Monday, November 16, 2009

တွေးမဆုံးတော့ပြီ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ဓမ္မစေတီဆရာတော် ဦးကောသလ္လရဲ့ တရားခွေတစ်ခုကိုနာရင်းနဲ့ ကြားခဲ့ရတဲ့စကားလေးတစ်ခွန်းပါ။ ဆင့်ပွားတွေးစရာတွေ ရလာတဲ့အတွက် တွေးမိသလို ချရေးလိုက်တာပါ။
"ခြင်္သေ့က ပထမအကြိမ် ဟိန်းဟောက်တဲ့အခါ ကြွက်တို့၊ ယုန်တို့ စတဲ့ အကောင်ငယ်လေးတွေ ပြေးကြတယ်။ ဒုတိယအကြိမ် ဟိန်းဟောက်တဲ့အခါမှာတော့ သမင်၊ ဒရယ်၊ ချေ၊ ဆတ် စတဲ့အကောင်တွေ ပြေးကြတယ်။ တတိယအကြိမ် ဟိန်းဟောက်ပြီဆိုရင်တော့ ကျား၊ ဆင်၊ တောဝက် စတဲ့အကောင်ကြီးတွေ ပြေးကြတယ်တဲ့။ အဲဒီလို သုံးကြိမ်ဟိန်းဟောက်ပြီးပြီဆိုရင်တော့ တွေ့တဲ့အကောင်ကို ဖမ်းယူစားသောက်ပါသတဲ့။ ဒီနေရာမှာ ပြောစရာရှိတာက ခြင်္သေ့ဘယ်လိုပဲ ဟိန်းဟောက်လို့ အခြားသော အကောင်တွေ ပြေးလွှားသည်ဖြစ်စေ ခေါင်းပေါ်က သန်းတွေကတော့ ကျွမ်းထိုးတောင်မပျက်ပါဘူးတဲ့"
ကျွန်တော်မှတ်မိသလို ပြန်ရေးပြတာပါ။ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ လက်တွေ့လူမှုဘ၀မှာရော အဲဒီလိုများ ဖြစ်နေသလားဆိုပြီးတော့ပါ။ "အနီးဆုံးတွေဟာ အဝေးဆုံးဖြစ်နေတတ်တယ်" ဆိုတဲ့ ဘယ်ထဲမှာ ဖတ်ဖူးမှန်းမသိတဲ့ စကားတစ်ခွန်းကလည်း ကျွန်တော့်ဦးနှောက်ကို လာဆွသွားပါသေးတယ်။

(၂)
ဒီတစ်ခါတော့ ဗီဒီယိုကြည့်ရင်း တွေးမိတာပါ။ အတူကြည့်နေတဲ့ သူငယ်ချင်းက မင်းသမီးအကြောင်းကို ပြောပြတာပါ။ မကောင်းသတင်းဆိုပါတော့။ အချက်အလက် တိတိကျကျနဲ့ ဆိုပါတော့။ အဲဒီမင်းသမီးကလည်း အခုတလော အင်မတန်မှကို လူကြိုက်များလာတဲ့၊ သရုပ်ဆောင်မှုတက်လာတဲ့ ဟိုးဟိုးကျော် မင်းသမီးပါ။ သူပြောတာတွေကို နားထောင်နေရင်းနဲ့ ကျွန်တော့်မှာ အတွေးတွေ ပွားနေမိပါတယ်။ ဒီလိုပါ။ အဲဒီမင်းသမီးဟာ လက်ရှိအားဖြင့် သူ့ရဲ့အလုပ်ဖြစ်တဲ့ အနုပညာအလုပ်၊ သရုပ်ဆောင်အလုပ်မှာ အကောင်းဆုံးပေးဆပ်နေပါတယ်။ အောင်လည်းအောင်မြင်နေပါတယ်။ အဲဒါကိုလည်း ကျွန်တော် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရာဇ၀င်သမိုင်းကြောင်းနဲ့ လက်ရှိလူနေမှုဟာ အများကဲ့ရဲ့စရာ၊ မေးငေါ့စရာဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာလည်း လူစိတ်ဝင်စားမှုအခံရဆုံး မင်းသမီးငယ်ဆိုပါတော့။ အဲဒီလို မင်းသမီးလို နာမည်မကြီး၊ မထင်ပေါ်၊ မကျော်ကြားပေမယ့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျရာတာဝန်ကို ထမ်းဆောင်နေကြတဲ့ လုံမငယ်များစွာ ရှိပါတယ်။ တောရွာတွေမှာ ကောက်စိုက်နေ၊ ပျိုးနုတ်နေတဲ့ လယ်သူမလေးတွေ၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးငယ်တွေ၊ ရုံးဌာနတွေမှာ တာဝန်ထမ်းနေကြတဲ့ အမျိုးသမီးတွေ စသည်ဖြင့် အများကြီးပါပဲ။ အဲဒီလို အမျိုးသမီးငယ်တွေနဲ့ စောစောက ပြောခဲ့တဲ့ မင်းသမီးမှာ ဘယ်သူကများ လူ့လောကအတွက် အဖိုးတန်သလဲလို့ အလကားကိုယ့်ထမင်းကိုယ်စားပြီး တွေးနေမိပါတယ်။

ကမ္ဘာပေါ်မှာ ကျားမျိုးတွေ သုဉ်းတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ကျားတွေကို တရေးတယူနဲ့ ထိန်းသိမ်းနေကြတာတွေ၊ ရှာဖွေနေကြတာတွေကို ဖတ်နေရ၊ မြင်နေရ၊ ကြားနေရတာပါပဲ။ အဲဒီကျားဆိုတဲ့အကောင်ဟာ အသားစားသတ္တ၀ါပါ။ တောထဲက အခြားတိရစ္ဆာန်တွေကို ဖမ်းယူစားသောက်ပါတယ်။ အခန့်မသင့်ရင် လူကိုတောင် ဖမ်းဆီးစားသောက်တတ်တဲ့ အရိုင်းအစိုင်း ကောင်တွေပါ။ အဲဒီလို အကောင်ထက်စာရင် လယ်ကွင်းတွေထဲမှာ လယ်ထွန်နေကြတဲ့ နွားတွေ၊ ကျွဲတွေရဲ့ ကျောပေါ်ကသန်းတွေ၊ မှတ်တွေကို လာစားနေတဲ့ ဗျိုင်းတို့၊ သပိတ်လွယ်ငှက်လေးတွေတို့၊ စတဲ့ငှက်ကလေးတွေက ပိုပြီးအဖိုးမတန်ဘူးလား၊ ပိုပြီးတန်ဖိုးမထားသင့်ဘူးလားလို့ တွေးနေမိတယ်။

သူငယ်ချင်းတစ်ယောက်ကပြောတယ်။ "လူတွေက ရှားပါးတာကို တန်ဖိုးထားကြတယ်"တဲ့။ "ဟုတ်ပါတယ် အဲဒါကိုက မှားနေတယ်ဆိုတာကို လူတွေမေ့လျော့နေခဲ့၊ သတိမမူဘဲဖြစ်နေခဲ့ကြတာပါ။ ရွှေ၊ ပတ္တမြား၊ စိန် ဆိုတာတွေက ရှားပါးတွေပါ။ အဲဒီတော့ လူတွေတန်ဖိုးထားကြတယ်။ ရေတို့၊ လေတို့ဆိုတာက ပတ်ဝန်းကျင်မှာ အလကားနေရင်း ပေါပေါသီသီရနေတဲ့ အရာတွေပါ။ ရွှေတွေ၊ စိန်တွေ မရှိတဲ့အတွက် လူတွေမသေသွားပါဘူး။ လေမရှိရင်၊ ရေမရှိရင် ဘာတွေဖြစ်မလဲဆိုတာကို စဉ်းစားကြည့်စမ်းပါ"လို့ ပြန်ပြောမိတော့ ကျွန်တော့်ကို အဓိပ္ပါယ်တစ်မျိုးပေါက်တဲ့အကြည့်နဲ့ ကြည့်တာကို ခံလိုက်ရပါတယ်။

(၃)
ဒါကတော့ အွန်လိုင်းမှာ မိတ်ဆွေတစ်ဦးနဲ့ ဂျီတော့ခ်ပြောရင်း ရခဲ့တဲ့ အတွေးတစ်စပါ။ မြန်မာ့သွေးအဖွဲ့ကပို့တဲ့ အီးမေးလ်တွေအကြောင်း ပြောရင်းနဲ့ ရောက်သွားတာပါ။ အီးမေးလ်တွေပေးပို့ဖို့အတွက် ကျွန်တော်ဘယ်လို ပြင်ဆင်ရတဲ့အကြောင်းကို သူကမေးမြန်းတာကို ပြန်ဖြေတာပါ။ ပြောရင်းနဲ့ ဖတ်တဲ့လူတွေကို တလေးတစား တန်ဖိုးထားပြီး ဖတ်စေချင်တဲ့အတွက် ပြီးစလွယ်မလုပ်ဘဲ အပင်ပန်းခံပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် စီစဉ်တဲ့အကြောင်း ပြောပြမိပါတယ်။ အဲဒီမှာသူက တန်ဖိုးရှိတယ်မရှိဘူးဆိုတာ ဖတ်တဲ့လူရဲ့အပေါ်မှာပဲ မူတည်ကြောင်း ပြောပါတယ်။ ဘယ်လောက်ပဲ ကောင်းအောင်ပြင်ထားပြင်ထား ခံယူတဲ့လူက တန်ဖိုးမထားရင် ဘာမှအဖိုးမတန်ကြောင်း ဥပမာလေးနဲ့ ပြောပြပါတယ်။ ဖတ်ကြည့်ပါဦး။
"သေတမ်းစာကို စာရွက်အစုတ်နဲ့ရေးထားလဲ သေတမ်းစာဟာ သေတမ်းစာပါပဲ။ အသုံးဝင်ပါသတဲ့။ အဖိုးတန်ပါသတဲ့။ သေဒဏ်ပေးတဲ့အမိန့်ကို ရွှေပုရပိုက်မှာ ရေးထားလို့ရော အဖိုးတန်မှာလား" တဲ့။
ခေါင်းထဲမှာ အတွေးမီးခိုးတွေ အူသွားပါတယ်။

(၄)
ကျွန်တော့်ပတ်ဝန်းကျင်က သူငယ်ချင်းမိသားစုတွေနဲ့ ပတ်သက်တဲ့အတွေးလေးတစ်ခုပါ။ ဒီလိုပါ။ ကျွန်တော်ကသာ အခုအချိန်အထိ တစ်ကိုယ်ရေတစ်ကာယ ဂေါ်မစွံသေးပေမယ့် (ကြော်ငြာတယ်လို့ မထင်စေချင်ပါ) သူငယ်ချင်းတွေ အများစုက အိမ်ထောင်တွေကျ၊ ကလေးတွေနဲ့ ဖြစ်နေကြပါပြီ။ အချိန်အားရတဲ့အခါ သူတို့အိမ်တွေမှာ ထမင်းသွားစားလိုက်၊ သွားလည်လိုက်၊ သူတို့ကလေးတွေကို ချော့မြူထိန်းကျောင်းလိုက်နဲ့ ဆိုပါတော့။ အဲဒီမှာ သတိထားမိတာတစ်ခုက ကျွန်တော့်သူငယ်ချင်း အများစုဟာ ကလေးတစ်ယောက်စီပဲ ရှိကြတာ တွေ့ရပါတယ်။ နောက်တစ်ယောက် ဘယ်တော့လဲလို့မေးတိုင်း သူတို့ဖြေနေကျ စကားတစ်ခွန်း ရှိပါတယ်။ "တော်ပြီ၊ ဒီတစ်ယောက်ပဲ" တဲ့။ မဟုတ်သေးပါဘူးလို့ တွေးမိပေမယ့် သူတို့ကိုတော့ နှုတ်ကနေ ထုတ်မပြောဖြစ်ပါဘူး။ ဒီနေ့ခေတ်ကြီးကလည်း ကလေးတစ်ယောက်ရဲ့ စရိတ်စကက မသေးဘူးမဟုတ်လား။ ကိုယ်ဝန်ရှိပြီဆိုကတည်းက အထူးကုဆရာဝန်ကို ဗိုက်အပ်တာကနေစပြီး ကုန်လိုက်တာဟာ ဆေးရုံစရိတ်၊ မီးဖွားစရိတ်၊ ဆေးဝါးစရိတ်၊ အ၀တ်အစားစရိတ်၊ နို့မှုန့်စရိတ်၊ အားဆေးစရိတ်၊ ကြီးလာရင် ကျောင်းစရိတ် စသဖြင့် နည်းမှမနည်းပဲကိုး။ ခေတ်ကာလအခြေအနေအရ စီးပွားရေးကို ဦးစားပေးစဉ်းစားပြီး လုပ်ကြကိုင်ကြရတာဖြစ်လေတော့ နားလည်ပေးလိုက်ပါတယ်။ အဲဒါက လူတန်းစား တစ်ရပ်ပါ။
အခြားသော လူတန်းစားတစ်ရပ်ဖြစ်တဲ့ တချို့တွေရဲ့ အဖြေကတော့ သဘောမကျမိပါဘူး။ သူတို့တွေဟာ မိဘကလည်း ပြည့်စုံချမ်းသာကြပါတယ်။ ထောက်ပံ့ကြပါတယ်။ သူတို့တွေမှာလည်း ကိုယ်ပိုင်အလုပ်အကိုင်တွေနဲ့ ချောင်လည်ကြပါတယ်။ ဒါပေမယ့် ကလေးကိုတော့ တစ်ယောက်မွေးပြီးရင် ထပ်မယူတော့ဘူးချည်းပဲ ငြင်းနေကြတာကို စဉ်းစားလို့မရပါ။ တစ်ယောက်ကို မေးကြည့်ဖူးပါတယ်။ သူ့အဖြေလေးက တော်ရုံလူဆိုရင်တော့ ဟုတ်လှချည်လားဆိုပြီး သဘောကျစရာ၊ အထင်ကြီးစရာ အဖြေပါ။ "တော်ပါပြီ သူငယ်ချင်းရာ၊ မင်းသိတဲ့အတိုင်းပဲ ဒီနေ့ခေတ်ကလည်း လူဦးရေတိုးပွားနှုန်းက အဆမတန်များနေတာမဟုတ်လား၊ အချို့နိုင်ငံတွေမှာဆိုရင် လူဦးရေကန့်သတ်မှုတွေတောင် လုပ်နေကြရတာ မဟုတ်လား"တဲ့။ ကျွန်တော် အတော်လေးကို ရယ်ချင်သွားမိပါတယ်။ ဟိုလူပြော၊ ဒီလူပြောတာကို ကြားဖူးတာလား။ စာစောင်လေးတစ်ခုတလေလောက်မှာ ဖတ်ဖူးပြီး ပြန်ပြောတာလားဆိုတာကိုတော့ သူကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။ ဘာကြောင့်လူဦးရေကို ထိန်းချုပ်ရတာလဲ၊ ဘာဖြစ်လို့ ကလေးယူခွင့်ကို ကန့်သတ်ထားရသလဲဆိုတာကို ကျွန်တော့်သူငယ်ချင်း သေသေချာချာ သဘောပေါက်ပုံမရပါဘူး။ ထားပါတော့လေ။

ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေနဲ့ နိုင်ငံရဲ့အကျယ်အ၀န်းဟာ ဘာပြဿနာမှ မရှိသေးပါဘူး။ အခုလက်ရှိ လူဦးရေတိုးပွားနှုန်းနဲ့ ဆက်တွက်သွားရင်တောင် နောင်နှစ်ပေါင်း ၅၀ လောက်အထိ ဘာမှဖြစ်နိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ နေစရာနေရာတွေ အများကြီးကျန်သေးတယ်၊ ရေချိုတွေ ပေါမှပေါ။ ကောက်ပဲသီးနှံစိုက်ဖို့ မြေလွတ်တွေမှ လက်ညှိုးထိုးမလွဲပဲ။ တိုးလာတဲ့လူဦးရေအတွက် ကျွန်တော်တို့မှာရှိတဲ့ သဘာဝသယံဇာတတွေဟာ အေးအေးဆေးဆေး အခြေအနေလို့ သိထားယုံကြည်ထားပါတယ်။ သူက တရုတ်ပြည်မှာ မိသားစုတစ်ခု ကလေးတစ်ဦးသာယူရမယ်ဆိုတဲ့ ဥပဒေကို ညွှန်းချင်တယ်လို့ ယူဆပါတယ်။ အခုလက်ရှိမှာ အဲဒီပြဿနာဟာ တရုတ်တွေအတွက် ခေါင်းအခဲရဆုံး ပြဿနာဖြစ်နေတယ်ဆိုတာ ကျွန်တော့်သူငယ်ချင်း သိပုံမရပါဘူး။ တစ်-နှစ်-လေး (၀မ်း-တူး-ဖိုး) ပြဿနာလို့ သုံးနှုန်းပါတယ်။ ဆိုလိုတာက အဘိုးအဘွားကလေးယောက်၊  အဖေအမေက နှစ်ယောက်၊ သား/သမီးက တစ်ယောက်တည်းနဲ့ မိသားစုကို ပြန်ကြည့်ရတဲ့အခြေအနေကို ရည်ညွှန်းပါတယ်။ နှစ်ကာလကြာလာတာနဲ့အမျှ ဖြေရှင်းရခက်လာနိုင်တဲ့ အရေးဖြစ်ပါတယ်။ အဲဒါကြောင့် အခုဆိုရင် တရုတ်ပြည်မှာ ကလေးတစ်ယောက်ထက် ပိုယူခွင့်ကို ခွင့်ပြုထားနေရပြီဆိုတာကို သူငယ်ချင်းသိအောင် ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော့်ဘာသာ တွေးမိတာပါ။ ကျွန်တော်တို့နေရတာက တကယ့်နိုင်ငံကြီးနှစ်ခုကြားမှာ။ လူဦးရေအများဆုံး တရုတ်ပြည်နဲ့ လူဦးရေပေါက်ကွဲမှု အရမ်းကြီးမားနေတဲ့ အိန္ဒိယဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာပါ။ ဒီကြားထဲ ဘင်္ဂလားဒေ့ရှ်ကလည်း အတူတူပါပဲ။ သူတို့ဆီမှာက နိုင်ငံကသေးသေး၊ လူဦးရေကများများဆိုတော့ နယ်စပ်တွေခိုးဖြတ်ပြီး ကျွန်တော်တို့ဆီဝင်၊ ပြဿနာတွေဖြစ်နဲ့ အားလုံးသိပြီးဖြစ်မှာပါ။ အဲဒီလို နိုင်ငံတွေကြားမှာ နေရတာဖြစ်တဲ့အတွက် ကျွန်တော်တို့မြန်မာလူမျိုးတွေ အများကြီးဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်သာ ဥပဒေပြုခွင့်ရှိသူတစ်ဦး ဖြစ်ခဲ့ရင် မြန်မာမိသားစုတစ်ခုမှာ ကလေးသုံးဦး မယူမနေရဆိုပြီး ဥပေဒပြဋ္ဌာန်းပါ့မယ်။ ကျွန်တော်တို့နိုင်ငံတွင်းမှာ ကချင်တွေအများကြီး၊ ကယားတွေအများကြီး၊ ကရင်တွေအမျာကြီး၊ မွန်တွေအများကြီး၊ ချင်းတွေအများကြီး၊ ဗမာတွေအများကြီး၊ ရခိုင်တွေအများကြီး၊ ရှမ်းတွေအများကြီး (အဓိကလူမျိုးစုတွေကိုပဲ ပြောခဲ့ပေမယ့် ဒီလိုပြောခဲ့တဲ့အထဲမှာ ပဒေါင်၊ ပအို့ဝ်၊ ပလောင်၊ စတဲ့ အခြားတစ်ရာကျော်သော လူမျိုးစုတွေကိုလည်း ရည်ညွှန်းပါတယ်) ရှိတာကို ကျွန်တော်လိုလားပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ တရုတ်တွေအများကြီး၊ ကုလားတွေအများကြီး၊ ထိုင်းတွေအများကြီး ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်မြန်မာပြည်မှာ မြန်မာတိုင်းရင်းသားတွေ အများကြီး ရှိတာမကောင်းဘူးလားဗျာ။ ဆိုပါစို့ အဆောင်တစ်ခုမှာ ဖဲသမားတွေများနေရင် ဖဲရိုက်ဖို့ပဲ အာရုံစိုက်ကြပါလိမ့်မယ်၊ အခြားလူတွေပါ ဖဲသမားတွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ ဘောလုံးကန်ဖို့ဝါသနာပါတဲ့များမှ ဘောလုံးကန်လို့ ရပါလိမ့်မယ်။ မလိုလားအပ်တဲ့အဓိပ္ပါယ်တွေ ကားထွက်သွားမှာစိုးတဲ့အတွက် ကျွန်တော် ဒီလောက်ပဲ ပြောပါရစေ။ ကိုယ်တိုင်သာ ဆက်တွေးကြည့်စေချင်ပါတယ်။ ဒီလိုတွေးဖို့အတွက် ဘာမှ ပိုက်ဆံကုန်တာလည်း မဟုတ်ပါ။

ကျွန်တော်ကတော့ ကြုံရင်ကြုံသလို တိုက်တွန်းနေရပါဦးမယ်။ လင်မယားတွေအနေနဲ့ သားသမီး များများယူကြစမ်းပါ။ လူဖြစ်ရတဲ့ အခိုက်အတန့်မှာ ကိုယ့်ရဲ့ မျိုးဆက်တွေကို ကြည့်ရှုစောင့်ရှောက်ရတာ၊ ဆုံးမသွန်သင်ရတာ၊ သူတို့အတွက် ၀မ်းသာဂုဏ်ယူရတာ၊ စိတ်ညစ်ရတာ၊ ကြေကွဲဝမ်းနည်းရတာ၊ ဒါငါ့သား၊ ဒါငါ့သမီးဆိုပြီး ပြောဆိုခွင့်ရတာဟာ ဘယ်လောက်များ လူသားပီသလိုက်သလဲလို့ တွေးနေမိပါတယ်။
("လူကဖြင့် မိန်းမတောင်မရှိသေးပဲနဲ့ သောက်တလွဲတွေ ရေးထားပြန်ပြီ၊ မင်းကျမှ တစ်ဒါဇင်လောက်ယူ"လို့ ကောင်းချီးပေးလာကြမယ့် သူငယ်ချင်းတွေကိုလည်း ကျွန်တော်က အပြုံးနဲ့အတူ စောင့်ကြိုလျက်ရှိပါကြောင်း)

(၅)
ထမင်းစားရင်းနဲ့ ဖွင့်ထားတဲ့ ရုပ်မြင်သံကြားမှာလာနေတဲ့ တရုတ်ဇာတ်လမ်းတွဲတစ်ခုကို ကြည့်မိပါတယ်။ ဘာဇာတ်ကားမှန်းမသိပါဘူး။ ဇာတ်လမ်းကလည်း ဘယ်လိုဆိုတာ မသိပါဘူး။ အခန်းဆက်အတွဲလိုက်လား၊ တစ်ကားတည်းလားလဲ မသိပါဘူး။ ရောက်တဲ့နေရာကို ကြည့်မိရင်း တွေးဖြစ်သွားတာလေးပါ။
ဇာတ်ကားထဲမှာ ဘုရင်ဖြစ်ပုံရတဲ့တစ်ယောက်ကို ဘေးကနေပြီး စစ်သူကြီးတွေ၊ ၀န်ကြီးတွေဖြစ်ပုံရတဲ့ လူတွေအများကြီးက ခစားနေကြတဲ့အခန်းပါ။ မြန်မာစာတန်းထိုးဖြစ်တဲ့အတွက် လိုက်ဖတ်ကြည့်မိပါတယ်။ ဇာတ်ဝင်ခန်းက ဒီလိုပါ။ အောင်မြင်ခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းကို စစ်သူကြီးတွေက ဘုရင်ထံကို ပြန်ပြီးအစီရင်ခံပုံ ရပါတယ်။ ဘုရင်ကချီးကျူးနေရင်းနဲ့ စစ်သူကြီးတစ်ယောက်က အခုစစ်ပွဲအောင်မြင်ခဲ့တာဟာ (ကျွန်တော်နာမည်မမှတ်မိတဲ့) လူတစ်ယောက်ကြောင့်ဖြစ်ကြောင်း၊ သူကကျောက်လောက်လွဲတွေနဲ့ တိုက်ခိုက်ဖို့ အကြံပေးလို့ အခုလို အောင်မြင်ရတာဖြစ်ကြောင်း လျှောက်ထားကြပါတယ်။ ဘုရင့်ဘေးက (အကြံပေးခေါ်မလား၊ ပညာရှိခေါ်မလားမသိပါဘူး) တစ်ယောက်က အဲဒီလူကို စစ်သူကြီးခန့်ရင် ကောင်းမယ်လို့ အကြံပြုပါတယ်။ အခြားစစ်သူကြီးတွေကလည်း သဘောတူထောက်ခံကြပါတယ်။ အဲဒီမှာ ဘုရင်ကလည်း စစ်သူကြီးခန့်အပ်စေလို့ အမိန့်ချမှတ်တဲ့အခန်းပါ။

အဲဒါနဲ့ ကျွန်တော်တွေးမိတာနဲ့ ဘာဆိုင်လို့တုန်းလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့… ဆိုင်ဆိုင်မဆိုင်ဆိုင် ကျွန်တော်ကတော့ တွေးမိတာတွေကို ပြောပြရဦးမယ်ခင်ဗျ။ သည်းခံပြီးသာ ဖတ်ကြပါတော့ခင်ဗျာ။ ကျွန်တော်တွေးမိတာက ဒီလိုပါခင်ဗျ။

အခုခေတ်ကြီးမှာ ဘယ်စာအုပ်၊ စာစောင်မှာပဲ ကြည့်ကြည့်၊ ဘယ်ကြော်ငြာ သင်ပုန်းမှာပဲကြည့်ကြည့် အလုပ်ခေါ်တဲ့ကြော်ငြာ၊ အလုပ်လိုချင်လို့ လိုက်ရှာနေကြတာတွေနဲ့ မလွတ်နိုင်ပါဘူး။ အများအားဖြင့်တော့ အလုပ်လိုချင်တဲ့လူကလည်း ရတဲ့အလုပ်ဟာ သူနဲ့ထိုက်တန်တဲ့အလုပ်မဟုတ်၊ သူဝါသနာပါတဲ့အလုပ် မဟုတ်တာတွေ ဖြစ်နေတတ်ပြီး၊ အလုပ်ခန့်ထားသူကလည်း သူလိုချင်တဲ့ အရည်အချင်းကလည်းမရှိ၊ ခိုင်းလို့လည်း လာဘ်မမြင်တဲ့ ၀န်ထမ်းတွေနဲ့ပဲ နှစ်ပါးသွားနေကြရတာတွေ များပါတယ်။ အဲဒါနဲ့ စောစောက ဇာတ်ကားနဲ့ ယှဉ်တွဲပြီး စဉ်းစားမိတာခင်ဗျ။ စောစောက ခန့်လိုက်တဲ့စစ်သူကြီးဆို ဘာစာမေးပွဲမှလည်း ဖြေစရာမလိုဘူး၊ အလုပ်အလိုရှိသည်ဆိုပြီး ကြော်ငြာထည့်စရာလည်း မလိုဘူး၊ အလုပ်ဝင်ခွင့်ကျူရှင်၊ အနီးကပ်ဆိုတာတွေလည်း တက်ခဲ့မယ်မထင်ပါဘူး။ ဒါပေမယ့် သူ့မှာရှိတဲ့အရည်အချင်းကိုတော့ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ ထုတ်ပြနိုင်ခဲ့ပါတယ်။ အဲဒီလိုထုတ်ပြနိုင်အောင်လည်း သူ့ဖက်ကနေ ဟိုးအရင်ကတည်းက ပြင်ဆင်ထားခဲ့မှာ အသေအချာပါပဲ။ အဲဒါဟာ ကီးပါ။ သူကအဲဒီလို ပြင်ဆင်ကြိုးစားခဲ့၊ အစွမ်းပြခဲ့သလို ချီးမြှောက်တဲ့လူကလည်း ရဲရဲဝံ့ဝံ့ ချီးမြှောက်တဲ့အခါ နှစ်ဦးနှစ်ဖက် အဆင်ပြေရုံမကပါဘူး၊ တိုင်းပြည်နိုင်ငံအတွက်အထိ အသုံးဝင်တယ်ဆိုတာကို တွေးမိတာပါ။

ကျွန်တော့်အတွေးက အဲဒီတစ်ခုတည်းနဲ့ မပြီးသေးဘူးခင်ဗျ။ ထပ်တွေးမိသေးတယ်။ ထမင်းစားရင်းနဲ့ တွေးနေမိတာနော်။ ဟင်းကလည်းမကောင်းတော့ အတွေးကိုဟင်းလုပ်ပြီး စားနေတာလည်း ဖြစ်မှာပါ။ (နောက်တာပါဗျာ)

အဲဒီတရုတ်ကားမှာ စစ်သူကြီးခန့်လိုက်တဲ့စနစ်မျိုး ငါတို့နိုင်ငံမှာလည်း ရှိတာပဲ။ ဘာလို့ မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကြသလဲဆိုပြီး စဉ်းစားမိတာပါ။ တွေးမိတာပါ။ အားလုံးသိကြတဲ့အတိုင်း ပုဂံခေတ်သမိုင်းရာဇ၀င်တွေဟာ ဒီလောက်ကောင်းတာပဲဗျာ။ ကျွန်တော်တို့ ငယ်ငယ်ကဆို ညအိပ်ခါနီး အဘိုးအဘွားတွေက အနော်ရထာပုံပြင်၊ ကျန်စစ်သားပုံပြင်များ ပြောပြပြီဆိုရင် သိပ်ကိုသဘောကျတာပေါ့။ အညာမှာရှိတဲ့ ကျွန်တော်တို့အိမ်ရှေ့က ကွပ်ပျစ်လေးကိုတောင် လွမ်းမိသေးတယ်။ စာက ဘေးရောက်သွားပြီ၊ ပြန်တည့်ပါမည်။

အနော်ရထာမင်းကြီး သူရဲကောင်းတွေခန့်ခဲ့တာလည်း ဘာမှထူးဆန်းတာမှမဟုတ်ဘဲ။ နွားအရှဉ်းတွေအများကြီးနဲ့ တစ်ပြိုင်နက်တည်း လယ်အထွန်ကျွမ်းကျင်တဲ့ ငလုံးလက်ဖယ်ကို လယ်ယာစိုက်ပျိုးရေးအကြီးအကဲခန့်တယ်၊ ဧရာဝတီမြစ်ကို ဟိုဖက်ကမ်းဒီဖက်ကမ်း မနားတမ်းကူးနိုင်အောင် ရေကူးကျွမ်းကျင်တဲ့ ညောင်ဦးဖီးကို ရေတပ်အကြီးအကဲခန့်တယ်၊ ထန်းပင်တွေကို တစ်ပင်နဲ့တစ်ပင် မြေပေါ်မဆင်းဘဲ ဟိုဖက်ကူးဒီဖက်ကူး ခုန်ကူးပြီး ထန်းလှီးနေတဲ့ ငထွေရူးကို အမြင့်ပျံတပ်(လေတပ်)အကြီးအကဲခန့်တယ်၊ လှံထိုး၊ ဓားခုတ်၊ မြင်းစီးကျွမ်းကျင်ပြီး ပညာတတ်တဲ့ (စစ်ဗျူဟာလိုဟာကို ဆိုလိုတာပါ) အထွေထွေထူးချွန်တဲ့ ကျန်စစ်သားကို စစ်သူကြီးချုပ်ခန့်တယ်။ ကဲဘယ်လောက် ရိုးစင်းလိုက်သလဲ။ ကျွန်တော်က ရေကူးသင်တန်းပြီးထားပြီးသားပါ၊ ကျွန်တော်က ထန်းပင်တက်သင်တန်းကို ဂုဏ်ထူးနဲ့အောင်ထားတာပါ၊ ကျွန်တော်က လယ်ထွန်တာကို နိုင်ငံခြားမှာ သုံးနှစ်လောက် သွားသင်ထားပြီး ဒီပလိုမာရထားတာပါ စသည်ဖြင့် တစ်ခုမှ ပြစရာမလိုပါဘူး။ ရှိစရာလည်း မလိုပါဘူး။ အရေးကြီးတာက လက်မှတ်မဟုတ်ပါဘူး။ တကယ်လိုတာက လိုအပ်တဲ့အရည်အချင်းတွေ ကိုယ့်မှာအမှန်တကယ် ရှိနေဖို့ပါ။ ကိုယ်ကသာ တကယ်တော်နေပြီဆိုရင် ကျော်လာပါလိမ့်မယ်။ အဲဒီလို ကျော်တဲ့အခါ ချီးမြှင့်ချင်တဲ့လူ (အနော်ရထာလို၊ တရုတ်ကားထဲကဘုရင်လို)တွေက ကိုယ့်ကို အလိုလို လိုက်ရှာပါလိမ့်မယ်။ အခြားလူတွေကလည်း ကိုယ်တော်တာသိရင် နေရာပေးကြပါလိမ့်မယ်။ သံသယမရှိပါနဲ့။ ဘယ်စာအုပ်မှာများ ဘယ်သူကတော့ ကျန်စစ်သားရဲ့ စစ်သူကြီးနေရာကို လုဖို့ကြံစည်တယ်လို့ ကြားဖူးပါသလဲလို့ တွေးနေမိပါရဲ့ဗျာ။

(၆)
စာဖတ်ချိန်ကို အေးအေးဆေးဆေး မပေးရတာ အတော်ကြာပါပြီ။ နေ့ခင်းထမင်းစားပြီး ခဏနားချိန်လေးမှာ အပြေးအလွှားဖတ်လိုက်၊ ညနေပိုင်းလေးမှာ အချိန်လေးရတုန်းဖတ်လိုက်၊ ညပိုင်း အိပ်ချိန်ထဲကဖဲ့ပြီး ရသလောက်ဖတ်လိုက်ပဲ လုပ်နေရတာ။ စနေနေ့ကတော့ တစ်နေကုန်စာဖတ်ဖြစ်လိုက်တယ်။ တစ်နေကုန် အိပ်ရေးဝအောင်အိပ်တယ်။ ညနေပိုင်းမှာ အင်တာနက်သွားသုံးလိုက်တယ်။ ကိုယ်လုပ်ချင်ရာကို လုပ်ခွင့်ရတဲ့ဘ၀ဟာ အတော်ကိုနေပျော်စရာ ကောင်းပါတယ်။ ဒီနေ့ တနင်္ဂနွေမှာတော့ တစ်မနက်လုံးလောက်နီးနီး မထတမ်းအိပ်ဖြစ်ပါတယ်။ မိုးလင်းခါနီးမှ အိပ်ရာဝင်တာဖြစ်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်ပါတယ်။ မနက်စာတောင် ထမစားဘဲ အိပ်လိုက်ပါတယ်။ မကောင်းမှန်းသိပေမယ့် တချို့သော အကျင့်ဆိုးတွေကို ကျွန်တော် မပြင်နိုင်သေးပါဘူး။ အစားကိုအချိန်မှန် စားရမယ်၊ အိပ်ချိန်မှန်မှန်အိပ်ရမယ်၊ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး တစ်ဆက်တည်းမထိုင်ရဘူး စသည်ဖြင့် သိတာတွေများပါတယ်။ ဒါပေမယ့် လိုက်နာမှုမှာတော့ ကျွန်တော်အားနည်းနေပါသေးတယ်။ သိသိကြီးနဲ့ မိုက်နေရဆဲပါ။ သိလျက်နဲ့မိုက်တာဟာ ပိုများဆိုသလားလို့ တွေးနေမိပါတယ်။ သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို စာထဲမှာထည့်ရေးဖူးတဲ့ စကားလေးကိုလည်း အမှတ်ရလိုက်မိတယ်။ "မရှိတာထက် မသိတာခက်တယ်၊ မသိတာခက် မလုပ်တာခက်တယ်" တဲ့။ သြော်… ကျွန်တော့်ကိုများ ရည်ရွယ်ပြီး ပြောခဲ့လေသလားလို့တောင် တွေးနေမိပါရဲ့။

တွေးမိတွေးရာတွေကို ချရေးထားတာပါ။ ကြိုက်တာရှိသလို၊ မကြိုက်တာတွေလည်း ရှိကြပါလိမ့်မယ်၊ အမြင်တူတာတွေရှိသလို၊ အမြင်မတူတာတွေလည်း ရှိပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ပေးတဲ့အတွက်နဲ့တင် ကျေးဇူးတင်နေရပါပြီ။ ဖတ်တဲ့လူမရှိရင် ဘယ်လောက်ပဲရေးရေး အသုံးဝင်မှာမဟုတ်လို့ပါ။ ဝေဖန်အကြံပြုချက်များကို မျှော်လင့်နေကြောင်းပါ။ အီးမေးလ်ပေးပို့လိုပါလျှင် nyanmyokyaw@ gmail.com သို့ ဆက်သွယ်နိုင်ကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၆ နာရီ ၂၆ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics