Friday, November 13, 2009

မိဘတွေကို ချစ်ခင်ကြပါ


အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦးသည် ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေပါသည်။ သူနှင့်မလှမ်းမကမ်းတွင် အသက် ၄၀ ခန့်အရွယ်ရှိ သူ၏သားဖြစ်သူသည် စာရင်းဇယားများဖြင့် အလုပ်ရှုပ်နေပါသည်။ ထိုအချိန်တွင် သူတို့အိမ်၏ ပြတင်းပေါက်ဘောင်ပေါ်သို့ ကြက်ဖတစ်ကောင် လာနားပါသည်။

"ငါ့သား ဟိုပြတင်းပေါက်ဘောင်ပေါ်က ဘာလဲ"

"ကြက်ဖလေ အဖေရဲ့"

ခဏကြာသော် အဘိုးအိုသည် သူ့သားအား ထပ်မေးပါသည်။

"ငါ့သား၊ ဟိုပြတင်းပေါက်ကဟာ ဘာလဲ"

"အဖေကလည်း အခုလေးပဲ ကျွန်တော်ပြောခဲ့ပြီးပြီ၊ အဲဒါကြက်ဖ"

အချိန်အနည်းငယ်ကြာသောအခါ အဘိုးအိုသည် ထိုမေးခွန်းကိုပင် တတိယအကြိမ်အဖြစ် သူ့သားအား ထပ်မေးပါသည်။

"ပြတင်းပေါက်ပေါ်က ဘာ"

ထိုအခေါက်တွင်မူ သူ့သား၏ ဒေါသအချို့နှင့်အတူ စိတ်မရှည်မှုတို့သည် မာကြောသော ဖြေကြားသံ၌ သိသိသာသာ ကြားရပါသည်။

"အဲဒါ… ကြက်ဖ၊ ကြက်ဖ"

ခဏကြာသော အဖေလုပ်သူသည် ထိုမေးခွန်းကိုပင် စတုတ္ထအကြိမ်အဖြစ် သူ့သားအား မေးပါသည်။

"အဲဒါ ဘာလဲ" ဟု ပြတင်းပေါက်ဘောင်ပေါ်သို့ လက်ညှိုးထိုး၍ မေးပါသည်။

ထိုအခေါက်တွင်မူ သားဖြစ်သူသည် ဒေါသအပြည့်ဖြင့် အော်ပါတော့သည်။

"ဘာဖြစ်လို့ ဒီမေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ မေးနေတာလဲ၊ အဲဒါကြက်ဖပါ ဆိုတာကို ကျုပ်ဖြေနေတာ အကြိမ်မနည်းတော့ဘူး၊ ဒီကြက်ဖဆိုတဲ့ စကားကိုတောင် အဖေနားမလည်တော့ဘူးလား၊ ဟင်….."

အဘိုးအိုသည် ဘာမှပြန်မပြောတော့ဘဲ နှုတ်ဆိတ်သွားပါသည်။ ခဏကြာသော် အဘိုးအိုသည် သူ့အခန်းသို့ ထသွားပါသည်။ ထို့နောက် ဒိုင်ယာရီအဟောင်းတစ်အုပ်ကို ယူ၍ ပြန်ထွက်လာပါသည်။ ထိုစာအုပ်သည် သူ့သား မွေးဖွားစဉ်ကတည်းက နေ့စဉ်ရေးမှတ်ကာ ထိန်းသိမ်းလာခဲ့သော စာအုပ်လည်း ဖြစ်ပါသည်။ အဘိုးအိုသည် စာမျက်နှာ တစ်ခုကို လှန်၍ သူ့သားအား ဖတ်ကြည့်စေပါသည်။

သားဖြစ်သူသည် ထိုစာမျက်နှာကို ဖတ်ကြည့်သောအခါ ဒိုင်ယာရီထဲတွင် ရေးထားသော အောက်ပါစာလုံးများကို တွေ့ရပါသည်။

"ဒီနေ့ သားအသက် ၃ နှစ်ပြည့်တယ်။ သားနဲ့အတူ ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်ဘောင်ပေါ်ကို ကြက်ဖတစ်ကောင် လာနားတယ်။ သားက "အဲဒါဘာလဲ"လို့ ၂၃ ကြိမ်တောင်မေးတယ်။ အကြိမ်တိုင်းမှာ အဲဒါ ကြက်ဖပါ ဆိုတဲ့အကြောင်း ငါပြန်ဖြေတယ်။ သားလေးနားလည်အောင် အမျိုးမျိုးရှင်းပြတယ်။ သိချင်တဲ့စိတ်နဲ့ ထပ်ခါထပ်ခါ မေးနေတဲ့ သားဟာ အရမ်းချစ်ဖို့ကောင်းတာပဲ။ ပြောပြလိုက်ရင် မျက်လုံးလေးအ၀ိုင်းသားနဲ့ နားထောင်လိုက်၊ ပြီးရင် တစ်ခေါက် ပြန်မေးလိုက်နဲ့။ ငါ့မှာ သားမေးတာတွေကိုဖြေရတာ မောကို မမောနိုင်ဘူး။ ဘာမှမသိသေးတဲ့ ငါ့သားလေးရဲ့ မေးခွန်းတွေကို ဖြေရတာ အရမ်းပျော်ဖို့ကောင်းသလို ထပ်ခါထပ်ခါမေးနေတဲ့သားကို ငါအကြိမ်ကြိမ် နမ်းရှိုက်မိတယ်။"

ကလေးငယ်လေးက မေးခွန်းတစ်ခုကို ၂၃ ကြိမ်တိုင်အောင် မေးမြန်းခဲ့တုန်းက အဖေလုပ်တဲ့သူက မမောနိုင်၊ မပန်းနိုင်၊ ဒေါသအလျဉ်းမရှိဘဲ ကြင်နာမှုအပြည့်နဲ့ ပြန်ဖြေခဲ့ပေမယ့် ဒီနေ့အချိန်မှာတော့ သားလုပ်တဲ့သူဟာ အဖေဖြစ်သူ အနေနဲ့ မေးခွန်းတစ်ခုတည်းကို ၄ ကြိမ်လောက်မေးတာနဲ့ပဲ ဒေါသတွေဖြစ်၊ စိတ်မရှည်နိုင်ဖြစ်နေရပြီလေ။ ဘယ်လောက်များ ကွာခြားလိုက်တဲ့ ချစ်ခြင်းမေတ္တာလဲ။

ကျွန်တော်တို့၊ သင်တို့ရဲ့ မိဘတွေဟာ အခုအချိန်မှာ အိုမင်းလာနေပါလိမ့်မယ်။ သူတို့မှာ မျက်စိတွေမှုန်၊ နားတွေမကောင်း၊ မှတ်ဉာဏ်တွေလည်း အရင်လို ဘယ်ကောင်းနိုင်တော့မလဲ။ သူတို့အပေါ် စိတ်မရှည်မှု၊ ဒေါသဖြစ်မှု၊ ဂရုမစိုက်မှုတွေ ဘယ်တော့မှ မပေးပါနဲ့။ နူးညံ့ချိုသာတဲ့စကားလေးတွေ၊ ကြင်နာတဲ့ အပြုအမူအပြောအဆိုတွေနဲ့ သူတို့ကို ဂရုစိုက်ပေးပါ။ သူတို့အတွက် အခုအချိန်မှာ တကယ်လိုအပ်တာက စည်းစိမ်ချမ်းသာတွေ၊ ပကာသနတွေ မဟုတ်ပါဘူး။ သားသမီး၊ မြေးမြစ်တွေရဲ့ သူတို့အပေါ် ဂရုစိုက်မှု၊ ကြင်နာမှု၊ ယုယမှု၊ အားပေးမှုတွေပါ။

ဒီနေ့ကစပြီး ဒီစာပိုဒ်လေးကို ကျယ်ကျယ်လေး အော်လိုက်စမ်းပါ။
"ငါ့ မိဘတွေ အမြဲတမ်းပျော်ရွှင်နေတာကို ငါ အလိုရှိတယ်၊ မြင်ချင်တယ်။ သူတို့တစ်တွေဟာ ငါ့ကို ငယ်စဉ်ကလေးဘ၀ကတည်းကို ဂရုတစိုက် ကျွေးမွေးသုတ်သင် လာခဲ့ကြတယ်။ သူတို့တွေဟာ ငါ့အတွက် အချစ်တွေအားလုံးကို ပုံပေးခဲ့ကြတယ်။ ငါ့အတွက် စိုးရိမ်ခဲ့ကြတယ်။ ပြုစုခဲ့ကြတယ်။ သင်ကြားခဲ့ကြတယ်။ ငါ ဆိုတဲ့လူတစ်ယောက်ဖြစ်လာဖို့အတွက် သူတို့တွေဟာ ခက်ခဲကြမ်းတဲ့လှတဲ့ မုန်တိုင်းတွေ၊ မီးတောက်တွေကို အံတုခဲ့ကြရတယ်။ ဘ၀ရဲ့ ဆိုးဝါးလှတဲ့ တောင်တန်းတွေ၊ တောင်ကြားတွေမှာ ငါ့ကို ပုခုံးပေါ်တင်ပြီး ကျော်ဖြတ်ခဲ့ကြတယ်။ ဒီနေ့ ငါ ဆိုတဲ့လူဟာ သူတို့တွေမရှိဘဲနဲ့ ဘာမှမဖြစ်နိုင်ခဲ့ပါဘူး"

"ယနေ့မှစ၍ ကျွန်ုပ်၏ မိဘများကို အကောင်းဆုံးနည်းလမ်းများဖြင့် ပြောဆိုဆက်ဆံကျေးဇူးဆပ်ပါမည်။ ချိုသာသော၊ နူးညံ့သော၊ အကြင်နာပါသော စကားများဖြင့်သာ သူတို့ကို ပြောဆိုဆက်ဆံပါမည်။ သူတို့တွေ ဘာတွေပြောပြော ဘာတွေလုပ်လုပ်ပေါ့။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်ချစ်ပါသည်။"

ကျွန်တော်တို့ရဲ့ မိတ်ဆွေများအားလုံး မိဘကျေးဇူးအထူးသိတတ်သော သားသမီးလိမ္မာလေးများ ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုသတိပေးရင်း....

မိဘအားလုံး၏ ကျေးဇူးကို အောက်မေ့လျက်
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေး အဖွဲ့
၁၃၆၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့

မှတ်ချက်
အရင် မြန်မာ့သွေးရာဟုဂရု(ပ်)မှာတုန်းက ပို့ပေးခဲ့ဖူးတဲ့ စာတစ်ပုဒ်ပါ။ မနေ့က ဖိုင်အဟောင်းတွေကို လိုက်ရှာရင်း ရာဟုဂရု(ပ်)ကို ပို့ပေးဖူးတဲ့ စာတွေအများကြီး ပြန်တွေ့တယ်။ ဒါပေမယ့် အဲဒီတုန်းက ၀င်းဖောင့်တွေနဲ့ ရိုက်ထားတာဖြစ်တဲ့အတွက် ဇော်ဂျီကုဒ်ကို ပြန်ပြောင်းနေရသေးတယ်။ အဲဒီအဟောင်းလေးတွေကိုလည်း ပြန်တင်ပေးသွားဖို့ စိတ်ကူးထားပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ရေးခဲ့တာတွေဖြစ်တဲ့အတွက် အခုပြန်ဖတ်ရတဲ့အချိန်မှာ စိတ်တိုင်းမကျတာလေးတွေ တွေ့ရပါတယ်။ ဒါပေမယ့် ပြန်မပြင်တော့ဘဲ အဲဒီအချိန်တုန်းက ရေးထားတဲ့အတိုင်းပဲ တင်ပေးလိုက်ပါတယ်။ ဖော်ဝက်(ဒ်)ကရတဲ့ မေးတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ထားတယ်ဆိုတာကိုတော့ မှတ်မိနေပါတယ်။

No comments:

Post a Comment

 
Web Statistics