(ယခင်ပို့စ် "ပထမပုဂံခေတ်"မှ အဆက်)
အနော်ရထာမင်းသည် နောင်တော် စုက္ကတေးမင်းကို ပုန်ကန်စီးချင်းထိုး၍ အနိုင်ရလေသော် ညောင်ဦးစောရဟန်းမင်း၏သားတော် ကျည်စိုးမင်းက နန်းချခဲ့သော မိမိ ခမည်းတော် ကွမ်းဆော်ကြောင်းဖြူမင်းကြီးအား ထီးနန်းကို ပြန်၍အပ်လေသည်။ မင်းကြီးက မိမိ အိုမင်းလေပြီဟု သားတော်အား အုပ်စိုးခွင့်ပြုလေမှ ထီးနန်းကို ဆက်ခံလေသည်။ အနော်ရထာမင်းကြီးသည် သူရဲကောင်းများကို မြှောက်စားလေသည်။ သထုံပြည်မှ ကြွလာသော ရှင်အရဟံကို အကြောင်းပြု၍ ဗုဒ္ဓသာသနာ၌ သက်ဝင်ယုံကြည်သည့်အတိုင်း ရွှေစည်းခုံ စသော ဘုရားပုထိုးများကို တည်တော်မူလေသည်။ ၄၁၉ ခုနှစ်တွင် သထုံပြည် မနုဟာမင်းထံမှ ဗုဒ္ဓပိဋကတ်တော်များကို တောင်းခံရာ မရသဖြင့် စစ်ထိုးလေသည်။ စစ်အောင်နိုင်သဖြင့် မနုဟာမင်းနှင့်တကွ လက်မှုပညာသည်များကို ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။ အနော်ရထာမင်းကြီးသည် နိုင်ငံတော်နယ်စပ်တစ်လျှောက်တွင် ပြည်ပရန်ကို တားဆီးရန် ကင်းစခန်းမြို့များ တည်ထောင်လေသည်။ စုစုပေါင်း ၄၃ မြို့ ဖြစ်လေသည်။ နိုင်ငံအရပ်ရပ်ရှိ ဆည်မြောင်း၊ ချောင်းကန်များကို ပြုပြင်လေသည်။ မိတ္ထီလာကန်ကိုဆယ်၍ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်တို့တွင် ဆည်များဖို့၍ လယ်မြေများကို ရေပေးသွင်းရန် စီမံလေသည်။
အနော်ရထာမင်းကြီးတွင် အိမ်နိမ့်စံစဉ်က မိဖုရားမှ စောလူးမင်းကို ဖွားမြင်လေသည်။ ဝေသာလီမင်း၏ သမီးတော် ပဉ္စကလျာဏီ မင်းသမီးကိုမူ မိဖုရားအရာမမြှောက်မီ ရည်ငံရင်းရှိသော ရာဇတမာန်အမတ်၏ ကုန်းချောစကားကြောင့် မင်းသမီးစစ် မထင်မှတ်သဖြင့် စွန့်တော်မူရာမှ သန္ဓေပါရှိသွားရာတွင် ကျန်စစ်သားကို ဖွားမြင်လေသည်။ ဥဿာပဲခူးသို့ ဂျွမ်းစစ်သည်များ ချီတက်လာရာ စစ်ကူစေလွှတ် နှိမ်နင်းပေးသဖြင့် ပဲခူးစားက သမီးတော် မဏိစန္ဒာကို ဆက်သလိုက်သည်ကိုလည်း မိဖုရားမြှောက်လေသည်။ မောရှမ်းပြည်မှ ရှမ်းစော်ဘွား၏ သမီး စောမွန်လှကိုလည်း မိဖုရားမြှောက်လေသည်။ အနော်ရထာမင်းသည် တိုင်းခန်းလှည့်လည်ရာ ယူနန်နယ် နန်းစောနိုင်ငံသို့လည်းကောင်း၊ ဘင်္ဂလားပြည်သို့လည်းကောင်း၊ ရခိုင်ပြည်သို့လည်းကောင်း ခရီးလှည့်လည် ရောက်ရှိခဲ့လေသည်။ ရခိုင်မင်း၏ သမီးတော် ထီးလှိုင်ဖြူကိုလည်း သိမ်းပိုက်တော်မူလေသည်။
အနော်ရထာမင်းကြီးသည် ၃၃ နှစ်တိုင်တိုင် နိုင်ငံတော်ကို ထူထောင်ပြီးနောက် အောင်သာအရပ်တွင် ကျွဲရိုင်းကို နှိမ်နင်းရာ ကျွဲရိုင်းခတ်မိ၍ နတ်ရွာစံလေသည်။
မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Tuesday, November 10, 2009
၄၂။ အနော်ရထာ (၄၀၆-၄၃၉)
Posted by Ko Nyan Posted Time 9:08 PM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment