Tuesday, November 24, 2009

ပရင်စတန်နောက်ပိုးနည်းသော့ချက်ပြဿနာနှင့် တူတာတွဲလုပ်ဗျူဟာ - ကျော်ဝင်း


ပရင်စတန်နောက်ပိုးနည်း
နောင်တွင် အကျော်ဒေးယျပညာရှင်ကြီးဖြစ်လာမည့် ဂျွန်နက်(ရှ)တစ်ယောက် စစ်ပြီးခါစ ၁၉၄၈ ခုနှစ်တွင် ပရင်စတန်တက္ကသိုလ်သို့ ရောက်လာသည်။ တက္ကသိုလ်ရောက်ခါစ၊ ဖရက်ရှာတို့၏ ထုံးစံအတိုင်း နက်(ရှ)တို့ သူငယ်ချင်းတစ်သိုက် မိန်းမပိုးဖို့ တိုင်ပင်ကြသည်။ သူငယ်ချင်းတွေက အလှဆုံး Queen ကို ပိုးချင်ကြသည်။ ဤတွင် နက်(ရှ)က အကောင်းဆုံး၊ အလှဆုံးကို လိုချင်သည်မှာ လူ့သဘာဝဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်ဖို့ မလွယ်၊ ရွက်ကြမ်းရေကျိုကောင်မလေးကို ပိုးသည်က အားလုံးအတွက် ပိုကောင်းလိမ့်မည်ဟု အကြံပြုသည်။

ဤ ပရင်စတန်နောက်ပိုးခန်းသည်ပင် နောင်ထင်ရှားလာမည့် "ချိန်ခွင်လျှာမှန်အယူအဆ" (Nash's Equilibrium) ၏ မူလအစဟု ဆိုပါသည်။ ဤသီအိုရီ၏ အဆိုအရ ဂိမ်းတစ်ခုတွင် ပါဝင်ကြသော ပလေယာများအနေနှင့် မိမိတို့၏ "မျှော်လင့်တန်ဖိုး" (Expected Value) အသီးသီးကို အသေဆုပ်ကိုင်ထားလျှင် ဘယ်တော့မှ အဖြေရမည်မဟုတ်။ "လက်ရှိအခြေအနေထက် ပိုကောင်း" (better off)ရေးကို နှလုံးသွင်းနိုင်မှသာ အများညီအဖြေ၊ တစ်နည်း ချိန်ခွင်လျှာမှန်အနေအထားကို ဦးတည်နိုင်လိမ့်မည်ဟု ဆိုသည်။

အစဉ်အလာအရ နိုင်ငံရေးပြဿနာများကို အဖြေရှာကြရာတွင် အကောင်းဆုံး (The Best)ကို ဦးတည်သော မျှော်လင့်တန်ဖိုးတွေနှင့် ဗျူဟာခင်းလေ့ရှိပါသည်။ "စံအခြေပြုချဉ်းကပ်နည်း" (Normative approach)ဟု ခေါ်သည်။ တကယ့်လက်တွေ့တွင် ဤနည်းနှင့် အလုပ်မဖြစ်တော့မှ "လက်တွေ့အခြေပြုချဉ်းကပ်နည်း" (Pragmatic approach)ကို လှည့်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ဤနည်း၏ အဓိကဗျူဟာမှာ လက်ရှိအခြေအနေထက် ပိုကောင်းရေးကို ချိန်ညှိကြဖို့ဖြစ်သည်။ ဆိုရလျှင် ဂျွန်နက်(ရှ)၏ သီအိုရီကို အသုံးပြုလာကြခြင်းဖြစ်သည်။

သော့ချက်ပြဿနာ
စာရေးသူအနေနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် "ကစ်ဆင်းဂျားစကားနှင့် မြန်မာ့နိုင်ငံရေးပြဿနာ"ဆိုသော ဆောင်းပါးတစ်ပုဒ် ရေးဖူးသည်။ ကစ်ဆင်းဂျား၏ ပြဿနာတော်တော်များများမှာ ချက်ချင်းလက်ငင်း အဖြေမရနိုင်၊ တစ်ဆင့်ချင်း၊ တစ်ထစ်ချင်း ညှိနှိုင်းအဖြေရှာရသည်ဖြစ်၍ အချိန်ယူဖို့လိုသည် ဆိုသော အမှာစကားကိုညွှန်းပြီး မြန်မာ့နိုင်ငံရေးပြဿနာသုံးရပ်ကို ဖော်ပြခဲ့သည်။ အိုင်ဒီအိုလိုဂျီပြဿနာ၊ လူမျိုးစုပြဿနာနှင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပြဿနာတို့ ဖြစ်သည်။

ဤတွင် စာဖတ်သူတစ်ဦးက ဆိုခဲ့ပါပြဿနာသုံးရပ်အနက် ဘယ်ဟာက သော့ချက်အကျဆုံးလဲဟု မေးလာသည်။ လွန်ခဲ့သော နှစ် ၂၀ ဘာလင်တံတိုင်းပြိုကျပြီးကတည်းက အိုင်ဒီအိုလိုဂျီတိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ပထမပြဿနာ (အိုင်ဒီအိုလိုဂျီပြဿနာ)မှာ အခြေခံအရ ပွဲပြီးသလောက် ဖြစ်သွားပြီ။ ဒုတိယပြဿနာ (လူမျိုးစုပြဿနာ)မှာလည်း လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စွဲနိုင်ကတည်းက ပြေလည်ရေးလမ်းစပေါ် ရောက်ခဲ့ပြီဟုမြင်သည်။ သို့အတွက် သော့ချက်အကျဆုံး ဖြစ်ဖွယ်ရှိသည်မှာ တတိယပြဿနာ (စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး)ဟု အဖြေပေးလိုက်ပါသည်။

သို့သော် အဆိုပါစာဖတ်သူက စာရေးသူ၏အဖြေကို အပြည့်အ၀ ဘ၀င်ကျပုံမပေါ်၊ နောက်ထပ်မေးခွန်းတစ်ခု ထပ်ဆင့်လာသည်။ ဒါဖြင့်ရင် သော့ချက်ကို မဖြေရှင်းနိုင်မချင်း ဘာတစ်ခုမှ အလုပ်မဖြစ်နိုင်စရာ မရှိတော့ဘူးလား ဆိုသော မေးခွန်းဖြစ်သည်။ ကစ်ဆင်းဂျားအမှာစကားအရ ဆိုခဲ့ပါ သော့ချက်ပြဿနာမှာ ချက်ချင်းလက်ငင်း အဖြေရနိုင်ဖွယ်ရာ မရှိသေးရာ သူ့မေးခွန်းမှာ အလွန်မေးသင့်မေးထိုက်သည်ဟု သဘောရပါသည်။ ယခုဆက်ရေးမည့်အပိုင်းမှာ ဤမေးခွန်းနှင့်ပတ်သက်သော စာရေးသူစဉ်းစားရသလောက် အဖြေပင်ဖြစ်ပါသည်။

တူတာတွဲလုပ်ဗျူဟာ
ယခင် စာရေးသူနှင့် ယဉ်ပါးခဲ့ဖူးသော လက်ဝဲစဉ်းစားနည်းအရဆိုလျှင် ပြဿနာအထွေထွေမှာ အဓိကပြဿနာ (သော့ချက်)ကိုရှာ။ ဒါကို ရှင်းနိုင်လျှင် ကျန်ပြဿနာတော်တော်များများ အခြေခံအရ ပြေလည်သွားလိမ့်မည်ဟု ဆိုသည်။ တကယ့်လက်တွေ့တွင် သော့ချက်ပြဿနာတွေက ချက်ချင်းလက်ငင်း အဖြေရဖို့မလွယ် ဖြစ်လာသောအခါ ဆိုခဲ့ပါ လက်ဝဲစဉ်းစားနည်းမှာ အလုပ်မဖြစ်သော ဇာတ်မျောကြီးတွေ ဖြစ်လာရသည်။ ထို့ထက် ပိုဆိုးသည်မှာ မပြေလည်ရုံမျှမက ရှိရင်းစွဲပြဿနာ ပိုဆိုးလာခြင်းပင်ဖြစ်သည်။ ဆိုရလျှင် ဆေးအတွက်လေးရသည်များ၊ မနည်းမနောကြုံခဲ့ရသည်။

ဤသို့ဆိုလျှင် ဘာလုပ်ကြမည်နည်း။ သော့ချက်ကို ဘေးမှ ပန်းတိုက် ဟု စဉ်းစားနည်းအသစ်က ဆိုပါသည်။ သော့ချက်ပြဿနာဖြေရှင်းရေး လိပ်ခဲတည်းလည်းဖြစ်နေလျှင် သော့ချက်ကို ယာယီအားဖြင့် လက်ရှောင်ထားပြီး တူညီရာ Common Ground တစ်ခုရှာပြီး တွဲလုပ်ပါ။ ဤသို့လက်တွဲဆောင်ရွက်ရင်းမှ သော့ချက်ပြဿနာ ဖြေရှင်းရေးအတွက် လမ်းပွင့်လာနိုင်စရာများ ရှိပါသည်ဟုဆိုသည်။ တစ်နည်းဆိုရလျှင် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းဖြင့် လက်ရှိထက် ပိုကောင်းသောအခြေအနေတစ်ရပ်ကို လက်တွဲအကောင်အထည်ဖော်ကြဖို့ ဖြစ်သည်။ ဤနေရာတွင် နက်(ရှ)၏ ပရင်စတန်သူငယ်ချင်းတွေလို အလှဆုံးကိုမှလိုချင်တယ် ဆိုသော စိတ်အခံနှင့်တော့မဖြစ်။ ရွက်ကြမ်းရေကျို ရောင့်ရဲစိတ်ရှိဖို့တော့ လိုလိမ့်မည်ဟုလည်း သတိပေးသည်။

နိုင်ငံတကာအိုင်ဒီယာလှိုင်းများနှင့် နိုင်ငံတကာဖြစ်စဉ်ဖြစ်ရပ်များမှာ မိမိနိုင်ငံရေးအရနှင့် ကွက်တိကျကောင်းမှ ကျပါလိမ့်မည်။ သို့နှင့်တိုင် ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်စဉ်းစားနိုင်ရေးအတွက်မူ အထိုက်အသင့် အသုံးတည့်နိုင်စရာရှိသည်ဟု ထင်ပါသည်။ စိတ်ကို ဖွင့်၍ စဉ်းစားကြစေချင်သည်။

(ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ ၅၊ အမှတ် ၄၅ နိုင်ငံရေးအထူးအချပ်ပို မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics