(၁)
ဇာတ်ကားအမည် - အလင်းငတ် အချစ်သစ်ပင်
ဝတ္ထု - လွမ်းအိမ်စည်
ဇာတ်ဖွဲ့ညွှန်း ဒါရိုက်တာ - ဒေါန
သရုပ်ဆောင်များ - ကောင်းခန့်၊ စိုးပြည့်သဇင်၊ ဇော်ဦး၊ ချိုပြုံး၊ ဦးဝင်းမြိုင်၊ စိုးမိုးကြည်
ဇာတ်လမ်းအကျဉ်း
ရွာကနေမြို့တက်လာတဲ့ တက္ကစီမောင်းသူတစ်ယောက် စီးနေကျဖောက်သည် လူယုတ်မာတွေကြောင့် ကြားထဲကနေ အချောင်လူသတ်သမားအထင်ခံရပုံ၊ သူ့လိပ်ပြာကို သူမလုံတဲ့အတွက် ရဲစခန်းမှာ အဖြစ်မှန်ကို ဖွင့်ပြောပြီး တရားခံတွေကို ဖော်ကောင်လုပ်ဖမ်းဆီးစေပုံ၊ စိတ်ညစ်ပြီးရွာပြန်သွားတော့မှ အသတ်ခံလိုက်ရတဲ့သူရဲ့ သမီးက ကားတိုက်မှုဖြစ်ပြီး သူတို့ရွာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၊ ဆိုက်မြိုက်တာမှ တကယ့်ကို သူတို့အိမ်ပေါ်အထိရောက်လာ၊ ကောင်မလေးက မျက်စိကွယ်သွားတာကို သူတို့သားအမိက စောင့်ရှောက်ထား၊ မျက်လုံးကွယ်သွားတာကို ခွဲစိတ်ပြီးတဲ့အချိန်မှာ ဆုံတွေ့ကြရတာတွေကို ရိုက်ကူးပြထားတာပါ။
ဝေဖန်သုံးသပ်ချက်
အပျော်ကြည့်အဆင့်အနေနဲ့တော့ ဘာမှဝေဖန်စရာမရှိပါဘူး။ ကောင်းတာမရှိသလို၊ ဆိုးတာလည်း မရှိပါဘူး။ မြန်မာဗီဒီယိုဖြစ်တဲ့အတွက် မြန်မာအတွေးနဲ့ ဇာတ်လမ်းဆင်ထားတာတော့ အဓိပ္ပါယ်မရှိလိုက်တာတို့၊ မဟုတ်လိုက်တာတို့ မပြောတော့ပါဘူးနော်။ ကြည့်ဖို့ညွှန်းလိုတဲ့ဇာတ်ကားတော့ မဟုတ်ပါဘူး။
(၂)
ဇာတ်ကားအမည် - ၀ိညာဉ်ရဲ့ဖီလင်
မြိတ်တင်အောင် စီစဉ်သည်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဇော်ဇင်
တွဲဖက်ဒါရိုက်တာ - သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ချစ်သုဝေ၊ ထွန်းထွန်းဝင်း၊ အရိုင်း၊ ထူးမွန်၊ ပွင့်
ဇာတ်လမ်းအကျဉ်း
ဘယ်လိုပြောရမှန်းကို မသိဘူး။
ဝေဖန်သုံးသပ်ချက်
အပေါ်မှာ ဘယ်လိုပြောရမှန်းမသိဘူးလို့ ရေးရတာက ဒီလိုပါ။ ဇာတ်လမ်းကကောင်းပါတယ်။ သာမန်ဇာတ်လမ်းတွေထဲကနေ ခွဲထွက်ထားတဲ့ ဇာတ်ကားတစ်ခု ဆိုပါတော့ မြိတ်တင်အောင် စီစဉ်တဲ့ ဇာတ်ကားတွေဟာ အဆင့်တစ်ခုမှာတော့ ရှိနေတတ်ပါတယ်။ ကြည့်ပြီးတဲ့အချိန်မှာ နှာခေါင်းရှုံ့သွားရမယ့် ဇာတ်ကားတော့ အခုထိ ကျွန်တော်ကြည့်မိသလောက် မတွေ့သေးပါဘူး။ ဇာတ်လမ်းရွေးတာကို အလေးထားတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ထားပါတော့လေ။ ဒီဇာတ်ကားက ၀ိညာဉ်ဇာတ်ကားပဲ ဆိုပါတော့။ နိုင်ငံခြားဇာတ်လမ်းသဘောတွေ တွေ့ရပေမယ့် ပုံတူကူးချထားတာ ဟုတ်ပုံမရပါဘူး။ (ကျွန်တော်က နိုင်ငံခြားကား၊ ကိုရီးယားကား အကြည့်နည်းတဲ့အတွက် မရဲတရဲဆိုရတာပါ) ကိုယ့်ဘာသာကိုယ် ဆန်းသစ်ထားတဲ့ အတွေးလို့ မြင်မိပါတယ်။ မဆိုးဘူးလို့ ပြောလို့ရတဲ့ ဇာတ်ကားတစ်ခုပါ။ မင်းမော်ကွန်း၊ အရိုင်းနဲ့ ချစ်သုဝေတို့ အကောင်းဆုံး သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကို ကျွန်တော်မပြောတတ် ဖြစ်သွားရတာက နောက်ဆုံးအခန်းကို ပြလိုက်တာကြောင့်ပါ။ ကိုယ်တိုင်ကြည့်တဲ့အခါကျမှသာ ကျွန်တော်ဘာကို ပြောချင်တယ်ဆိုတာကို နားလည်ပါလိမ့်မယ်။ သြော်… ကိုယ်တိုင်ကြည့်မှသိမယ်ဆိုမှတော့ အဲဒီဇာတ်ကားကို ကြည့်ဖို့ညွှန်းတာပေါ့ဗျာ။ မဟုတ်ဘူးလား။ စိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်။ ပေးရတဲ့အချိန်အတွက် တစ်ခုခုတော့ ပြန်ရမှာပါ။ (ကျွန်တော့်လိုမျိုး ဘယ်လိုနားလည်ရမှန်းမသိတဲ့ ခံစားမှုလည်းဖြစ်ချင်ဖြစ်မှာပေါ့)။
အရေးကြီးဆုံးတစ်ခုကို မှာဖို့မေ့သွားပါတယ်။ မင်းမော်ကွန်းနဲ့ ချစ်သုဝေတို့ ဖက်လိုက်ကြတဲ့အခန်းမှာ ဇာတ်လမ်းပြီးပြီဆိုပြီး ကြည့်နေတာကို ပိတ်မပစ်ဖို့ပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့။
နံနက် ၀ နာရီ ၃၇ မိနစ်တွင် ပြီး၏။
No comments:
Post a Comment