Monday, November 16, 2009

စိတ်ထဲမှာပေါ်လာတာတွေ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
သူများတွေက အစားကောင်းစားရတဲ့အခါ ချစ်တဲ့လူကို သတိရကြတယ်တဲ့။ ကျွန်တော်ကတော့ တစ်ခါမှ သတိမရဖူးဘူး။ ဒါပေမယ့် စာကောင်းပေမွန်လေးများ ဖတ်ရလို့ကတော့ အခြားလူတွေကို ဒါလေးဖတ်ကြည့်စမ်းပါဆိုပြီး လိုက်လိုက်ပြောရတာ၊ ဖတ်ခိုင်းရတာ အမောသား။ အချို့ကလည်း ကျေးဇူးတင်တယ်။ အချို့ကလည်း ဘယ်လိုကောင်လဲဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။ အချို့ကကျတော့ ကျွန်တော်က သေလောက်အောင်သဘောကျနေပေမယ့် သူတို့အတွက် ဘာမှစိတ်ဝင်စားစရာမကောင်းဘူး။ အမျိုးမျိုးအထွေထွေ ကြုံရပါတယ်။ အများအားဖြင့်တော့ စာဖတ်တာကို ကောင်းမှန်းသိကြပေမယ့် အများစုရဲ့ စိတ်ထဲမှာ စာဖတ်တာများတဲ့လူဟာ အူကြောင်ကြောင်ဖြစ်မယ်၊ ဂေါက်တောက်တောက်ဖြစ်မယ်လို့ ခံယူထားကြတယ်လို့ မြင်လာတယ်။ အဆိုးဆုံးက ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တာ တစ်ခုခုနဲ့ကြုံပြီဆိုတာနဲ့ စာတွေဖတ်ပြီး ဘယ်သူနဲ့မှ အဆင်ပြေအောင်မနေတတ်တဲ့ လူ့ဂွစာလို့ ထင်တတ်ကြခြင်းပါပဲ။ အဲဒီလို ကြုံတွေ့နေကြရတဲ့ ကျွန်တော့်ဝန်းကျင်က စာဖတ်သူတွေကို မြင်ရတဲ့အခါ၊ ကျွန်တော်ကိုယ်တိုင် တစ်ခါတလေ ကြုံလာရတဲ့အခါတွေ များလာတဲ့အတွက် စာကောင်းလေးများ ဖတ်မိရင်တောင် အခြားလူတွေကို ဖတ်ကြည့်ဖို့ မတိုက်တွန်းရဲတော့ဘူး။ ကိုယ်နဲ့ဝါသနာတူတဲ့ မိတ်ဆွေတွေလောက်ကိုသာ ဘယ်ဟာဖတ်ပြီးပြီလား၊ ဘယ်ဆောင်းပါးလေးကောင်းတယ် စသည်ဖြင့် ပြောဖြစ်ကြပါတော့တယ်။ အလှဆေးသုတ်ပြီးသားနေရာကို ထပ်ခါထပ်ခါ ပြန်သုတ်နေရတယ်လို့ ခံစားရတယ်။ တကယ်ဆိုရင် ဘာမှမသုတ်ရသေးတဲ့ နေရာတွေကို အလှဆင်ချင်တာပါ။ တစ်နေရာတည်း လှနေတာထက် ဘယ်နေရာကြည့်ကြည့် လှနေတာက ပိုကောင်းမယ်လို့ ထင်မိလို့ပါ။

ဘလော့ဂ်ဆိုတာကြီး ခေတ်စားလာတယ်၊ ကျွန်တော်တို့မြန်မာတွေအတွက် ဘလော့ဂ်ကစားကွင်းကြီးထဲမှာ ၀င်ပလေးနိုင်အောင် ဇော်ဂျီယူနီကုတ်ကလည်း စပွန်ဆာလုပ်ပေးလိုက်တယ်။ ကဲ ဘယ်လောက် ဟန်ကျသလဲ။ ရေကန်အသင့်၊ ကြာအသင့်ဆိုတော့ ကျွန်တော်လည်း ဘယ်နေလိမ့်မလဲ။ ရရာကီးဘုတ်ဆွဲပြီး ၀င်ပလေးရတော့တာပေါ့။ အရင်တုန်းက စာကောင်းပေမွန်လေးတွေဖတ်မိရင် ဟိုလူ့ကိုဖတ်ခိုင်းရ၊ ဒီလူ့ကို တိုက်တွန်းရနဲ့။ အခုတော့ ကိုယ်ကြိုက်တာလေးတွေဖတ်မိရင် အခြားလူတွေလည်း ဖတ်လို့ရအောင် ဘလော့ဂ်မှာ တင်ပေးထားလိုက်တယ်။ အရင်လို လိုက်ခေါ်နေစရာ၊ လိုက်ပြနေစရာ၊ တိုက်တွန်းနေစရာ မလိုတော့ဘူး။ သိတဲ့အတိုင်းပဲ ခုခေတ်က သူတို့ဖတ်ချင်တဲ့အကြောင်းအရာကို ဂူးဂဲလ်ကနေရှာပြီး ရှိတဲ့နေရာကို ရောက်အောင်လာဖတ်တဲ့ခေတ် ဖြစ်သွားပြီလေ။ ကျွန်တော်လည်း အရင်လိုမျက်နှာမငယ်ရတော့ဘူး။ ဖတ်မိတဲ့အထဲက ကြိုက်တဲ့ဟာတွေ့ရင် ဘလော့ဂ်မှာတင်ပေးလိုက်တယ်။ အဲဒီအတွက် ဖတ်ချင်စိတ်ရှိပေမယ့် စာအုပ်နဲ့အလှမ်းဝေးနေသူတွေ၊ စာဖတ်ဖို့အချိန်မရဖြစ်နေသူတွေအတွက် ကွန်ပျူလေးကိုင်တဲ့အချိန်၊ အင်တာနက်ကဖေးမှာ သွားသုံးတဲ့အချိန်၊ ရုံးမှာအားလပ်ချိန်လေး အင်တာနက်သုံးရတဲ့အချိန်တွေမှာ အလွယ်တကူရှာဖွေဖတ်ရှုနိုင်သွားဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ကျွန်တော် ပီတိတွေဖြစ်နေရပါတယ်။

ဘလော့ဂ်ကိုမလာတတ်တဲ့၊ ဘလော့ဂ်ဝင်လို့မရတဲ့၊ အင်တာနက်နဲ့အကျွမ်းတ၀င်မရှိတဲ့ လူတွေအတွက်လည်း အဆင်ပြေရအောင်ဆိုပြီး ဂူးဂဲလ်ဂရု(ပ်)တစ်ခု လုပ်ထားလိုက်ပါသေးတယ်။ ကျွန်တော်ဖတ်မိတာတွေထဲက ကြိုက်နှစ်သက်ပြီး အခြားလူတွေအတွက်လည်း အကျိုးရှိမယ်ထင်တဲ့ စာတွေကို ပုံမှန်မေးလ်တွေအနေနဲ့ ပေးပို့လျက်ရှိပါတယ်။ သေချာတာကတော့ ဘလော့ဂ်မှာတင်ထားတဲ့ပို့စ်တွေ၊ မြန်မာ့သွေးအဖွဲ့ကို ကျွန်တော်ပို့တဲ့မေးလ်တွေဟာ မြန်မာတွေအားလုံးဖတ်စေချင်တဲ့ စေတနာနဲ့ တစ်ဆင့်ဖြန့်ဖြူးခြင်းသာဖြစ်ပါတယ်။ ကျွန်တော့်အတွက် မှတ်စရာ၊ တွေးစရာ၊ ခံစားစရာ၊ လိုက်နာကျင့်သုံးစရာ တစ်ခုခုကျန်အောင် ရေးသားခဲ့တဲ့ မူရင်းစာရေးသူကိုလည်း ဂုဏ်ပြုရာရောက်တယ်လို့ ခံယူပါတယ်။ အဲဒီခံယူချက်နဲ့ ကျွန်တော် ဒီဘလော့ဂ်ကို ရေးနေပါတယ်။

(၂)
ဗီဒီယိုကားတွေ၊ ရုပ်ရှင်တွေကြည့်ပြီး ပြန်ရေးတာကို မကြိုက်တဲ့လူ အတော်လေးများပါတယ်။ ကြိုက်တဲ့လူတွေလည်း ရှိတဲ့အတွက် အားတက်ရပါတယ်။ တချို့က ပြန်ရေးတာကို မကြိုက်တာမဟုတ်ဘဲ "အဲဒီလောက် ဗီဒီယိုတွေကြည့်နေရအောင် အချိန်တွေပိုနေသလား၊ အားယားနေသလား"လို့ တဲ့တိုးကြီးကို မေးလာတဲ့လူတွေ ရှိပါတယ်။ အစကတော့ အများကြီးရေးပြီး အဲဒီလိုလူတွေ နားလည်အောင် ဖြေရှင်းမလို့ပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ စေတနာအမှားဟာ ဝေဒနာဖြစ်သွားတတ်တဲ့အတွက် အများကြီးမရှင်းပြတော့ပါဘူး။
"ဟုတ်ကဲ့… ကျွန်တော် ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ကြည့်တယ်ဆိုတာ စာအုပ်ဖတ်တာပါပဲခင်ဗျ၊ စာအုပ်ကို စာလုံးတွေနဲ့မဖတ်ဘဲ ဇာတ်ကောင်တွေ၊ အရုပ်တွေ၊ အသံတွေနဲ့ ဖတ်ခြင်းဖြစ်ကြောင်း" ဖြေရှင်းလိုက်ပါရစေ။

(၃)
နိုင်ငံရေးဆောင်းပါးတွေကို ဖတ်မိတဲ့လူတွေက မြန်မာ့သွေးဘလော့ဂ်ဟာ နိုင်ငံရေးဘလော့ဂ်ကြီးတဲ့။ ဘောလုံးဆောင်းပါးတွေ၊ ဓာတ်ပုံတွေ၊ သတင်းတွေကို ဖတ်မိတဲ့လူတွေက ဘောလုံးအကြောင်းရေးတဲ့ ဘလော့ဂ်တဲ့။ သတင်းစာထဲမှာပါတဲ့ ဆောင်းပါးတွေကို ပြန်တင်ပေးထားတာကို ဖတ်မိတဲ့လူက မြန်မာ့သွေးဘလော့ဂ်က ၀ါဒဖြန့်တဲ့ဘလော့ဂ်တဲ့။ ကျွန်တော်ရေးထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ စာတိုပေစတွေကို ဖတ်မိတဲ့အခါကျတော့လည်း ရေးချင်ရာရေးထားတဲ့ ပေါက်ကရဘလော့ဂ်တဲ့။ ကဲ… ဘယ်လောက်များ စိတ်ဝင်စားစရာကောင်းသလဲ။ သူတို့မှတ်ချက်တွေကို ကြားတဲ့အခါ ကျွန်တော်ကိုယ်တိုင်တောင် ကျွန်တော့်ဘလော့ဂ်ကို ဘာဘလော့ဂ်ပါလိမ့်ဆိုပြီး ပြန်ပြန်ပြီးစဉ်းစားမိတယ်။ အတော်စိတ်ရှုပ်စရာကြီးပါဗျာ။ ဘာဖြစ်လို့ ဘောင်တွေခတ်ချင်နေကြတာလဲမသိဘူး။ ဒီအတိုင်း လွတ်လွတ်လပ်လပ်ပဲ ကောင်းတယ်လို့ ကျွန်တော်တော့ထင်တယ်။ မဖြစ်မနေ အတင်းမေးလာမယ်ဆိုရင်တော့ ဖြေပါ့မယ်။ "အရူးလွယ်အိတ်" ပါလို့။

(၄)
ဘလော့ဂ်ဖတ်ပြီးတဲ့အချိန် လာဖတ်တဲ့လူတွေစိတ်ထဲမှာ ဖြစ်တတ်တာက ဒီဘလော့ဂ်ကို ဖန်တီးတဲ့လူဟာ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာအလုပ်လုပ်သလဲဆိုတဲ့ သိချင်စိတ်ဖြစ်ပါတယ်။ လူ့သဘောသဘာဝဖြစ်တဲ့အတွက် အပြစ်တော့မတင်ပါဘူး။ ကိုယ်လာဖတ်တဲ့ဘလော့ဂ်ကို ဘယ်သူရေးတယ်ဆိုတာတော့ သိချင်ကြမှာ သဘာဝကျပါတယ်။ တကယ်ဆိုရင် ဘယ်သူပဲရေးရေး အဓိကကျတာက ဒီနေရာမှာရေးထားတာတွေကို ဖတ်သွားဖို့ပဲမဟုတ်လား။ "ရေးတဲ့လူက ဘယ်သူဆိုရင်တော့ မဖတ်ဘူး။ ရေးတဲ့လူက ဘယ်မှာနေတာဆိုရင်တော့ အခြားလူတွေကိုလည်း သွားမဖတ်ဖို့ တားရမယ်။ ရေးတဲ့လူက ဘာအလုပ်လုပ်ရင်တော့ သူ့စာတွေကို ဖတ်ကိုမဖတ်သင့်ဘူး" စသည်ဖြင့် သတ်မှတ်ထားတာများ ရှိလို့လားဗျာ။ ၀တဲ့လူမောင်းတဲ့ ကားပဲစီးစီး၊ ပိန်တဲ့လူမောင်းတဲ့ ကားပဲစီးစီး၊ ကားအဟောင်းပဲစီးစီး၊ အသစ်ပဲစီးစီး လိုရာခရီးကို ရောက်သွားဖို့ အဓိကမဟုတ်လား။ ဒါပေမယ့် စကားစမြည်ပြောရင်း ကားဆရာရဲ့ ကိုယ်ရေးကိုယ်တာကို သူသူကိုယ်ကိုယ် စပ်စုတတ်ကြတယ်လေ။ ဟုတ်တယ်မဟုတ်လား။ ကဲအခုလည်း စကားစမြည်ပြောတယ်လို့ သဘောထားပြီး ပြောလို့ရသမျှကို ပြောလိုက်ပါတယ်။ မပြောတဲ့ဟာတွေကိုတော့ မသိချင်ပါနဲ့နော်။
ကျွန်တော်က ကိုဉာဏ်ပါ။ စာရေးရင်တော့ ကိုဉာဏ် (ပန်းလောင်မြေ)လို့ သုံးပါတယ်။ ပန်းလောင်မြေဆိုတာက ကျွန်တော့်ရဲ့ မြစ်သားမြို့လေးကို ရည်ညွှန်းပါတယ်။ ကျောက်ဆည်ခရိုင်ထဲမှာရှိတဲ့ နယ်မြို့လေးပါ။ ပန်းလောင်မြစ်ကို အခြေပြုပြီးတည်ထားတဲ့ ကင်းတားဆည်ရှိတဲ့မြို့ပါ။ နာမည်အကြီးဆုံးကတော့ မြစ်သားကြက်သွန် ဖြစ်ပါလိမ့်မယ်။ လက်ရှိအလုပ်အကိုင်ကတော့ တက္ကသိုလ်တစ်ခုမှာ ကျောင်းဆရာလုပ်နေပါတယ်။ မိဘတွေက ၀န်ထမ်းဘ၀ကအနားယူပြီး အပြင်ကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြပါတယ်။ မောင်နှမသားချင်း သုံးယောက်ရှိပြီး ကျွန်တော်က အကြီးဆုံးပါ။

(၅)
ဒီဘလော့ဂ်ကို မိမိသဘောဆန္ဒအလျောက် ရေးသားနေခြင်းဖြစ်ပါတယ်။ အားတဲ့အချိန်လေးမှာ ၀ါသနာအရ ရေးနေသလိုမျိုး ပေါ့ပေါ့တန်တန်မရေးဘဲ အလုပ်တာဝန်တစ်ခုလို သဘောထားပြီ့း အချိန်ပေးပြီးတော့ကို ရေးနေပါတယ်။ တင်ထားသမျှပို့စ်တွေကို ဖတ်ပြီးတဲ့အခါ ကျွန်တော့်ရင်တွင်းကို ခင်ဗျားလှမ်းမြင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အားလုံးကိုကျေးဇူးတင်လျက်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့။
နံနက် ၃ နာရီ ၀၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics