မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် (၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်) နေ့သည် (၈၉)နှစ်မြောက် အမျိုးသားနေ့ဖြစ်ပါသည်။
တိုင်းပြည်နိုင်ငံတိုင်းတွင် သူတို့နိုင်ငံအလိုက် အထိမ်းအမှတ်နေ့များ ရှိကြပါသည်။ မိမိနိုင်ငံ၏သမိုင်းကြောင်း၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှုများအရ ကိုယ့်သတ်မှတ်ချက်နှင့်ကိုယ် သတ်မှတ်ကြခြင်း ဖြစ်ပါသည်။ သေချာသည်ကတော့ နိုင်ငံတစ်ခု၏ အမျိုးသားနေ့ဆိုသည်မှာ အခြားသော နေ့ထူးနေ့မြတ်များထက် ထူးကဲသာလွန်၍ အနှစ်သာရ ပြည့်ဝပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသား National ဆိုသည့် စကားလုံးသည် လူမျိုးတစ်ခုလုံး၊ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသောကြောင့် ဖြစ်ပါသည်။
အချို့သောနိုင်ငံများတွင်မူ လူမျိုးတစ်ခုလုံး၊ နိုင်ငံတစ်ခုလုံးနှင့် သက်ဆိုင်သည်မှန်သော်လည်း အမျိုးသားနေ့ဟူ၍ သုံးနှုန်းခေါ်ဝေါ်ခြင်း မရှိဘဲ အခြားအမည်များဖြင့် ခေါ်ဝေါ်သတ်မှတ်ကြသည်လည်း ရှိကြပါသည်။ အချို့နိုင်ငံများဆိုလျှင် အမျိုးသားနေ့ဟူသည် တစ်ခုတည်းမဟုတ်ဘဲ တစ်ခုထက်ပို၍ ရှိနေတတ်ပါသည်။ ဥပမာအားဖြင့် ပါကစ္စတန်နိုင်ငံတွင် အမျိုးသားနေ့ (၃)ခုရှိသည်ဟု ဆိုပါသည်။
ထို့ပြင် အမျိုးသားနေ့ကို သတ်မှတ်ကျင်းပကြပုံမှာလည်း စိတ်ဝင်စားဖွယ်ပင် ဖြစ်ပါသည်။ စပိန်တို့၏ အမျိုးသားနေ့ကို အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြုလုပ်ကျင်းပကြပါသည်။ အခြားသောနိုင်ငံတို့ကမူ ထိုနေ့ကို ကိုလံဘတ်နေ့ဟူ၍လည်းကောင်း၊ ကိုလံဘတ်အမေရိကတိုက်သို့ရောက်ရှိသည့် နှစ်ပတ်လည်နေ့ အဖြစ်လည်းကောင်း ကျင်းပကြသည်ကို တွေ့ရပါသည်။ ပြင်သစ်အမျိုးသားနေ့ကမူ ဇူလိုင်လ ၁၄ ရက်နေ့ဖြစ်ပြီး ဘာစတိုင်းလ်ဒေးဟု လူသိများပါသည်။ အမေရိကန်တို့က ဇူလိုင်လ ၄ ရက်နေ့ကို သူတို့၏ အမျိုးသားနေ့အဖြစ် ကျင်းပကြပါသည်။ ပြောရမည်ဆိုလျှင် ကမ္ဘာ့နိုင်ငံအသီးသီး၏ အမျိုးသားနေ့အကြောင်းများသည် ပြောမဆုံးပေါင် တောသုံးထောင်ဆိုသကဲ့သို့ ဖြစ်ပါလိမ့်မည်။ အချို့နိုင်ငံများက လွတ်လပ်ရေးရရှိခဲ့သောနေ့ကိုလည်းကောင်း၊ အချို့က နိုင်ငံတည်ထောင်သည့်နေ့ကိုလည်းကောင်း၊ အချို့က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စတင်ပြဋ္ဌာန်းသည့် နေ့ကိုလည်းကောင်း၊ အချို့ကမူ မိမိတို့နိုင်ငံ၏ ထူးချွန်ထင်ရှားသော ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ မွေးနေ့ကိုလည်းကောင်း၊ စသည်ဖြင့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သတ်မှတ်ထားကြသည်ကို တွေ့ရပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသားနေ့ဟူ၍ သီးခြားသတ်မှတ်ထားရှိပါသည်။ သို့သော် အခြားသော နိုင်ငံများကဲ့သို့ လွတ်လပ်ရေးရသောနေ့၊ ပြည်ထောင်စုကြီးစည်းလုံးညီညွတ်သောနေ့ စသည်တို့မဟုတ်ပါ။ မိမိစံနှင့်မိမိ သီးခြားသတ်မှတ်ခဲ့သည့် ထူးခြားသည့် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ မြန်မာတို့တွင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ဟူ၍ သီးခြားအထိမ်းအမှတ်နေ့များ ရှိကြပါသည်။ ထို့အတူ ဓမ္မစကြာအခါတော်နေ့၊ ကဆုန်လပြည့်နေ့၊ ၀ါဆိုလပြည့်နေ့၊ တပေါင်းလပြည့်နေ့ စသည်ဖြင့် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်နေ့ထူးနေ့မြတ်များလည်း သီးခြားရှိကြပါသည်။ ထိုအထဲတွင်မှာ ထူးခြားသော အထိမ်းအမှတ်နေ့တစ်ခုမှာ အမျိုးသားနေ့ဖြစ်ပါသည်။
တန်ဆောင်မုန်းလပြည့်ကျော် (တန်ဆောင်မုန်းလဆုတ်ဟုလည်း သုံးပါသည်) ၁၀ ရက်နေ့သည် မြန်မာတို့၏ အမျိုးသားနေ့ ဖြစ်ပါသည်။ ထိုအမျိုးသားနေ့သည် ထူးခြားသည်ဟု ဆိုခဲ့ပါသည်။ မည်သို့ထူးခြားသနည်းဆိုသည်ကို လေ့လာကြည့်ပါမည်။ ပထမဦးစွာ နိုင်ငံအသီးသီး၏ အမျိုးသားနေ့များကို မည်သည့်နေ့တွင် ကျရောက်သည်ကို တိတိကျကျ သတ်သတ်မှတ်မှတ် ပြောနိုင်ပါသည်။ ဆိုလိုသည်မှာ ကျွန်တော်တို့၏ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များကို မည်သည့်နေ့ဖြစ်သည်ဟူ၍ ခရစ်သက္ကရာဇ်သုံး ပြက္ခဒိန်အရ အင်္ဂလိပ်ရက်ဖြင့် တိတိကျကျ ပြောနိုင်ပါသည်။ အခြားလူမျိုးတစ်ဦးက မေးလျှင်လည်း အလွယ်တကူပဲ ဖြေနိုင်ပါသည်။ ဥပမာ လွတ်လပ်ရေးနေ့ဆိုလျှင် ဇန်န၀ါရီလ ၄ ရက်နေ့ဟု ဖြေလိုက်ရုံပင်။ နောက်နှစ်လည်း ဇန်န၀ါရီလ ၄ ရက်ဆိုလျှင် လွတ်လပ်ရေးနေ့ပွဲဖြစ်သည်။ သို့သော် အမျိုးသားနေ့ကိုမူ ထိုသို့ ပြော၍ မရပါ။ အဘယ်ကြောင့်ဆိုသော် အမျိုးသားနေ့ကို မြန်မာပြက္ခဒိန်အရ မြန်မာရက်ဖြင့် သတ်မှတ်ထားခဲ့သောကြောင့် ဖြစ်ပါသည်။ တကယ့်ကို မြန်မာတို့၏ အမျိုးသားနေ့ ပီသပါပေသည်။ မြန်မာတို့တွင်ရှိသည့် အထိမ်းအမှတ်နေ့များစွာအနက် ဘာသာရေးနှင့်ဆိုင်သော နေ့ထူးနေ့မြတ်များမှအပ မြန်မာရက်ဖြင့်သတ်မှတ်ထားသည့် တစ်ခုတည်းသော အထိမ်းအမှတ်ရက် ဖြစ်ပါသည်။ အခြားနိုင်ငံသားတစ်ဦးကို ပြောလိုလျှင် မြန်မာသက္ကရာဇ်အကြောင်း၊ မြန်မာပြက္ခဒိန်အကြောင်းကို အဦးဆုံး ရှင်းပြရပါလိမ့်မည်။
အမျိုးသားနေ့သမိုင်းဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍မူ ဆရာတင်နိုင်တိုး၏ "အမျိုးသားနေ့ပေါ်ပေါက်လာပုံ"တွင် အတော်အတန်ပြည့်ပြည့်စုံစုံ လေ့လာနိုင်သည့်အတွက် ကျွန်တော့်အနေဖြင့် ရေခင်းပြစရာ မလိုအပ်တော့ဟု ထင်ပါသည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရကို တွန်းလှန်ရန်အတွက် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်များ နိုးကြားတက်ကြွစေရန်အတွက် မျိုးစေ့ချပေးခဲ့သည့် အမျိုးသားနေ့သည် မြန်မာလူမျိုးတို့အတွက် အမြဲတစေ အမှတ်ရအလေးထားကြမည့် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါကြောင်းရေးသားတင်ပြရင်း (၈၉)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ ၅၂ မိနစ်တွင် ပြီး၏။
No comments:
Post a Comment