Monday, November 16, 2009

လူငယ်တွေ မညံ့ဘူး၊ မဖျင်းဘူး - လူထုစိန်ဝင်း


"ဒီခေတ်လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ ဘယ်လိုမြင်ပါသလဲ၊ ကျေနပ်အားရမှု ရှိပါရဲ့လား"

ဂျာနယ်အယ်ဒီတာတစ်ယောက်က လူငယ်ရေးရာ မေးမြန်းဆွေးနွေးရင်းနဲ့ မေးလိုက်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

"ဒီခေတ် လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုဟာ သိပ်ကို အားရစရာကောင်းတယ်။ ဆရာတို့ခေတ်၊ သူတို့မိဘတွေခေတ်ကထက် ဆယ်ဆလောက် ပိုကြိုးစားနေကြတယ်"

ဒီမေးခွန်းမျိုး ခဏခဏ အမေးခံရလို့ ဖြေရပေါင်း များပါပြီ။ ဒါကြောင့် စဉ်းစားမနေဘဲ မဆိုင်းမတွဘဲ ပြန်ဖြေလိုက်ပါတယ်။ မှန်ပါတယ်။ ဒီခေတ် ကလေးတွေလောက် ကြိုးစားကြတဲ့ ကလေးမျိုး ဘယ်ခေတ်မှာမှ မရှိပါဘူး။ တကယ်ပါ။

ဘောလုံးကန်လိုက် လည်လိုက်
ကျွန်တော်တို့ခေတ် ဆိုပါတော့။ ညနေကျောင်းဆင်းပြီဆိုတာနဲ့ ဘောလုံးကန်ဖိနပ်ဆွဲပြီး ကွင်းထဲရောက်သွားတာ။ သီတင်းကျွတ်၊ ခရစ္စမတ်၊ နွေရာသီ ကျောင်းပိတ်ရက်များဆိုရင် ပိတ်ရက်စတဲ့ နေ့ကလည်းက ခရီးထွက်လိုက်တာ တစ်ခါတလေ ကျောင်းဖွင့်ရက်ကျော်ပြီးမှ ပြန်ရောက်လေ့ရှိတယ်။ ဒီခေတ် ကလေးတွေမှာတော့ ဒီနေ့ကျောင်းပိတ်တာနဲ့ နက်ဖြန် နောက်အတန်းအတွက် ကျူရှင်စတက်ကြရပြီ။

သုံးနှစ်သားက ပညာစသင်ရ
ဒါအတန်းကြီးမှ မဟုတ်ဘူး။ သုံးနှစ်အရွယ် မူကြိုကျောင်းသားကစ အဲဒီလို ဖြစ်နေတာ။ တကယ်ကို "ကြုံဖူးပေါင်ခေတ်" လို့ ဆိုသင့်တယ်။ ကျွန်တော်တို့ သုံးနှစ်သားတုန်းကများ နို့တောင် ကောင်းကောင်းပြတ်သေးတာ မဟုတ်ဘူး။ ခုခေတ် သုံးနှစ်သားကတော့ မူကြိုတက်နေရပြီ။ အဲဒီနောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအားလုံးမှာ ကျောင်းနဲ့၊ ကျူရှင်နဲ့၊ ဂိုက်နဲ့ နပန်းလုံးနေရတာ။ သူတို့လေးတွေမှာ ဆော့ဖို့၊ ကစားဖို့၊ လည်ဖို့၊ ပတ်ဖို့ ဆိုတာ စဉ်းတောင်မစဉ်းစားရဲဘူး။

အံ့ရော
ဆယ်တန်းအောင်သွားတော့ သက်သာသွားပြီ မထင်နဲ့။ အတူတူပဲ။ ဘာမှ မထူးဘူး။ ဘွဲ့ရပြီးတဲ့အထိတောင် ကျူရှင်တက်လို့ ပြီးသေးတာမဟုတ်ဘူး။ အလုပ်ခွင်ဝင်ခွင့်ကျူရှင်ဆိုတာ ရှိသေးတယ်။ ဒါမှမဟုတ် ကွန်ပျူတာသင်တန်း၊ စာရင်းကိုင်သင်တန်း၊ ဘာသာစကားသင်တန်း၊ တိုဖယ်သင်တန်း စတဲ့ သင်တန်းပေါင်းစုံ လှည့်တက်ကြရသေးတာ။ အမယ် အိမ်ထောင်ကျပြီးတောင် ကလေးပြုစုထိန်းသိမ်းနည်းသင်တန်းတို့ဘာတို့ ရှိသေးတယ်တဲ့လေ။ အံ့ရော။

ဒီခေတ်ကလေးတွေ တကယ်ကို သနားဖို့ကောင်းတာ။ ရှေးခေတ်ကများ သားသမီးတွေ စာကျက်ဖို့ မိဘတွေက ကြိမ်တ၀င့်ဝင့်လုပ်ပြီး ကြိမ်းမောင်းနေကြရတာ။ ခုခေတ်မှာတော့ ညည သားသမီးတွေ မိုးချုပ်လွန်းလို့ "အိပ်ကြတော့၊ အိပ်ကြတော့" နဲ့ မိဘတွေက တဖွဖွပြောနေရတာ။ ကလေးတွေသာ မဟုတ်ပါဘူး။ မိဘတွေလည်း လူရော၊ ငွေပါ ပင်ပန်းကြရှာတာပါ။

စိတ်ဆိုးချင် ဆိုးကြပေတော့
မိဘတွေလည်း ကုန်လိုက်ရတာ။ ကလေးတွေလည်း ပင်ပန်းလိုက်ကြတာ။ အားလုံးသနားစရာ ကောင်းပါတယ်။ ဒါတောင်မှ လူကြီးတွေက ဒီခေတ်ကလေးတွေ ညံ့တယ်၊ ဖျင်းတယ်၊ ပျင်းတယ်နဲ့ အပြစ်တင်ချင်ကြသေးတာ။ စိတ်ဆိုးချင်လည်း ဆိုးကြ၊ ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ဒီခေတ်ကလေးတွေက သူတို့မိဘတွေထက် ပိုပြီး ကြိုးစားကြ၊ ပိုတော်ကြ၊ ပိုလိမ္မာကြတယ်။ စိတ်ဆိုးမယ်ကြံရင် "ငါ သူတို့အရွယ်တုန်းက ဘာလုပ်နေသလဲ" လို့ အရင်စဉ်းစားကြည့်လိုက်ပါဦးလို့ အကြံပြုချင်တယ်။ ပြီးမှ စိတ်ဆိုးချင်လည်း ဆိုးပေါ့။

သားသမီးကို ဆရာတင်ရ
သူများအကြောင်း ပြောမကောင်းလို့ ကိုယ့်အကြောင်းပဲကိုယ် နမူနာအဖြစ် ပြောပါမယ်။ ကွန်ပျူတာဆိုတာ ကိုယ်က အရင်ဆုံးစပြီး ထိတွေ့တာပါ။ ကိုယ်ထိတွေ့ပြီးမှ သမီးနဲ့တူတွေ၊ တူမတွေကို ကွန်ပျူတာနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ဟော… နည်းနည်းကြာတော့ ကွန်ပျူတာနည်းနည်း ချူချာချင်တာဖြစ်ဖြစ်၊ ကိုယ်ဝင်နေကျ ၀က်ဘ်ဆိုက် ၀င်လို့မရတာဖြစ်ဖြစ် ကြုံလာရင် ကိုယ်တိုင်ဘာမှ မလုပ်တတ်တော့ဘူး။ ကိုယ်မွေးထားတဲ့သမီးကို ပြန်ဆရာတင်ပြီး လုပ်ခိုင်းရတော့တာ။

တူ၊ တူမတွေ ဆရာတင်ရ
သမီး နိုင်ငံခြားသွားကျောင်းတက်နေတော့ တူမတွေကို ဆရာတင်ရပြန်ရော။ ဟော… တူမတွေပါ ကျောင်းသွားတက်ကြပြန်တော့ ကျန်နေသေးတဲ့ တူတော်မောင်ကိုပဲ "ဟဲ့… လုပ်ပါဦး၊ ပြင်ပေးပါဦးကွယ့်" နဲ့ လုပ်ရပြန်ရော။ ခေတ်သစ်နည်းပညာတွေနဲ့ပတ်သက်ရင် သူတို့လူငယ်တွေကို ဘယ်လိုမှ လိုက်လို့မမီနိုင်ဘူး။ သူတို့က သိပ်တော်ကြတာ။ အဲဒါကြောင့် လူငယ်တွေကို အထင်သေးပြီး ညံ့တယ်၊ ဖျင်းတယ်၊ ပျင်းတယ်ပြောသံကြားရင် သိပ်စိတ်ဆိုးတယ်။ လူငယ်တွေ မညံ့ပါဘူး၊ မဖျင်းပါဘူး။

ဘယ်လိုလမ်းတွေ ဖောက်ခဲ့သလဲ
အမှန်တကယ် ညံ့တာ၊ ဖျင်းတာက ကျွန်တော်တို့ လူကြီးတွေပါ။ ကျွန်တော်တို့က လူငယ်တွေအတွက်၊ ကိုယ့်သားသမီးတွေအတွက် ဘယ်လိုလမ်းတွေ ဖောက်ပေးပြီး ဘယ်လမ်းကို လမ်းညွှန်မှုပြုခဲ့ကြလို့လဲ။ ဖြစ်မလာတာတွေအတွက် လူငယ်တွေကို အပြစ်တင်လို့ ဘယ်ဖြစ်မှာလဲ။ ကျွန်တော်တို့က ကလေးတွေကို မဲနယ်ကန်ထဲပစ်ချပြီး ဘာ့ကြောင့် အဖြူထည်တွေ ထွက်မလာကြတာလဲလို့ ပြောသလိုဖြစ်နေမှာပေါ့။ မဲနယ်ကန်ထဲပစ်ချရင် မဲနယ်ရောင်ပဲ ထွက်လာမှာ ဆန်းတာမှမဟုတ်ဘဲ။

သုံးသပ်ကြဖို့ကောင်းပြီ
သမားရိုးကျဖြစ်စဉ်ကြီးကို မကြိုက်ဘူးလို့တော့ ကျွန်တော်တို့ပါးစပ်က တဖွဖွပြောနေပြီး လက်တွေ့ကျ ဘာလုပ်ခဲ့လို့လဲ။ ဘာမှမလုပ်ခဲ့ကြပါဘူး။ အချိန်တန်တော့ ကိုယ့်သားသမီးတွေကို တည်ရှိနေတဲ့ သမားရိုးကျဖြစ်စဉ်ကြီးထဲ သူများတကာလို ထည့်ပေးလိုက်ကြတာပါပဲ။ ပြီးတော့မှ ဟိုလိုဖြစ်မလာဘူး၊ ဒီလိုဖြစ်မလာဘူး၊ ညံ့တယ်၊ ဖျင်းတယ်နဲ့ တဖျစ်တောက်တောက် ပြောနေကြတာ သဘာဝကျပါရဲ့လား။ ကျွန်တော်တို့လူကြီးတွေ မှန်မှန်ကန်ကန် ပြန်ပြီးသုံးသပ်ကြဖို့တော့ ကောင်းပြီ။

တမာပင်က တမာသီးပဲရမယ်
"သင်စိုက်ပျိုးသောအရာကို သင်ရိတ်သိမ်းရလိမ့်မည်" ဆိုတဲ့ အင်္ဂလိပ်ဆိုရိုးစကား လူတိုင်းကြားဖူးပါတယ်။ တမာပင်ကိုစိုက်ရင် တမာပွင့်ပွင့်ပြီး တမာသီး သီးမှာပါပဲ။ တမာပင်စိုက်ပြီးမှ သရက်သီး မသီးရကောင်းလားလို့ အပြစ်တင်လို့ ဘယ်ဖြစ်မှာလဲ။ ဒီသဘောပါပဲ။ ဒီနေ့ လူငယ်တွေဟာ ကျွန်တော်တို့စိုက်ခဲ့တဲ့ အပင်ရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်။ အရာအားလုံးဟာ ကျွန်တော်တို့ တာဝန်သာ ဖြစ်ပါလိမ့်မယ်။

ဦးဆုံးတာဝန်
သမားရိုးကျဖြစ်စဉ်ကြီးကို မကြိုက်ဘူးဆိုရင် အဲဒီဖြစ်စဉ်ကြီးကို ပြောင်းလဲပစ်ဖို့က ကျွန်တော်တို့ရဲ့ ဦးဆုံးတာဝန် မဟုတ်လား။ လမ်းဟောင်းကိုစွန့်ပြီး ကျွန်တော်တို့က လမ်းသစ်ဖောက်ရမှာမဟုတ်လား။ လမ်းသစ်ဖောက်ပေးပြီးမှ အဲဒီလမ်းပေါ်ကို ကလေးတွေက လိုက်မလျှောက်ဘူးဆိုရင်တော့ အပြစ်တင်ပေါ့။ ခုတော့ ကျွန်တော်တို့က လမ်းသစ်ဖောက်မပေးဘဲ လမ်းဟောင်းကြီးအတိုင်း ထားလိုက်ကြပြီး ခရီးမရောက်တော့မှ ကလေးတွေကို အပြစ်တင်နေတာ ဘယ်တရားမှာလဲ။ တကယ် ပျင်းတာ၊ ညံ့တာက ကျွန်တော်တို့ လူကြီးတွေပါ။ ကလေးတွေက မဖျင်းပါဘူး၊ မညံ့ပါဘူး။

(မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး စာအုပ်မှ)

No comments:

Post a Comment

 
Web Statistics