Tuesday, November 10, 2009

အမျိုးသားနေ့ပေါ်ပေါက်လာပုံ - တင်နိုင်တိုး


နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပေးပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကောလိပ်ကျောင်းသားဟောင်း ကိုမြင့်ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ)၌ ဂျီစီဘီအေအထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသားနေ့သတ်မှတ်ရေး
မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့သတ်မှတ်ရန် အဆိုတင်သွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင့် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးဘသော်၏အဆိုကို ဦးဘစိန်က ထောက်ခံသည်။ သို့ဖြင့် မည်သည့်နေ့ရက်တွင် သင့်တော်ကြောင်း အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။

နယ်ချဲ့ကို တော်လှန်သောနေ့
ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်တွင် အမျိုးသားနေ့ကို ရွေးချယ်သတ်မှတ်ကြရာ သူရိယအယ်ဒီတာ ဦးတုတ်ကြီးက သီပေါမင်းပါတော်မူနေ့ဖြစ်သော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို သတ်မှတ်ရန် တင်ပြပါသည်။ ပျဉ်းမနားအေလာ ဆရာဒွေးကမူ ဆရာတော်ဦးဥတ္တမ ပထမဆုံး အကျဉ်းချထားခံခဲ့ရသည့်နေ့ကို သတ်မှတ်ရန် တင်ပြသည်။

ဤတွင် ဦးမြင့်က ဦးတုတ်ကြီးနှင့် ဦးဒွေးတို့ တင်ပြချက်များအပေါ် ဝေဖန်ပြောဆိုပါသည်။ ဦးမြင့်က အမျိုးသားနေ့ကို ဗြိတိသျှတို့အား အရှုံးပေးခဲ့ရသည့် သီပေါမင်းပါတော်မူနေ့၊ ဗြိတိသျှတို့အပေါ် ဆန့်ကျင်သည့် နိုင်ငံရေးတရားဟောမှုကြောင့် ဆရာတော်ဦးဥတ္တမ ထောင်သွင်းအကျဉ်းချထားခံရသော နေ့မျိုးကို မသတ်မှတ်လိုကြောင်း၊ ဤနေ့ရက်များမှာ မင်္ဂလာမရှိကြောင်း၊ တက္ကသိုလ်ကျောင်းသားများက နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို စတင်သပိတ်မှောက်သောနေ့မှာ သင့်တော်ကြောင်း တင်ပြခဲ့၏။ သို့ဖြင့် အများသဘောတူညီသော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ပါသည်။ ယင်းသို့ အမျိုးသားနေ့ (နေရှင်နယ်ဒေး)ကို သတ်မှတ်ပေးရန် တင်ပြခဲ့သူ ဦးမြင့်မှာလည်း နောင် နေရှင်နယ်ဦးမြင့်ဟူ၍ ထင်ရှားလာခဲ့သည်။

နေရှင်နယ်ဦးမြင့်
ဦးမြင့်သည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွမ်းသီးတောရွာ ဇာတိဖြစ်၏။ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းမှ ဆယ်တန်းအောင်ပြီး ဂျပ်ဆင်ကောလိပ်သို့ ရောက်လာခဲ့သူဖြစ်သည်။ ဦးမြင့်သည် ရန်ကုန်တက္ကသိုလ် ကျွန်ပညာရေးစနစ်ကို ကန့်ကွက်ခဲ့စဉ်က အားကြိုးမာန်တက် ပါဝင်လှုပ်ရှားခဲ့သည်။ နောင် ကျောင်းပြန်တက်ခဲ့သော်လည်း ဦးမြင့်က အမျိုးသားပညာရေးဘက်သို့ ဦးတည်သွားသည်။ ဦးမြင့်သည် နောက်ပိုင်း ကျောင်းဆရာဘ၀ဖြင့် အသက်မွေးခဲ့သည်။

ကျောင်းဆရာအဖြစ်မှ အနားယူပြီးနောက် ဟံသာဝတီနယ် ပျော်ဘွယ်ကြီးရွာတွင် နေထိုင်ရင်း ကိုယ်တိုင် လယ်ယာလုပ်ငန်းဖြင့် လုပ်ကိုင်အသက်မွေးခဲ့သည်။ ဦးမြင့်သည် နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့လည်းကောင်း၊ သတင်းစာလောကသို့လည်းကောင်း ရောက်ရှိခဲ့သည်။ ၁၉၆၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဦးမြင့် ကွယ်လွန်သွားရာ သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။

ဂျီစီဘီအေအထူးကွန်ဖရင့်
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သည့်နေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် မန္တလေးန၀မမြောက် ကွန်ဖရင့်က အကြမ်းဖျဉ်း သဘောတူညီခဲ့ပြီးနောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဦးဘစီ သဘာပတိအဖြစ် ဆောင်ရွက်သည့် ဂျီစီဘီအေ အထူးကွန်ဖရင့်က ဦးမြင့် တင်ပြခဲ့သည့်အတိုင်း တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ရက်သတ်မှတ်ရာ၌လည်း အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကို မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို တမင်သတ်မှတ်ခဲ့သည်။ ဤသို့ဖြင့် အမျိုးသားရေးလက္ခဏာများ ပိုမိုထင်ရှားလာခဲ့ပါသည်။

အမျိုးသားနေ့အတွက် ပြင်ဆင်မှု
အမျိုးသားနေ့ နီးလာသည်နှင့် ကျောင်းသားဟောင်းကြီးများ ဖြစ်ခဲ့ကြသည့် ဦးဖိုးကျား၊ ဦးစိုးဝင်း၊ ဦးထွန်းညိုတို့က ပြင်ဆင်မှုများ ပြုလပ်ကြတော့သည်။ အမျိုးသားကျောင်းရှိသောမြို့များသို့ အစီအစဉ်တကျ ကျင်းပကြရန် နှိုးဆော်သည်။ မြို့တွင်းသို့ ကျောင်းသူကျောင်းသားများ လှည့်လည်ပြီး တန်ခိုးကြီးဘုရားတစ်ဆူသို့ ချီတက်ကြမည်။ တစ်ဖက်မှလည်း အမျိုးသားနေ့သည် အမျိုးသားကျောင်းမှ ကျောင်းသားကျောင်းသူများ သာမက မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ သို့ဖြစ်၍ မည်သည့်ကျောင်းမှမဆို ကျောင်းသားများနှင့် ကျောင်းသားမိဘများကပါ ပူးပေါင်းပါဝင် ဆင်နွှဲကြစေလိုသည်။ မြို့များတွင် မီးရောင်စုံထွန်းညှိ၍ အကျွေးအမွေးဖြင့် ဧည့်ခံကြမည်။ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြမည် စသည်ဖြင့် လက်ကမ်းစာစောင်များ ရေးသားဖြန့်ဝေပေးကြသည်။ ကျောင်းပိတ်ရက်မဟုတ်သော်လည်း ကျောင်းသားကျောင်းသူများအားလုံး ၀င်ရောက်ဆင်နွှဲကြရန် ဦးဖိုးကျားတို့က ဖိတ်ခေါ်သည်။

ပထမဆုံး အမျိုးသားနေ့
ပထမဆုံး အမျိုးသားနေ့ကို ခရစ်နှစ် ၁၉၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့)တွင် စတင်ကျင်းပခဲ့သည်။ ခရစ်နှစ်ရက်စွဲအားဖြင့် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖြစ်ပါသည်။ ထိုနေ့က ကန်တော်မင်ပန်းခြံ (ယခုကန်တော်မင်္ဂလာပန်းခြံ) နှင့် ရွှေတိဂုံစေတီတော် အနောက်ဖက်မုဒ်အနီး ကွက်လပ်တို့၌ ကော်မတီဝင်များက ဟောပြောကြသည်။ ဟောပြောကြသူများထဲတွင် နောင် ဆာမောင်ကြီးအဖြစ် ထင်ရှားလာမည့် ကိုမောင်ကြီးလည်း ပါသည်။ ယေဘုယျအားဖြင့် အမျိုးသား ပညာရေးအကြောင်း ဟောပြောကြခြင်း ဖြစ်သည်။

လူငယ်တစ်ဦးကမူ အင်္ဂလိပ်ဘာသာဖြင့် British soldier minus gun equal to Zero ဟု ဟောပြောခဲ့သဖြင့် ဗြိတိသျှအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ အမျိုးသားအောင်ပွဲနေ့တွင် နေရာဒေသ အသီးသီး၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်။ သို့သော် ကျောင်းပိတ်၊ ရုံးပိတ်ရက်မဟုတ်သဖြင့် စည်းကားသင့်သလောက် မစည်ကားခဲ့ဟု ဆိုနိုင်သည်။

ကျောင်းပိတ်ရုံးပိတ်ရက်
အမျိုးသားနေ့ကို စတင်သတ်မှတ်စဉ်ကာလမှစ၍ အချိန်အတန်ကြာသည်အထိ ကျောင်းပိတ်၊ ရုံးပိတ်ရက် မဟုတ်ခဲ့ပေ။ ထိုစဉ်က အမျိုးသားကျောင်းများက ဦးဆောင်ကျင်းပလေ့ ရှိခဲ့ကြ၏။ အမျိုးသားကျောင်းများက အမျိုးသားနေ့အခမ်းအနား ကျင်းပနေကြချိန်တွင် အစိုးရကျောင်းများ၌ စာသင်မပျက် ရှိခဲ့ကြသည်။ ၁၉၃၄ ခုနှစ် ဒေါက်တာဘမော် ပညာရေးဝန်ကြီး ဖြစ်လာချိန်တွင် အမျိုးသားနေ့၌ ကျောင်းများပိတ်ရန် သူ၏ အာဏာအတွင်းမှ အမိန့်ချမှတ်ခဲ့သည်။ ဤသို့ဖြင့် အစိုးရ ကျောင်းများမှာလည်း မျက်နှာမငယ်ရတော့ဘဲ အမျိုးသားနေ့ကို ကျင်းပလာနိုင်ကြသည်။ သို့သော် အစိုးရလခစား ဆရာကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ရှိသဖြင့် အမျိုးသားကျောင်းများကဲ့သို့ ဦးဆောင်ကျင်းပခြင်းမျိုးကိုမူ မပြုလုပ်နိုင်ခဲ့ပေ။

၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော် ၀န်ကြီးချုပ်ဖြစ်လာသောအခါ အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ပြန်၏။ သို့ဖြင့် အမျိုးသားနေ့ကို အမျိုးသားများအားလုံး စုပေါင်းကျင်းပလာနိုင်ကြတော့သည်။

မန္တလေးက အမျိုးသားနေ့
မန္တလေးအမျိုးသားနေ့အခမ်းအနားကို ဆရာကြီးဦးရာဇတ်၏  အမျိုးသားကျောင်းက ဦးဆောင်ကျင်းပလေ့ရှိသည်။ အမျိုးသားနေ့သို့ ရောက်ရှိသည်နှင့် ရုပ်သေးဦးဘကျော်က ရုပ်သေးပွဲဖြင့် ဖျော်ဖြေသည်။ စိန်ဗေဒါကြီးက စေတနာ့ဝန်ထမ်းအဖြစ် ကူညီသည်။ ကျောင်းသူကျောင်းသားများက ပဒေသာကပွဲအတွက် ပြင်ဆင်ကြရာ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်းတို့က သင်ကြားပြသပေးကြသည်။ တစ်ခါတစ်ရံ ဆရာကြီးဦးရာဇတ်ကိုယ်တိုင် သီချင်းရေးစပ်ရာ၌ အကြံပြုကူညီတတ်သေးသည်။

ကျောင်းသားကလေးများသည် ဆရာကြီးဦးရာဇတ်၏ အစီအစဉ်ဖြင့် စက္ကူဒေါင်းလံကလေးများ လိုက်လံရောင်းချကာ ရရှိသောငွေဖြင့် နိဗ္ဗာန်ဈေး အခမဲ့ကျွေးသည်။ ယင်းနောက် ဆရာကြီး၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ နေရှင်နယ်ဒေး လှည့်လည်ရာ ကျောင်းသူကလေးတစ်ဦးက အမိမြန်မာပြည်အဖြစ် သရုပ်ဆောင်ရ၏။ မြို့တွင်းသို့ လှည့်လည်သည့်အခါ ဆရာကြီးဦးရာဇတ်ကိုယ်တိုင် လိုက်ပါလေ့ရှိသည်။ ကျောင်းသူ ကျောင်းသားကလေးများက "အမျိုးသားရေး သွေးစည်းပါ၊ အရေးကြီးလာပြီ သိကြ၊ သိကြ" ဟု ကြွေးကြော်ရင်း လိုက်ပါကြသည်။

ကျမ်းကိုး
၁။ ကြည့်သောသူမြင်၏ (နေရှင်နယ်ဦးမြင့်) အမျိုးသားနေ့ ရွှေရတု အထိမ်းအမှတ်စာစောင်
၂။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရက်စဉ်သမိုင်း (ဖိုးအောင်လေး)
၃။ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန် (မြဟန်)
၎။ အမျိုးသားအောင်ပွဲ (၀မ်းအိုဝမ်း ကျော်ဝင်းမောင်) ရနံ့သစ် ၂၀၀၂ မေ

(Weekly Eleven News ဂျာနယ်၊ အတွဲ ၁၅၊ အမှတ် ၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics