Tuesday, November 10, 2009

အကြွေပန်းပေမယ့် ရွှေနန်းတော့ထိုက်ချင်တယ်


နိဒါန်း
ဗီဒီယိုခွေငှားဆိုင်မှာ ကြည့်စရာအခွေလိုက်ရှာပေမယ့် စိတ်ကြိုက်ဖြစ်တဲ့ဟာ မတွေ့ပါဘူး။ မကြည့်ရသေးတဲ့ ဇာတ်လမ်းခွေတွေ အများကြီးရှိပါတယ်။ ဆိုင်ကအခွေငှားတဲ့ ကောင်မလေးကလည်း တစ်ခွေပြီးတစ်ခွေ ပြရှာပါတယ်။ ဒါပေမယ့် မင်းသားမကြိုက်တာနဲ့၊ မင်းသမီးမကြိုက်တာနဲ့၊ ဇာတ်လမ်းမကြိုက်တာနဲ့ဆိုတော့ အခွေရွေးရတာ အင်မတန်ခက်ပါတယ်။ ကျွန်တော်မကြာခဏ ပြောဖူးသလိုပါပဲ။ ရှားပါးအဖိုးတန်လှတဲ့ ကိုယ်ပိုင်အချိန်ထဲက ဖဲ့ပေးရတာနဲ့ ထိုက်တန်တဲ့ တစ်ခုခုကို ရချင်တာဟာ ကျွန်တော့်ရဲ့အတ္တဆိုပါတော့။ အဲဒီအတွက် ရလာတာကတော့ ချေး(ဂျီး)များတယ်တဲ့။ အခွေတစ်ခါရွေးရင် ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာတတ်တော့ သူငယ်ချင်းတွေက ကင်ပွန်းတပ်ပေးထားတာပါ။ အခွေလေးတစ်ခွေ ရွေးတယ်လို့ပဲ သူတို့က သိထားကြတာ။ ကိုယ်ပိုင်အချိန်တွေနဲ့ ထိုက်သင့်တဲ့ငွေပမာဏတစ်ခုကို အရင်းအနှီးပြုပြီး အလောင်းအစားလုပ်ရတယ် (ကံစမ်းတယ်လို့လည်း ဆိုနိုင်မယ်ထင်ပါရဲ့) ဆိုတာကို သူတို့နားလည်အောင် ကျွန်တော်မပြောဖြစ်ပါဘူး။ ရှင်းပြနေတာထက်စာရင် သူတို့ပြောတဲ့ ချေး(ဂျီး)များတယ်ဆိုတဲ့စကားလုံးကို ပြုံးပြုံးလေးငြိမ်ခံနေလိုက်တာက ပိုကောင်းတယ်လို့ ထင်ပါတယ်။ ထားပါတော့ လိုရင်းကို ဆက်ပြောပါ့မယ်။

နောက်ဆုံးတော့ မဖြစ်မနေ အခွေတစ်ခွေကို ရွေးရမှာဖြစ်တဲ့အတွက် ရင်းနှီးနေပြီးသား နာမည်တစ်ခုကို ရွေးလိုက်ပါတယ်။ စိတ်တထင့်ထင့်၊ ရင်တမောမောနဲ့ပါ။ ဇာတ်လမ်းကို လုံးဝသံသယမရှိပါ။ ကျွန်တော်နဲ့ ရင်းနှီးပြီးသား၊ ဖတ်ဖူးပြီးသား၊ အရင်ကရိုက်ထားတာကိုလည်း ကြည့်ဖူးပြီးသားပါ။ အမှန်အတိုင်း ပြောရရင် မင်းသားက ကျွန်တော်ကြည့်နေကျ မဟုတ်တာပါ။ ကြိုက်တယ်လည်းမဟုတ်၊ မကြိုက်ဘူးလည်းမဟုတ်တဲ့ မင်းသားဖြစ်နေလို့ပါ။ နောက်ပြီးတော့ အခုဇာတ်ကားလိုပဲ ဟိုးအရင်က ရိုက်ဖူးပြီးသား၊ နာမည်ကြီး ဇာတ်လမ်းတစ်ခုကို ပြန်ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်ပြီးခံထားရတဲ့ သင်ခန်းစာကလည်း ရှိနေတော့ လန့်နေမိတာပါ။ ကျွန်တော်ပြောတဲ့ ခံလိုက်ရတယ်ဆိုတဲ့ ဗီဒီယိုက ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" ဆိုတဲ့ ဇာတ်ကားပါ။ ၀တ္ထုလည်းဖတ်ဖူး၊ အရင်ကရုပ်ရှင်လည်း ကြည့်ဖူးထားနေတော့ အဲဒီဗီဒီယိုဇာတ်ကားကို ကြည့်လိုက်ရတဲ့အချိန်မှာ တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒီလိုရေးရတဲ့အတွက် အဲဒီဗီဒီယိုကို ဖန်တီးခဲ့သူတွေနဲ့ သရုပ်ဆောင်တွေ နားလည်စေချင်ပါတယ်။ ကျွန်တော်က ပရိသတ်တစ်ယောက် အနေနဲ့ ကိုယ့်အမြင်ကိုကိုယ် လွတ်လပ်စွာ ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ အခြားလူတွေ ကြိုက်ချင်လည်း ကြိုက်နိုင်ပါတယ်။ အခုဟာက ကျွန်တော်မကြိုက်ဘူးလို့ ပြောတာပါ။ ပရိသတ်အကုန်လုံးက မကြိုက်ဘူးလို့ ဆိုလိုတာမဟုတ်ပါ။

တိုတိုပြောရရင် စဉ်းစားစရာတွေအများကြီးကြားထဲကနေ အခုပြောမယ့်ဇာတ်ကားကို ငှားလာခဲ့တယ်ဆိုပါတော့ဗျာ။

ဇာတ်ကားအမည် - အကြွေပန်းပေမယ့် ရွှေနန်းတော့ထိုက်ချင်တယ်
လပ်ကီးဆဲဗင်း ဗီဒီယိုထုတ်လုပ်ရေး (မအေးအေးဝင်း စီစဉ်သည်)
ဝတ္ထု - မောင်စိန်ဝင်း (ပုတီးကုန်း)
ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - ဟိန်းစိုး
သရုပ်ဆောင်များ - သူထူးစံ၊ မိုးဟေကို၊ ချစ်စနိုးဦး၊ မိုးယုစံ၊ နေလင်းအောင်၊ ဦးဝင်းမြိုင်၊ ဒေါ်အိအိစိုး၊ နဒီဝင့်လှိုင်၊ ကဗျာ၊ သာထက်၊ ရဲမွန်၊ အောင်ဇော်မင်း၊ ဇင်မျိုး နှင့် အခြားသရုပ်ဆောင်များ
တေးရေး - မောင်စိန်ဝင်း (ပုတီးကုန်း)
တေးဆို - ခင်မောင်တိုး

ဇာတ်လမ်းအကျဉ်း
မိသားစုနှစ်ခုမှာ အကြီးဆုံးတွေဖြစ်ကြတဲ့ အောင်ထိုက်နဲ့ ခင်ဖုန်းဆိုတဲ့ ချစ်သူနှစ်ဦးရဲ့ အပြန်အလှန် ချစ်ခင်မှု၊ လေးစားမှု၊ နားလည်မှု၊ သံယောဇဉ်ကြီးမှုတွေကတစ်ဖက်၊ သူတို့မိသားစု မောင်နှမသားချင်းတွေအပေါ်မှာ အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ စိတ်ဓာတ်တွေနဲ့ စဉ်းစားတွေးခေါ် တာဝန်ယူရမှာတွေကတစ်ဖက် အားပြိုင်ကြရင်း ကြုံတွေ့ခဲ့ကြရတဲ့ အချစ်နဲ့ဘ၀ ဇာတ်လမ်းသရုပ်ဖော်၊ အလွမ်းအမောလေးတွေကို ပုံဖော်ရိုက်ကူးထားပါတယ်။

အသိအမှတ်ပြုရတဲ့ ဒါရိုက်တာ
မြန်မာဗီဒီယိုတွေကို အမြဲမပြတ်ကြည့်နေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ဒါရိုက်တာ ဟိန်းစိုးရဲ့ အရည်အချင်းကို လုံးဝသံသယမရှိပါ။ အခုအချိန်အထိ ကျွန်တော်ကြည့်ဖူးသမျှ ဟိန်းစိုးရဲ့ ဇာတ်ကားတွေဟာ ကွာလတီအဆင့်တစ်ခုကို ညွှန်ပြနေတာဟာ သူ့ရဲ့ အရည်အချင်းလို့ ဆိုရပါမယ်။ သေချာတာကတော့ ဒါရိုက်တာ ဟိန်းစိုးဟာ ရိုက်ကွင်း(ရှုခင်း)ကို အလေးအနက်ထားတယ်ဆိုတာပါပဲ။ အခြားဇာတ်ကားတွေကို မကြည့်ဖူးရင်တောင် ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဇာတ်ဝင်ခန်းအတွက် ရှုခင်းရိုက်ကွက်ရွေးတာကို ဘယ်လောက်အလေးထားသလဲဆိုတာကို သတိမူမိပါလိမ့်မယ်။ ကိုယ့်ဆီမှာရှိတဲ့ နေရာတွေကို အကောင်းဆုံးဖြစ်အောင် ရိုက်ပြထားတာဟာ ကိုရီးယားဇာတ်ကားတွေထဲက ရှုခင်းတွေကိုတောင် သနားပါသေးတယ်။ သူတို့တွေလို တကယ့်ကင်မရာအကောင်းကြီးတွေနဲ့ ရိုက်လိုက်ရရင်တော့ ဘယ်လောက်ကောင်းမလဲလို့ ကြည့်နေရင်း မြင်ယောင်တွေးမိပါတယ်။ သရုပ်ဆောင်အားလုံးကိုလည်း အကောင်းဆုံးဖြစ်အောင် သင်ကြားပြသထားတာ ရိုက်ကူးထားတာ တွေ့ရပါတယ်။

သရုပ်ဆောင်များအကြောင်း
ကျွန်တော်မကြိုက်ဘူးဆိုတဲ့ သူထူးစံကို ဒီဇာတ်ကားမှာတော့ လှိုက်လှိုက်လှဲလှဲကို အသိအမှတ်ပြုလိုက်ပါတယ်။ သူကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ မိုးဟေကိုကလည်း အခုနောက်ပိုင်းမှာ အတော်လေးကို တက်လာတယ်လို့ ပြောရပါမယ်။ မထင်မှတ်လောက်အောင်ကို သရုပ်ဆောင်ကောင်းလာတာကို အသိအမှတ်ပြုပါတယ်။ ဒီဇာတ်ကားရဲ့ အသက်ဖြစ်တဲ့ ခင်ဖုန်းဆိုတဲ့ ဇာတ်ကောင်ဟာ မိုးဟေကိုအတွက်များ ရေးထားသလားလို့ ထင်ရအောင်ကို သရုပ်ဆောင်ပီပြင်လွန်းပါတယ်။ အောင်ထိုက်ရဲ့ ညီလုပ်တဲ့တစ်ယောက်ကလွဲရင် ကျန်တဲ့ ဇာတ်ရံ(ကျွန်တော်က ဇာတ်ပို့လို့ သုံးချင်ပါတယ်)တွေဟာ တကယ်ပဲ ဒီဇာတ်လမ်းကို ပံ့ပိုးပေးသွားနိုင်တာ တွေ့ရပါတယ်။ ၀တ္ထုဖတ်တဲ့အခါ ရေးထားတာကောင်းလွန်းရင် မျက်စိထဲမှာ ဇာတ်ကောင်တွေက အလိုလိုကြွလာပြီး ကိုယ့်ဘေးကို ရောက်လာတတ်ပါတယ်။ ဟော… အခုတော့ ဇာတ်ကောင်တွေက သရုပ်ဆောင်တာကောင်းလွန်းတော့ ကျွန်တော့်မှာ ဆရာမောင်စိန်ဝင်း ၀တ္ထုကိုဖတ်နေရသလို ဖြစ်သွားပါရောလား။

ဇာတ်ဝင်သီချင်းအကြောင်းလည်းပြောမယ်
အလှပေါ်မှာ အယဉ်ဆင့်တယ် ပြောရမလား၊ အတိုင်းထက်အလွန်လို့ ဆိုရမလား၊ ငိုချင်ရက် လက်တို့လို့ ညွှန်းရမလားမသိပါဘူး။ ဇာတ်လမ်းက ခံစားနေရတဲ့အချိန်မှာ ခင်မောင်တိုးရဲ့ "ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်… " ဆိုတဲ့ သီချင်းသံကလည်း နှလုံးသည်းအူတွေကို ဆွဲနုတ်သွားသလို ခံစားလိုက်ရပါတယ်။ အမလေး ကိုတိုးကြီးရယ်လို့ အော်ရမလား၊ လုပ်ရက်ပါပေ့ ကိုဟိန်းစိုးရယ်လို့ပဲ အော်ရမလား မသိတော့ပါဘူး။ ကွက်တိမှ တကယ့်ကို ကွက်တိပါပဲ။

ဝေဖန်သုံးသပ်ချက်
အခွေနှစ်ချပ်တည်းနဲ့ ထုတ်ထားတဲ့ ဒီဇာတ်ကားဟာ ပြသချိန် နှစ်နာရီနဲ့ မိနစ်နှစ်ဆယ်လောက် ကြာပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် နာရီဝက်လောက်စီပိုင်း၊ လေးခွေထုတ်ပြီး လုပ်မစားဘူးလို့ ကောက်ချက်ချမိပါတယ်။ အဲဒီလို အခွေတွေအများကြီး ကြုံခဲ့ရပြီးပြီမို့ပါ။ ဒီဇာတ်ကားမှာတော့ သီချင်းဆိုပြီး လျှောက်ပြေးနေတဲ့အခန်း မပါဘဲကို နှစ်နာရီကျော်ကြာအောင် ပြသနိုင်တာကို အမှတ်ထင်ထင် အသိအမှတ်ပြုမိပါတယ်။
ဇာတ်ဝင်ခန်းထဲက ရှုခင်းတွေအားလုံးဟာ တကယ့်ကို စွဲဆောင်မှုရှိလွန်းပါတယ်။ နေရာရွေးချယ်ပုံ၊ ကင်မရာရိုက်တဲ့ထောင့် ရွေးချယ်ထားပုံ၊ အစပ်အဟပ်မိပုံတို့ဟာ တစ်ချက်တစ်ချက် သရုပ်ဆောင်တွေရဲ့ အနီးကပ်မျက်နှာတွေေ၀၀ါးနေတာကို ဥပက္ခာပြုမေ့ထားရလောက်အောင် ပြောင်မြောက်ကောင်းမွန်လှပါတယ်။
အောင်ထိုက်နဲ့ ခင်ဖုန်းဆိုတဲ့ ဇာတ်ကောင်တွေကို အပိုအလိုမရှိ တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်သွားတဲ့ သူထူးစံနဲ့ မိုးဟေကို၊ တစ်ဖက်သတ်အချစ်သမား ဆရာဝန်မလေး ချိုအဖြစ် သရုပ်ဆောင်သွားတဲ့ ချစ်စနိုးဦးတို့ကိုလည်း ကြည့်တဲ့လူတွေ သဘောကျမှာပါ။
တစ်ခုစိတ်မကောင်းမိတာက အခုလို သရုပ်ဆောင်တာတွေရော၊ ရှုခင်းတွေရော၊ ဇာတ်အိမ်ရော ကောင်းနေတဲ့ ဇာတ်ကားကို ရုပ်ရှင်ကားကြီးအဖြစ် မရိုက်ကူးဘဲ ဗီဒီယိုအဖြစ်သာ ထုတ်ဝေတာကိုပါ။ ရုပ်ရှင်သာဆိုရင် အကယ်ဒမီမှန်းနိုင်တဲ့ အနေအထားလို့ သုံးသပ်မိပါတယ်။ (ဟိုတစ်နေ့က ကြည့်ခဲ့ရတဲ့ ချစ်လို့စတာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထက်တော့ အများကြီးကောင်းတဲ့ ဗီဒီယိုဇာတ်လမ်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီလိုဇာတ်လမ်းကိုကျတော့ ရုပ်ရှင်အဖြစ်နဲ့ဆိုရင် ပရိသတ်တွေက ဟာသကားတွေကို အားပေးသလို အားပေးကြမလားဆိုတာကိုတော့ ကျွန်တော်လည်း မဖြေနိုင်ကြောင်းပါ၊ တစ်နည်းပြောရရင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေကောင်းပေမယ့် စီးပွားရေးအရ တွက်ခြေ ကိုက်၊ မကိုက်ဆိုတာကို စဉ်းစားပြီး ဗီဒီယိုအဖြစ်ပဲ ထုတ်လိုက်တယ်လို့ မြင်မိပါတယ်)

နိဂုံး
ကဲ… ညွှန်းစရာရှိတာတွေလည်း အားလုံးညွှန်းပြီးသွားပါပြီ။ ကောင်းမကောင်းကတော့ ကိုယ်တိုင်သာ ငှားကြည့်၊ ဒါမှမဟုတ် ရှိတဲ့နေရာတွေကနေ ဒေါင်းလုဒ်ချပြီး ကြည့်လိုက်ကြပါဗျာ။ တစ်ခါတစ်လေကျတော့ စဉ်းစားမိပါတယ်။ ကျွန်တော်ကြိုက်တဲ့ဇာတ်ကားတွေကို ယူကျုလိုနေရာမှာ တင်ပေးချင်ပေမယ့် (သိတဲ့အတိုင်းပဲ) ကျွန်တော်တို့ သုံးနေရတဲ့ အင်တာနက်ကွန်နက်ရှင်းက "စိတ်ပေါက်မှ လိပ်လောက်ပဲမြန်တာ"ဆိုတော့ အတွေးတွေကို ချက်ချင်းပဲ မီးသင်္ဂြီုဟ်လိုက်ရပါတယ်။ ဇာတ်လမ်းကောင်းကောင်း ကြိုက်တတ်ရင်၊ ခံစားချက်လေးနဲ့ အေးအေးဆေးဆေးလေး အရသာခံပြီးကြည့်ချင်ရင် "အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ်" ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးကို အပြေးသာသွားငှားပြီး ကြည့်လိုက်ပါလို့ တိုက်တွန်းရင်း….။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့။
နံနက် ၂ နာရီ ၀၁ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics