ကောင် အုတ်နံရံတွေမှာ
"တံတွေးထွေးခြင်း သည်းခံပါ"
"သေးပေါက်ခြင်း သည်းခံပါ" စတဲ့ စာတမ်းတွေ၊ ထုံးနဲ့တစ်မျိုး၊ မီးသွေးနဲ့တစ်ဖုံ ရေးသားထားတာ တွေ့မိပါတယ်။ အဲဒီစကားကို မောင်သစ်တွေးမိပါတယ်။ တံတွေးထွေးတာကို စိတ်မဆိုးအပြစ်မတင်ဖို့ သည်းခံခိုင်းတာလား။ သေးပေါက်တာကို အရေးမယူဖို့ သည်းခံခိုင်းတာလား။ ဒါမှမဟုတ် တံတွေးမထွေး၊ သေးမပေါက်ဖို့ တားမြစ်ထားတာလားဆိုတာကို မောင်သစ် စဉ်းစားလို့မရပါဘူး။

အဲဒီ မြန်မာစကားရဲ့ အဓိပ္ပါယ်ကို မောင်သစ်မရှင်းမလင်း ဖြစ်နေပါတယ်။ ပညာရှင်များက ပညာရှိများပီပီ အရေးမကြီးပေမယ့် အားလပ်တဲ့အခါ နည်းနည်းဆင်ခြင်ကြည့်ကြပါခင်ဗျာ။

နောက်တစ်ခု ရှိသေးတယ်ခင်ဗျ။ မောင်သစ်တို့ ငယ်စဉ်ဘ၀ကတည်းက ပြောလေ့ရှိတဲ့ မြန်မာစကားပါပဲ။

အဲဒါကတော့ "ခင်ဗျားကို အရှုံးပေးတယ်" ဆိုတဲ့ စကားပါပဲ။ အဲသည်လို ပြောလိုက်ရင် ပြောသူဟာရှုံးပြီး နာသူဟာ နိုင်သွားပါတယ်။ ဟုတ်တယ်၊ မဟုတ်လားခင်ဗျား။

နောက်တစ်ခါ "ခင်ဗျားကို အနိုင်ပေးတယ်"လို့ ပြောလိုက်ရင်လည်း ပြောသူဟာ ရှုံးပြီး နာသူဟာ နိုင်သွားပြန်ပါတယ်။

အဲဒါကြောင့် အထက်က စကားနှစ်ရပ်ဟာ အသုံးအနှုန်းအားဖြင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး အကျိုးသက်ရောက်မှုကတော့ အနက်အဓိပ္ပါယ်ဘယ်လိုကြောင့် တစ်မျိုးတည်းဖြစ်နေရတာပါလဲ။

အဲဒါလဲ မောင်သစ် မရှင်မလင်းခင်ဗျ။

အားအားရှိရင် မြန်မာစာသတ်ပုံတစ်ခုကိုတောင်မှ အကျယ်ချဲ့နိုင်၊ တွေးနိုင်ရေးနိုင်ကြတဲ့ ပညာရှင်ပါရဂူများဟာ မောင်သစ်လို သာမန်အရပ်သားကလေးတစ်ယောက်က မဖြေရှင်းနိုင်တဲ့ အထက်ဖော်ပြပါ မြန်မာစကား အသုံးအနှုန်းများကို ကျမ်းအစောင်စောင် ထိုးထားပြီး၊ ဒါမှမဟုတ် အင်္ဂလိပ်လိုက မြန်မာလို ဘာသာပြန်ထားတဲ့ ဝေါဟာရစကားလုံး ခမ်းခမ်းနားနားနဲ့ ရှင်းလင်းသွန်သင်ဆုံးမသင်ကြားပြသဖို့ မောင်သစ်က ပန်ကြားလိုပါတယ်။

သာမန်အညတြက ရာရာစစ ကိုယ်နဲ့မတန်တဲ့ ပညာရှိများနဲ့ ထိုက်တန်တဲ့ ပြဿနာတွေမှာ ၀င်ရှုပ်တယ်လို့ သဘောမထားရင် မောင်သစ်တွေးမိတာလေးတစ်ခု ထပ်ပြောပါရစေ။

ပုဂံခေတ်ကျောက်စာဆိုလို့ ၀ိဇ္ဇာဘွဲ့ကို ပြင်ပကျောင်းသားဘ၀နဲ့ အပြေးအလွှားဖြေခဲ့ရစဉ်က နည်းနည်းထိတွေ့ဖူးပါတယ်။ ရေရေရာရာ မဟုတ်ပါဘူး။ နှိုက်နှိုက်ချွတ်ချွတ်လဲ မရှိပါဘူး။ ကျောက်စာစကားလုံး ဆယ်လုံးလောက်ကို နံကြားထောက်ပြီး ရွေးချယ်အလွတ်ကျက်ခဲ့တဲ့အတွက် ကံကောင်းထောက်မစွာ မေးခွန်းနဲ့တိုးခဲ့လို့ အောင်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာစကားရဲ့ဇာစ်မြစ်က ဘယ်လို၊ ကျောက်စာ အသုံးအနှုန်းက ဘယ်လို၊ ဝေါဟာရတစ်ခုဟာ ဘယ်ပုံဆင့်ပွားရွေ့လျားသွားတယ် စသည်ဖြင့်ပေါ့ခင်ဗျာ။ ပညာရှင်များတွေးသလို မတွေးတတ်ပါဘူး။

မှီငြမ်းပြုစရာ ကျမ်းစာစာအုပ်လဲ မရှိပါဘူး။ အောက်ခြေမှတ်စုနဲ့လဲ ရှင်းမပြတတ်ပါဘူး။

အဲ စိတ်ကူးရတဲ့အလုပ်၊ တွေးတောရတဲ့အလုပ်ကတော့ မကြီးကျယ်ပါဘူးခင်ဗျ။ ကျူရှင်မယူလဲ အကြောင်းမရှိဘူး။ ၀ိုင်းကျူရှင်တွေ ဘာညာကျူရှင်တွေလဲ ရှာစရာမလိုပါဘူး။ ဘယ်သူဖြစ်ဖြစ် အားရင် အလကားပဲတင်း တွေးလို့ စိတ်ကူးလို့ ရပါတယ်။

လူသားတွေဟာ ဒီလိုတွေးခဲ့ကြလို့လဲ အခုဆိုရင် အာကာသကို ရောက်နေနိုင်ကြတာပါပဲ။ လူသားတွေရဲ့ သဘာဝနဲ့ အခြားတိရစ္ဆာန်ကမ္ဘာအပေါ် အောင်နိုင်လွှမ်းမိုးနိုင်ခဲ့တဲ့ မူလအရည်အချင်းဟာ သူ့ရဲ့ တွေးတောကြံဆတတ်တဲ့ စရိုက်အကျင့်နဲ့ သူ့ရဲ့ လက်မပဲခင်ဗျ။ "လိုလျှင်ကြံဆနည်းလမ်းရ" ဆိုတဲ့ စကားလို အတွေးကောင်းလို့ တိုးတက်ခဲ့တာ အမှန်ပါပဲ။ လက်မ ရှိလို့ ကျောက်တုံးကစတဲ့ လက်နက်ကိရိယာကို ကိုင်တွယ်နိုင်ခဲ့တာပါပဲ။ ဒါလဲ မောင်သစ်က စဉ်းစားကြည့်မိတာပါ။

ဒါကြောင့် မောင်သစ်လဲ မနေနိုင်မထိုင်နိုင် ဟောဒီလိုတွေးမိတာတစ်ခု ရှိပါတယ်။

ရှေးသုံးမြန်မာဝါကျ အဆုံးသတ်များမှာ "သတည်း" ဆိုတဲ့ နောက်ဆက်ကို အသုံးများမယ်လို့ မောင်သစ်ထင်ပါတယ်။

"တည်း" ဆိုတာကတော့ ရပ်ခြင်း၊ ဖြတ်ခြင်း၊ ပြီးဆုံးခြင်းသဘောကို ဆောင်တယ်လို့ မောင်သစ်ယူဆပါတယ်။ အခိုင်အမာတော့မဟုတ်ပါဘူး။ မရဲဝံ့ဝံ့၊ ရဲဝံ့ဝံ့နဲ့ ယူဆလိုက်ခြင်းဖြစ်ပါတယ်။ (ဟဲ ဟဲ) ကျမ်းကိုးမရှိပါဘူးခင်ဗျ။ တိုင်းရင်းသားစစ်စစ်ဖြစ်သော မောင်သစ်က ရိုးရိုးသားသား တွေးမိတာဖြစ်ပါတယ်။

အဲ၊ ဒီလို "သတည်း"ဆိုတဲ့ ၀ါကျအဆုံးသတ်ကနေတစ်ဆင့် "သည်"ဆိုတဲ့ နောက်ဆက် ဆင့်ပွားလာတယ်လို့ ထင်ပါတယ်။ ဒါကြောင့် မြန်မာစကားမှာ ကြိယာနောက်ဆက်တွဲအဖြစ် "သွားသည်"၊ "လာသည်"၊ "စားသည်"လို့ သုံးလာကြဟန် တူပါတယ်။

စကားပြောတော့လဲ "သည်"ကိုပဲ ယူဆသုံးလာကြပါလိမ့်မယ်။ "သည်"ဆိုတဲ့ အသံဖြစ်ဖို့ လျှာကို ရှေ့ထုတ်ရပါတယ်။ အပေါ်သွား အောက်သွားနဲ့ လျှာကိုညှပ်ရ၊ ကိုက်ရပါတယ်။ ဒါနဲ့ မလုံလောက်သေးပါဘူး။ အာနဲ့ လည်ချောင်းကို အလုပ်ပေးရပါတယ်။ "အီ"အသံထွက်ဖို့ အာနဲ့လည်ချောင်းက အလုပ်လုပ်ရပါတယ်။

အဲဒီလို အလုပ်နှစ်ခုလုပ်ရတဲ့အခါ "အီ" ဆိုတဲ့အသံ ထွက်ဖို့လုပ်ရတာ "အယ်" ဆိုတဲ့အသံ ထွက်ဖို့လုပ်ရတာက နည်းနည်း အာနဲ့လည်ချောင်းမှာ သက်သာမယ်လို့ ထင်ပါတယ်။ "အယ်" က ပေါ့ပါတယ်။ "အီ" က လေးပါတယ်။ ပိုပြီးလေကို သုံးရပါတယ်။ (ရွတ်ကြည့်ကြပါခင်ဗျာ)။

ဒီတော့ နောင်လာနောက်သား အညာသားများက အသက်သာခိုတဲ့အနေနဲ့ "သည်" အစား "သယ်" ကို သုံးလာကြပါတယ်။ ဒါကြောင့် အညာသားပြောရင် "သွားသယ်"၊ "လာသယ်" လို့ ပြောလေ့ရှိပါတယ်။ (ရန်ကုန်ရောက် အညာသားများ မပါဝင်ပါ။)

ဟော၊ မောင်သစ်တို့ အောက်သားများက ပိုပြီးပျင်းတယ်ခင်ဗျ။ အပျင်းထူတဲ့နေရာမှာ အညာသားများထက် သာပါတယ်။ ဒီနေရာမှာ အညာသားများကို မောင်သစ်က လေးစားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အထက်ကပြောခဲ့သလို "သည်"ကို အသံထွက်ဖို့ အလုပ်နှစ်လုပ် လုပ်ရတယ်။ လျှာကိုရှေ့ညှပ်ပြီး အပေါ်သွားအောက်သွားနဲ့ လုပ်ရကိုက်ရတယ်။ ပြီးတော့ "အင်"သံ ပါအောင် အာနဲ့လည်ချောင်းကို အလုပ် လုပ်ပေးရတယ်။

အဲဒီနေရာမှာ မောင်သစ်တို့အောက်သားက လျှာကို ရှေ့မထုတ်တော့ဘူး။ လျှာနဲ့သွားကို မကိုက်တော့ဘူး။ (အောက်သားက နည်းနည်းပါးတယ်။ အသံတစ်ခုထွက်ဖို့ အနာမခံဘူး။) သွားနံရံကို လျှာထိပ်နဲ့တိုက်လိုက်ပြီး အညာသားလေသံအတိုင်း "အယ်"သံ ပြုလိုက်တော့ "သည်" ဟာ "တယ်" ဖြစ်လာပါတော့တယ် ခင်ဗျာ။

ဒါကြောင့် ကာလရွေ့လျောပြီး "သတည်း"၊ အဲဒီကနေ "သယ်" နောက်ဆုံးတော့ "တယ်" ဖြစ်လာပါတယ်။

ဒါနဲ့ မျိုးတူ အသံလှယ်ပုံကလေးကတော့ "သည်ဟာ" ကနေ "သဟာ" နောက် "ဒါ" ဖြစ်လာရော မဟုတ်ဘူးလား ခင်ဗျာ။

ကဲ၊ မောင်သစ်ရဲ့ တွေးခေါ်မြော်မြင်ပုံလေး မနက်ရှိုင်းဘူးလား၊ အဆင်မချောဘူးလား၊ ချီးကျူးအံ့သြဖွယ် မကောင်းပေဘူးလား။

စာတို ငညိုတောင် ပညာရှိဖြစ်ခဲ့သေးရင် မောင်သစ်ကိုလဲ ဂုဏ်မပြုသင့်ဘူးလား ခင်ဗျာ။

ဂုဏ်ပြုပွဲတွေဘာတွေတော့ မလုပ်ကြပါနဲ့ခင်ဗျား။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ လက်ဘက်ရည်ဆိုင်တို့ ဘာတို့မှာ စကားစပ်မိကြရင် "မောင်သစ်လေးဟာ မဆိုးဘူး"လို့ သာသာထိုးထိုးကလေး ထောပနာပြုရင်တော်ပါပြီ။

အဲ၊ တစ်ခုတော့ ရှိတယ်ဗျ။ အတွင်းဝေဖန်ရေးတို့၊ အပြင်ဝေဖန်ရေးတို့တော့ မလုပ်ကြပါနဲ့နော်။ မောင်သစ်မခံနိုင်ဘူး။ အင်္ဂလိပ်စာလုံးကြီးတွေ၊ ကိုယ့်သဘောနဲ့ကိုယ် ဘာသာပြန်ပေးတဲ့ ဝေါဟာရကြီးတွေနဲ့တော့ ကိုင်မပေါက်ကြပါနဲ့နော်။ မောင်သစ် မခံနိုင်ဘူးဗျ။ လူတန်းစားအမြင်တွေ၊ ဟိုရှုထောင့်တွေ၊ ဒီရှုထောင့်တွေနဲ့ မတိုင်းထွာကြပါနဲ့နော်။ ရှိကြီးခိုးပါရဲ့။

"တော်ပါပေတယ်၊ တော်ပါပေတယ်" ဆိုတာတော့ ပြောချင်သလောက် ပြောကြပါ။ ဘယ်မျက်နှာမှ မထောက်ဘဲ အမွှန်းတင်ကြပါ။

အဲဒီလောက်ကြီးလဲ မဟုတ်ပါဘူးခင်ဗျာ။ ဟဲဟဲဆိုပြီး ငြိမ်ခံနေပါ့မယ်။

ပညာရှိများခင်ဗျာ---


မြန်မာအသုံးအနှုန်း ဇာစ်မြစ်ကိုလိုက်ပြီး မြန်မာမှုကို အသေအလဲ ထိန်းသိမ်းချင်ကြရင်တော့ "သည်" ဟာ "တယ်" ရဲ့ မူလဇာစ်မြစ်၊ ဒါထက်ပိုပြီး အခြေခံကျကျ လိုက်နာသုံးစွဲချင်ရင်တော့ "သတည်း"ဟာ "တယ်" ရဲ့ မူလဖြစ်ကြောင်း၊ မောင်သစ်ရဲ့ အရမ်းကာရော သုတေသနပြုချက်ကြောင့် သိပြီးဖြစ်ကြတဲ့အတွက် စကားပြောသလို စာမရေးဘဲ စာရေးသလို စကာပြောကြရင် ပိုပြီးလျော်ကန်သင့်မြတ်မှု ရှိမည်ဖြစ်ကြောင်း မောင်သစ်က အကြံပေးလိုပါတယ်။

ဆင်ခြင်တော်မူပါခင်ဗျာ။ ဆင်ခြင်တာဟာ မမှားပါဘူး။ အားလို့ရှိရင် ပြောတာပါ။ မအားလပ်ကြရင်တော့ နေပါစေ။ ဒုက္ခမရှာကြပါနဲ့။ ရေးကြီးခွင်ကျယ် ဆန်ဆီဆား ပြဿနာမဟုတ်တာပဲ။

(လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၅၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics