Monday, November 16, 2009

မျောက်များပုံပြင် - အော်ပီကျယ်


သိပ္ပံစမ်းသပ်ချက်တစ်ခုမှာ မျောက် ၅ ကောင်ကို လှောင်အိမ်တစ်ခုထဲ အတူတူ စုထည့်ထားပြီး လှောင်အိမ်ရဲ့ အလယ်တည့်တည့်က လှေကားပေါ်မှာ ငှက်ပျောတစ်ဖီးကို တင်ထားတယ်။

မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးစားချင်လို့ လှေကားပေါ်တက်ဖို့ ကြိုးစားတိုင်း ကျန်တဲ့မျောက်တွေကို နေမထိထိုင်မသာဖြစ်အောင် ရေခဲရေနဲ့ ပက်ဖြန်းတယ်။

ကြာတော့ မျောက်တစ်ကောင်ကောင် လှေကားပေါ်တက်ဖို့ ကြိုးစားတာနဲ့ ကျန်တဲ့လေးကောင်က အဲဒီအကောင်ကို ၀ိုင်းထုနှက်ကြတော့တယ်။ အဲဒီအချိန်မှာ ရေခဲရေနဲ့ ပက်ဖြန်းတာကို ရပ်ထားလိုက်တယ်။

နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်မှု အားကောင်းပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကိုတက်ဖို့ မကြိုးစားရဲတော့ဘူး။

ဒါနဲ့ မူလမျောက်ငါးကောင်ထဲက တစ်ကောင်ကို လှောင်အိမ်ထဲကထုတ်ပြီး သူ့နေရာကို မျောက်အသစ်တစ်ကောင်နဲ့ အစားထိုးလဲလှယ်လိုက်တယ်။

မျောက်အသစ်ဟာ လှောင်အိမ်ထဲရောက်တာနဲ့ လှေကားပေါ်ကိုပြေးတက်ပြီး ငှက်ပျောသီးကိုစားဖို့ ကြိုးစားတယ်။

ကျန်တဲ့မျောက်လေးကောင်က မဆိုင်းမတွ သူ့ကို ၀ိုင်းသမကြတယ်။

လှေကားပေါ်တက်မယ် ကြိုးစားတိုင်း ထုနှက်ခံရတော့ အသစ်ရောက်လာတဲ့မျောက်လည်း (အကြောင်းရင်းကို မသိပေမယ့်) လှေကားပေါ်ကို မတက်ရဲတော့ဘူး။

ဒုတိယမျောက်အသစ်တစ်ကောင်ကို မျောက်အဟောင်းတစ်ကောင်ရဲ့ နေရာမှာ ထပ်မံအစားထိုးလိုက်တဲ့ အခါမှာလည်း အလားတူ ထပ်ဖြစ်တယ်။

ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အထဲမှာ သူ့အရင် အစားထိုးရောက်လာတဲ့ မျောက်သစ်ကပါ ဘုမသိဘမသိ ၀င်ပြီးထုနှက်တာကို တွေ့ရတယ်။

ဒီလိုနဲ့ တတိယမျောက်အသစ်တစ်ကောင်ကို မူလမျောက်အဟောင်းတစ်ကောင်နေရာမှာ အစားထိုးတယ်။ ထုနှက်တာခံရတယ်။

စတုတ္ထမျောက်အသစ်လည်း ခံရတယ်။

နောက်ဆုံးလက်ကျန် မျောက်အဟောင်းနေရာမှာ ပဉ္စမမျောက်အသစ်ကို လဲထည့်လိုက်တယ်။

အခုဆိုရင် လှောင်အိမ်ထဲမှာ မျောက်အသစ်တွေချည်းပဲ ရှိတော့တယ်။ သူတို့အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တစ်ခါမှ မကြုံဖူးဘူး။

ဒါပေမယ့် သူတို့ထဲကတစ်ကောင်ကောင် လှေကားပေါ်တက်ဖို့ ကြိုးစားရင်တော့ ကျန်တဲ့ကောင်တွေက ၀ိုင်းပြီး ထုကြနှက်ကြဆဲပဲ။

(၂၀၀၉ ခုနှစ် နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်း အမှတ် ၁၄၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

မှတ်ချက်
ဆရာအော်ပီကျယ်ရဲ့ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ မာတိကာမှာလည်း ကာတွန်းဆိုတဲ့ ကဏ္ဍာမှာပဲ ထည့်ထားတာကို တွေ့ရပါတယ်။ မဂ္ဂဇင်းမှာက ကာတွန်းပုံလေးတွေနဲ့ဆိုတော့ အတော်လေးကို အသက်ဝင်လှပါတယ်။ စာတွေနဲ့ သရုပ်ဖော်ပုံလေးတွေအဆုံး "ပုံပြင်လေးကတော့ ဒါပါပဲ"ဆိုတဲ့ ဒိုင်ယာလော့ခ်လေးနဲ့အတူ လူတစ်ယောက်က မှန်ကိုင်ကြည့်နေပြီး အဲဒီမှန်ထဲမှာ မျောက်တစ်ကောင်ကို မြင်နေရတဲ့ ကာတွန်းကွက်လေးဘေးမှာ ဆရာအော်ပီကျယ်က လက်မှတ်ထိုးထားပါတယ်။ ပြီးတော့ အောက်မှာ (လက်ဆင့်ကမ်းတဲ့ ဒေါက်တာလင်းထွဋ်ကို ကျေးဇူးတင်ပါတယ်)ဆိုပြီး ရေးထားပါသေးတယ်။

သဘောကျလွန်း၊ ကြိုက်လွန်းလို့သာ ပြန်တင်ပေးလိုက်ရတာပါ။ ဖြစ်နိုင်ရင် မဂ္ဂဇင်းမှာပါတဲ့အတိုင်း စာရော၊ ကာတွန်းအရုပ်တွေရောကိုပါ ခံစားစေချင်တာပါ။ စိတ်ကူးနေတာကြာပြီဖြစ်ပေမယ့် အခုအချိန်အထိ မ၀ယ်ဖြစ်သေးတဲ့ စကင်နာလေးတစ်လုံးတော့ ၀ယ်ဖြစ်အောင်ဝယ်ဖို့ အမှတ်မရှိ ထပ်ပြီးတေးထားလိုက်ပါတယ်။
ကိုဉာဏ်

2 comments:

  1. Anonymous6:38 PM

    အရမ်းကောင်းတယ် ဗျို့
    ဒါမယ့် ဈေးသုံးလဲ မကြွယ်နဲ့ ရှေးထုံးလဲ မပယ် နဲ့ ဆိုတဲ့
    စကားရှိပါတယ် ဒါကို လဲ လက်ကိုင်ထားရဦးပါမယ် ထင်ပါတယ် ..

    ReplyDelete
  2. အရမ်းကောင်းတဲ့ အတွေးလေးကို အများသိအောင် ပုံဖော်ခဲ့တဲ့ ကိုအော်ပီကျယ် နဲ့ ဒီဘလော့ပိုင်ရှင် ကိုဥာဏ်၊ ကိုအော်ပီကျယ့်လက်ထဲ အရောက်ကမ်းခဲ့တဲ့ ဒေါက်တာ လင်းထွတ်တို့ကို ကျေးဇူးတင်မိပါတယ်။
    ပုံ/
    လှောင်အိမ်ထဲက မျောက်ချာ တကောင်

    ReplyDelete

 
Web Statistics