Thursday, December 31, 2009

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


ပို့စ်မတင်ဖြစ်တွေမှာ ကြည့်ဖြစ်တဲ့ ဗီဒီယိုတွေအကြောင်းပါ ရေးပေးလိုက်ပါတယ်။

၂၆-၁၂-၂၀၀၉
(၁)
ဇာတ်ကားအမည် - မစဉ်းစားနဲ့ ချစ်လိုက်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
သရုပ်ဆောင်များ - ပြေတီဦး (နှစ်ကိုယ်ခွဲ)၊ န၀ရတ်၊ ခိုင်သင်းကြည်၊ မေတ္တာ၊ ကုသိုလ်၊ အေးသီတာ

ဇာတ်လမ်းသဘော
မိဘနှစ်ပါး ကားမတော်တဆမှုတစ်ခုဖြစ်ရာက အမြွှာညီအစ်ကိုနှစ်ယောက် တစ်ကွဲတစ်ပြားစီ ဖြစ်သွားရတယ်။ သူတို့နှစ်ယောက်ကို လူချင်းမှားကြတယ်၊ မဆီမဆိုင်ပြဿနာတွေကို ရှင်းကြရင်း သူတို့ချင်း ပြန်တွေ့ကြတယ်၊ နောက်ဆုံး မိဘတွေနဲ့ ပြန်တွေ့သွားကြတယ်။ ဒါပါပဲ။

ဝေဖန်သုံးသပ်ချက်

  • အိန္ဒိယဇာတ်ကားတစ်ခုကို တိုက်ရိုက်ကြီး ကူးချထားတာပါ။ ဇာတ်ကွက်တွေ ပြောင်းလိုက်တာကလွဲလို့ အားလုံးအတူတူပါပဲ။
  • အကြည်တော်နဲ့ သိန်းဟန် ပေါင်းထားတဲ့ဇာတ်ကားမှန်း သိရက်နဲ့ သွားကြည့်မိတဲ့ ကျွန်တော့်အမှားပါ။ ပြေတီဦးဆိုတဲ့အတွက် ဇာတ်လမ်းလေးများ ကောင်းမလားလို့ သွားကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မှားပါတယ် ကိုဉာဏ်ရယ်လို့ အော်မိပါတယ်။ အတင်းကလိထိုးပြီး ခါးအောက်ပိုင်း ပြက်လုံးတွေနဲ့ မဲပြာပုဆိုး ဇာတ်ကားတစ်ကားပဲ ဆိုပါတော့။
  • န၀ရတ်ကတော့ သူ့ပုံစံနဲ့ ဇာတ်ကောင်စရိုက်က ကွက်တိမို့ ထင်ပါရဲ့။ အမှတ်ပေးမိပါတယ်။ တစ်ကားလုံးမှာ အကောင်းဆုံးက န၀ရတ်ဆိုပါတော့။
  • သူများတွေက ရယ်ရတယ်လို့ ညွှန်းလို့များ သွားမကြည့်လိုက်ပါနဲ့နော်။ ကျွန်တော်က သတိပေးလိုက်ပါရဲ့။ အတင်းကလိထိုးမှ ရယ်တတ်တာဆိုရင်တော့ ကျွန်တော့်စကားကို ဗွေမယူပါနဲ့။ သဘောရှိပါဗျာ။

(၂)
မြိတ်တင်အောင် စီစဉ်သည်။ လပ်ကီးပလေ့စ် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ဟာမိုနီ
ဇာတ်လမ်း - ဂေါ်စိန်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ဦးအောင်လွင်၊ ချိုပြုံး၊ ကိုပေါက်၊ ဦးဝင်းမြိုင်၊ ညောင်ညောင်၊ Kညီဦး၊ ငြိမ်းချမ်းနိုင်၊ ကြည်စိုး(IC)၊ အေးသီတာ၊ ယွန်းရွှေရည်၊ ကြူကြူသင်း၊ ကစ်ကစ်

ဇာတ်လမ်းသဘော
မင်းမော်ကွန်းက ဦးအောင်လွင်ရဲ့ မိတဆိုးသား၊ တီးတာခတ်တာ ၀ါသနာပါတယ်။ ကျော်ရဲအောင်က ချိုပြုံးရဲ့ ဖတဆိုးသား။ သီချင်းဆိုတာ ၀ါသနာပါတယ်။ ငယ်ချစ်တွေဖြစ်တဲ့ ဦးအောင်လွင်နဲ့ ချိုပြုံးတို့ ယူလိုက်ကြတဲ့အချိန်မှာ နောက်တော်ပါ သားနှစ်ယောက် မသင့်မမြတ်ဖြစ်ကြပုံ၊ အသက်တွေသာကြီးလာပေမယ့် စိတ်တွေက မရင့်ကျက်လာကြတဲ့အတွက် ကလေးလိုဖြစ်နေကြတဲ့ အဖေမတူအမေကွဲ သူတို့ညီအစ်ကိုနှစ်ယောက်ကို အားလုံးက ပူးပေါင်းပြီး သင်ခန်းစာပေး ပြင်ဆင်ပေးကြတဲ့ ဇာတ်လမ်းပါ။

ဝေဖန်သုံးသပ်ချက်
  • ကြပ်မပြည့်တဲ့ပုံစံနဲ့ ကလေးလိုလို ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်သွားကြတဲ့ ကျော်ရဲအောင်နဲ့ မင်းမော်ကွန်းကို အမှတ်ပေးမိပါတယ်။
  • ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်နဲ့ တင်ပြပုံလေးကို သဘောကျမိတယ်။
  • အတင်းကလိထိုးတာမဟုတ်ဘဲ သဘာဝကျကျ ရယ်မောစရာတွေ အများကြီးပါတဲ့အတွက် ကျေနပ်မိတယ်။
  • အမေဖြစ်သူ ယောက်ျားယူမယ်ဆိုတဲ့အတွက် ကျော်ရဲအောင် ခုံချတဲ့အခန်း၊ အိမ်ကို ရောင်းမှာကြောက်တဲ့အတွက် နည်းအမျိုးမျိုးသုံးပြီး ခြောက်လှန့်တဲ့ အခန်းတွေ၊ အစ်ကိုဖြစ်သူရဲ့ စကားကို မပယ်ရှားချင်လို့ ယောက်ျားယူဖို့ကိစ္စကို စိုးပြည့်သဇင် ခေါင်းညိတ်တဲ့သဘော လုပ်ခဲ့တဲ့အခန်းတွေကိုတော့ တစ်မျိုးဖြစ်မိတယ်။ အဲ... တစ်မျိုးဖြစ်တယ်ဆိုတာထက် သဘောမကျဘူးဆိုရင် ပိုမှန်မယ်။
  • ဇာတ်ဝင်သီချင်းအဖြစ် သုံးထားတဲ့သီချင်းမှာ နာမည်ကြီးအဆိုတော်တွေရဲ့ နာမည်တွေပါနေတာကလည်း တစ်မျိုးကြီးပါပဲ။ မဖြစ်သင့်ဘူးထင်တာပဲ။ အဲဒီသီချင်းအစား အခြားအဆိုတော်မပါတဲ့ သီချင်းတွေ အများကြီးရှိတာပဲ။ ထည့်လို့ရပါတယ်။
  • စိုးမြတ်သူဇာနဲ့ စိုးပြည့်သဇင်ကလည်း ဘာမှမတော်သေးပါဘဲ ကျော်ရဲအောင်နဲ့ မင်းမော်ကွန်းတို့ကို အိမ်အထိလာပြီး ကူညီနေတာကလည်း တစ်မျိုးဖြစ်နေသလားလို့ပါ။ ကျွန်တော်တောင် ရူးချင်သလိုလို၊ ကြောင်ချင်သလိုလို ဖြစ်ချင်သေးတော့တယ်။ အဲဒီလိုများ လာပြီး ပြုပြင်ပေးကြ၊ ထိန်းသိမ်းပေးကြမယ်ဆိုရင်ပေါ့။
  • ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းရည်ရွယ်ချက်လေးရော၊ တင်ပြပုံလေးရော၊ သရုပ်ဆောင်တွေရော အတော်လေးကိုကောင်းတဲ့ ဇာတ်ကားလို့ ဆိုချင်ပါတယ်။ ပညာပေးတဲ့ ဟာသဇာတ်မြူးလေးဖြစ်တယ်လို့ ဆိုချင်ပါတယ်။
  • အားလပ်ချိန်လေးမှာ အပျင်းပြေမြန်မာဗီဒီယိုလေးတစ်ကားလောက် ကြည့်မယ်ဆိုပြီး အခွေငှားဆိုင်သွားလို့များ ဟာမိုနီဆိုတဲ့ ဇာတ်ကားကိုတွေ့ရင် ငှားပြီးကြည့်လိုက်ပါ။ သဘောကျစရာဇာတ်ကားလေးပါ။

၂၈-၁၂-၂၀၀၉
(၁)
မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ဆုကြီးပန်
ဝတ္ထု - ရွှေဥဒေါင်း
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - ဇော်မြင့်ဦး
သရုပ်ဆောင်များ - ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ နန္ဒကျော်စွာ

ဇာတ်လမ်းသဘော
ရွှေဥဒေါင်းဝတ္ထုဖြစ်တဲ့အတွက် အများသိပြီးသားဇာတ်လမ်းပါ။ ပြောမနေတော့ပါဘူး။

ဝေဖန်သုံးသပ်ချက်
  • ဟူးးးးးးးးးးးးးးးးးးးးးးးးးးး ဘာပြောရမှန်းမသိဘူး။ ပြောရမှာ အားနာလို့။
  • ရွှေဥဒေါင်းဝတ္ထုကို ဖတ်ဖူးထားရင်တော့ ဒီဇာတ်ကားကို လုံးဝ(လုံးဝ)ကို မကြည့်ပါနဲ့ဗျာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ဆင်းရဲနေမှာ ဆိုးတဲ့အတွက်ပါ။
  • ဇာတ်လမ်းကတော့ ကောင်းတာပေါ့ဗျာ။ တကယ့်ကို အနှစ်သာရတွေပါတဲ့ ဇာတ်လမ်းပါပဲ။
  • သို့ပေသော်လည်း ဇာတ်ညွှန်းက မီအောင်မခွဲနိုင်တော့ ဇာတ်ကားက ဘယ်လိုမှကို ကြွတက်မလာဘူး။ ဒီလိုဝတ္ထုတွေကို ရိုက်မယ်ဆိုရင်လည်း အသေအချာကို ပြင်ဆင်သင့်ပါတယ်။ အခုတော့ ကြည့်ရတာ ဗီဒီယိုမို့ အဖြစ်လုပ်လိုက်သလား မသိပါဘူး။
  • ငှားကြည့်ဖို့ မတိုက်တွန်းချင်တဲ့ ဇာတ်ကားပါ။

(၂)
ခရေဖြူ ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ရွှေနန်းမထိုက် ပန်းမိုက်
ဝတ္ထု - မျိုးကိုမျိုး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ န၀ရတ်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ကိုပေါက်၊ ယွန်းရွှေရည်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဒေါ်တင်တင်လှ၊ အေးသီတာ

ဇာတ်လမ်းသဘော
ကျော်ရဲအောင်က ရိုးရိုးအေးအေးနဲ့ သူငယ်ချင်းတွေနဲ့ပေါင်းပြီး အလုပ်လုပ်နေသူ။ သူ့မှာ အမေနဲ့ ညီမလေးတစ်ယောက် ရှိတယ်။ န၀ရတ်က ခပ်လည်လည်၊ ခပ်သွက်သွက်၊ ဆတ်ဆတ်ထိမခံ ကောင်မလေးတစ်ဦး။ သူ့မှာ ရောဂါသည် အဖေရယ်၊ တက္ကစီမောင်းနေတဲ့ အစ်ကိုမိသားစုရယ် ရှိတယ်။ တစ်အိမ်လုံးက န၀ရတ်ကို အဓိကမှီခိုနေရတယ် ဆိုပါတော့။ အဲဒီလို အသွင်မတူသူနှစ်ဦး ချစ်ကြိုက်မိကြတယ်။ လက်ထပ်ကြမယ်ဆိုတော့ ကျော်ရဲအောင်အမေက လုံးဝသဘောမတူဘူး။ ဒါပေမယ့် ကျော်ရဲအောင်နဲ့ န၀ရတ် မယူမဖြစ်တဲ့ အကြောင်းတစ်ခုကြောင့် အမေဖြစ်သူကို ဆန့်ကျင်ပြီး ယူလိုက်ကြတယ်။ အသွင်မတူတဲ့ ပတ်ဝန်းကျင်အသစ်မှာ ကျော်ရဲအောင်တစ်ယောက် အံ့သြဖွယ်အပြည့်နဲ့ ဖြတ်သန်းခဲ့ရတယ်။ နောက်ဆုံးတော့ အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့အတိုင်း လင်မယား ခွာပြဲပြီး အမေဆီကို ပြန်သွားခဲ့တယ်။ န၀ရတ်ကလည်း ကျော်ရဲအောင်နဲ့ ပြန်နီးချင်တဲ့အတွက် သူ့ကိုယ်သူ ပြုပြင်တယ်ဆိုပါတော့။ ဒီလိုနဲ့ နောက်ဆုံးတော့လည်း မြန်မာပရိသတ်အကြိုက် ဇာတ်သိမ်းသွားတယ်ဆိုပါတော့။

ဝေဖန်သုံးသပ်ချက်
  • ဇာတ်လမ်းရဲ့ စိတ်ကူးစိတ်သန်းလေးကို အသိအမှတ်ပြုမိပါတယ်။ စာရေးဆရာရဲ့ ပေးချင်တဲ့ message လေးကိုလည်း လှမ်းမြင်လိုက်သလိုပါပဲ။ သူ့ဝတ္ထုတွေကို မဖတ်ဖူးပါဘူ။ ဒါပေမယ့် ဒီဝတ္ထုလေးကိုတော့ သဘောကျမိပါတယ်။ ဆင့်ပွားတွေးစရာလေးတွေ အများကြီး ရလိုက်ပါတယ်။
  • န၀ရတ်က ဒီဇာတ်ကားမှာလည်း ခပ်သွက်သွက်၊ ခပ်ဇတ်ဇတ် ဇာတ်ကောင်စရိုက်ကို အပီအပြင်ပေါ့ဗျာ။ သိတဲ့အတိုင်းပဲ။
  • ကျော်ရဲအောင်တို့ သူငယ်ချင်းတစ်တွေ အလုပ်လုပ်တာကို ရိုက်ပြတာကိုတော့ နည်းနည်းဘ၀င်မကျချင်ဘူး။ ကလေးဆန်နေသလားလို့။ ဇာတ်ညွှန်းဆရာ နည်းနည်းသတိလွတ်သွားတယ် ထင်ပါရဲ့ဗျာ။
  • န၀ရတ်ရဲ့ ယောင်းမလုပ်တဲ့ အေးသီတာဟာ ဒီဇာတ်ကားမှာ အတော်လေးကို ဇာတ်ကိုပံ့ပိုးပေးသွားနိုင်တာ တွေ့ရတယ်။ ဒါမှ ဇာတ်ပို့လို့လည်း တွေးမိတယ်။
  • ကြည့်မယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါတယ်။

၂၉-၁၂-၂၀၀၉
(၁)
ဇာတ်ကားအမည် - တစိမ့်စိမ့်စူး
ဇာတ်လမ်း - မောင်မောင်သင်း (အင်းစိန်)
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - မိုးကြိုး
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ ဦးဇော်ဦး၊ ကျော်ဇင်ထွဋ်

ဇာတ်လမ်းသဘော
သပွတ်အူဇာတ်ခင်ဗျ။ ဘယ်လိုသပွတ်အူလဲ ပြောပြမယ်။ ဟိန်းဝေယံနဲ့ စိုးမြတ်နန္ဒာက လင်မယား။ သူတို့မှာ သားလေးတစ်ယောက် ရှိတယ်။ ဦးဇော်ဦးက သူတို့ဖခင်။ စိုးပြည့်သဇင်ကို ယောက်ျားပေးစားလိုက်ကြတယ်။ သူတို့အားလုံးက တစ်အိမ်တည်းမှာပဲ အတူတူနေကြတယ်။ မကြာပါဘူး။ ကားမတော်တဆတစ်ခုဖြစ်ပြီး အဲဒီယောက်ျား ဆုံးသွားတယ်။ စိုးမြတ်နန္ဒာက အတိတ်မေ့သွားတယ်။ အရူးတစ်ယောက်လို ဖြစ်သွားတယ်။ ဦးဇော်ဦးက ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ကို ပေးစားလိုက်တယ်။ သားယောက်ျားလေးတစ်ယောက် ထပ်မွေးတယ်။ ဦးဇော်ဦး သေသွားတယ်။ စိုးမြတ်နန္ဒာက ပြန်ကောင်းလာတယ်။ အိမ်ကိုပြန်လာတဲ့အချိန်မှာ အားလုံးက မသိအောင် ၀ိုင်းဝန်းဖုံးကွယ်ထားကြတယ်။ ဒါပေမယ့် တစ်နေ့ အဖြစ်မှန်တွေကို သိသွားတဲ့အခါ............။

ဝေဖန်သုံးသပ်ချက်
  • ကြံကြံဖန်ဖန် စဉ်းစားတတ်ပါပေ့ ဇာတ်လမ်းရေးသူရယ်။
  • သူကတော့ ဇာတ်လမ်းကို သပွတ်အူလုပ်ထားတယ်ဆိုပြီး ပျော်နေမလားမသိဘူး။ ကျွန်တော်ကတော့ ကြည့်နေရင်းနဲ့ စိုးမြတ်နန္ဒာရူးသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာတော့မယ်ဆိုတာကို အလိုလိုကို သိသွားတယ်။ အဲဒီလောက်အထိ ဇာတ်လမ်းက ရိုးစင်းလွန်းတယ်။ ဇာတ်ညွှန်းခွဲတာ ညံ့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ (ကျွန်တော်က တော်နေတာလည်း ဖြစ်နေနိုင်တာပါပဲ။ ဤကား စကားချပ်)
  • အလကားပြောတာ ခင်ဗျားကြည့်ရင်လည်း အဲဒီလိုပဲ အလိုလိုသိနိုင်တယ်။ အဓိကအားနည်းချက်တော့ မြန်မာကားတွေက ဇာတ်ကောင်က နည်းနည်းလေးလေ။ ဘာမှ ထပ်မလှည့်နိုင်ဘူးဆိုတာ ပရိသတ်က သိပြီးသား။ ဒီလူတွေနဲ့ပဲ ဇာတ်လမ်းကို ဆက်ဆွဲဆန့်ပြီး ရိုက်ပြမှာဆိုတာ သိနေပြီးသားကိုး)
  • ကားတိုက်တာက စိုးပြည့်သဇင်နဲ့ သူ့ယောက်ျား။ ယောက်ျားသေသွားလို့ ပူဆွေးခံစားရမှာက စိုးပြည့်သဇင်။ ဒါပေမယ့် မူးမေ့ပြီးလဲကျသွားတာက စိုးမြတ်နန္ဒာ။ ဘယ်လိုကြီးလည်း မသိဘူးနော်။
  • ကြိုက်တဲ့အချိန် သတိပြန်ကောင်းလာနိုင်တယ်လို့ ဆိုထားပါလျက် သားမက်နဲ့ သမီးအငယ်ကို ပေးစားလိုက်တဲ့ ဦးဇော်ဦးရဲ့ ဖခင်မေတ္တာကိုလည်း အံ့သြဘနန်းဖြစ်ရတယ်။ (ဟူးးးးးးးးးးးးးးးး မြန်မာကားတွေရယ်... )
  • ညီမလေးလိုပဲ ချစ်တာပါဆိုတဲ့ ကိုရွှေဟိန်းဝေယံကလည်း မပြောလိုက်ချင်ပါဘူး။ စိုးပြည့်သဇင်ကလည်း အစ်ကိုကြီး၊ အစ်ကိုကြီးနဲ့ သားတစ်ယောက်တောင် မွေးလိုက်ပါရောလား။ ဟီးဟီး... မပြောချင်ပါဘူးဗျာ။ တကယ့်ကို ရှာမှရှားပါပဲ။
  • ပြီးတော့ ဟိန်းဝေယံက စိုးပြည်သဇင်ကို ပြောသေးတယ်။ ကိုယ့်ကို နားလည်တယ်မလားတဲ့။ ကျွန်တော်ကပဲ ကြားထဲကနေ ဖြေပေးလိုက်ပါတယ်။ နားလည်ပါတယ်။ နားလည်ပါတယ်။ တော်တော်ကို နားလည်ပါတယ်ဗျာ။
  • အဲ... အဆိုးထဲကအကောင်းလို့ ဆိုရမလားပဲ။ စိုးမြတ်နန္ဒာအိမ်ပြန်ရောက်တဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားဝှက်ထားတဲ့ သားလေးကို အိမ်ပြန်ပို့တဲ့အခန်းပေါ့။ အဲဒီအချိန်မှာ စိုးမြတ်နန္ဒာနဲ့တွေ့တယ်။ စိုးမြတ်နန္ဒာက ဒီအိမ်က ကလေးဆိုပြီး လာပို့သွားလို့ လက်ခံထားလိုက်တယ်။ အဲဒီအချိန်မှာ စိုးပြည့်သဇင်က အိမ်ထဲကနေ ထွက်လာတယ်။ ကလေးက မေမေဆိုပြီး ပြေးဖက်တယ်။ စိုးမြတ်နန္ဒာက သူ့ညီမ ယောက်ျားရသွားတာ မပြောပါလားပေါ့။ အဲဒီအချိန်မှာပဲ ဟိန်းဝေယံက သူငယ်ချင်းနဲ့ အပြင်ကပြန်လာတယ်။ ကလေးက ဖေဖေဆိုပြီး လှမ်းခေါ်ပြီး ပြေးသွားတယ်။ စိုးမြတ်နန္ဒာထင်တာက အခြားတစ်ယောက်။ ဒါပေမယ့် ကလေးက ဟိန်းဝေယံဆီကို ပြေးသွားတယ်။ အဲဒီအချိန်မှာ စိုးမြတ်နန္ဒာတစ်ယောက် အံ့သြ၀မ်းနည်းခံစားရတာတွေကို ရိုက်ပြထားတဲ့အခန်းလေးကတော့ အမှတ်ပေးချင်စရာပါ။ စာမေးပွဲဆိုရင်တော့ ဒီတစ်ချက်တည်းနဲ့တင် သနားမှတ်ကလေးပေးပြီး အောင်မှတ်ပေးလို့ရတယ်ဆိုပါတော့။
  • ကြည့်ဖူးသမျှ ဟိန်းဝေယံဇာတ်ကားတွေထဲမှာ အတော်ကို ကြောင်တောင်တောင်နိုင်တဲ့  ဇာတ်ကားလို့ ဆိုလို့ရပါတယ်။ အဲဒီလို ဇာတ်ကားတွေ ရိုက်ဖို့အတွက် ဟိန်းဝေယံ အသင့်မဖြစ်သေးပါဘူး။ ကြိုးစားရပါဦးမယ်။

(၂)
စနိုးဝှိုက် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - နှိုင်း မ ရ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုလွင် (စနိုးဝှိုက်)
ဒါရိုက်တာ - မောင်မောင်ဦး (စနိုးဝှိုက်)
သရုပ်ဆောင်များ - နိုင်းနိုင်း၊ အိန္ဒြာကျော်ဇင်၊ ထွန်းထွန်းနိုင်၊ နွဲ့နွဲ့မူ၊ ဟိန်းမင်း၊ ဒေါ်ခင်လေးဆွေ၊ ဦးဝင်းမြိုင်၊ ဦးခိုင်တင်၊ ဒေါ်တင်တင်လှ၊ ကြည်စိုး(IC)၊ တက္ကသိုလ်ဂွမ်းပုံ၊ သက်ထားဦး၊ စိုးရတနာ

ဇာတ်လမ်းသဘော
စိတ်ဆန္ဒမပါဘဲ လူကြီးတွေ အတင်းပေးစားတဲ့အတွက် နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်တို့ ယူလိုက်ကြတယ်။ အဲဒီတော့လည်း ချစ်သွားတာပါပဲ။ ဒါပေမယ့် တစ်ချိန်က အတိတ်ရဲ့ အရိပ်တွေ လိုက်ပြီး ပြဿနာတွေ ကြုံလာကြရတဲ့အခါမှာတော့.........။

ဝေဖန်သုံးသပ်ချက်
  • စနိုးဝှိုက်ထုံးစံအတိုင်း နိုင်းနိုင်းကို မင်းသားတင်ထားပေမယ့် ဦးခိုင်တင်ကလွဲရင် အခြားပါနေကျ စနိုးဝှိုက်အဖွဲ့သားတွေ မပါတာတစ်ခုတည်းနဲ့တင် ဇာတ်ကားက တစ်မူထူးခြားသွားတယ်။ တစ်ခါလာလည်း ဒီလူတွေကို မြင်နေရတဲ့ဒုက္ခဟာ ဘယ်လောက်ဆိုးသလဲဆိုတာ နိုင်းနိုင်းကားတွေကို မပြတ်တမ်းကြည့်နေတဲ့လူတွေကို မေးကြည့်။
  • ကြည်စိုး(အိုင်စီ)ကြီးလည်း ထူးထူးခြားခြား ဒီဇာတ်ကားမှာ ဗီလိန်နေရာမှာ ပါလို့ပါလားဗျ။ အဲဒါကတော့ အတော်ထူးဆန်းသဗျို့။ အဲဒီလူက ဘယ်တော့မှ အဲဒီလိုဇာတ်ကောင် မရိုက်ဘူး။ သူ့ကြည့်လိုက်ရင် ရှေ့နေ၊ သူဌေး၊ ပွဲစားကြီး၊ ဆရာဝန်၊ စီးပွားရေးလုပ်ငန်းရှင် စတဲ့ဇာတ်ကောင်တွေကိုပဲ ရိုက်တာများတယ်။ အခုကျမှ စနိုးဝှိုက်က ဘယ်လိုစည်းရုံးလိုက်သလဲ မသိဘူး။ ဟားဟားဟား ရယ်ချင်စရာကြီး။
  • ထွန်းထွန်းနိုင်ကြီးကို မြင်ရတော့ လွမ်းတောင်လွမ်းမိသေးတယ်။ နှမြောမိပါတယ်ဗျာ။
  • နွဲ့နွဲ့မူကြီးကတော့ သားကိုချစ်တဲ့ အမေတစ်ယောက်ဇာတ်ကောင်ကို အပီအပြင်ပါပဲ။ အဲဒါကြောင့်လည်း တစ်ခေတ်တစ်ခါက နွဲ့နွဲ့မူကို ပုရိသတွေ အသည်းစွဲခဲ့ကြတာဖြစ်မယ်။
  • အိန္ဒြာကျော်ဇင်ကတော့ ပြောစရာမလိုပါဘူး။ သူက ရုပ်ရှင်ကဝေပျို ဖြစ်နေပြီပဲ။ ကျရာဇာတ်ရုပ်ကို ကွက်တိပါပဲ။ ကြည့်နေတဲ့ ကိုကိုမောင်မောင်တွေကို အသည်းတယားယားဖြစ်အောင် သရုပ်ဆောင်ပြတဲ့ အခန်းတွေလည်း အများကြီးပါပါ့ဗျား။ ကြည့်နေရင်းနဲ့ အိန္ဒြာကျော်ဇင်ကို ပြေးဖက်ချင်စိတ် ပေါက်သွားအောင် ကညုတုတု သရုပ်ဆောင်ထားတာလေးတွေက အူဝဲခရေဇီတွေအတွက် ရူးသွပ်ရဦးမှာ အသေအချာပါပဲ။
  • တစ်ခုသတိထားမိတာက စနိုးဝှိုက်က ဇာတ်ကားတွေမှာ ဇာတ်ပို့တွေက ဇာတ်လမ်းကို ပို့တဲ့နေရာမှာ အတုံးလိုက်၊ အတစ်လိုက်ကြီးတွေ ပို့ကြတယ်ဗျ။ စကားကို ဘာမပြောညာမပြော အတင်းကြီးဝင်ပြောတာတို့၊ သူငယ်ချင်းလည်းဆိုသေး အိမ်တွင်းရေးကိစ္စတွေမှာ လူကြီးတွေကို အတင်းဝင်ပြီး အကြံပေးတာတို့၊ သူများအတင်းကို ဗြောင်ကျကျ လူရှေ့သူရှေ့မှာ အားပါးတရပြောတာတို့ စသဖြင့်ပေါ့။ တကယ့်ကို အမှတ်ထင်ထင် သတိထားမိစရာပါ။
  • စကားလုံးတွေရွေးချယ်မှုကိုတော့ အတော်လေးကို သဘောကျတယ်။ အတော်လေးလည်း ပြောင်မြောက်တယ်။
  • အိမ်ထောင်သည်ဘ၀ကို ဆင်ဆာလွတ်အောင် အကောင်းဆုံးရိုက်ပြသွားတာတွေကလည်း ပညာသားပါလှပါတယ်။ ခါးအောက်ပိုင်းစကားလုံးတွေကို အတင်းကာရော အတုံးလိုက်အတစ်လိုက် သုံးပြီးရိုက်နေကြတဲ့ သူတွေအတွက် အတုယူစရာပါ။
  • ဇာတ်လမ်းလေးလည်း ကောင်းပါတယ်။ တင်ပြပုံလေးလည်း မဆိုးပါဘူး။ သင်ခန်းစာယူစရာတွေလည်း ပါပါရဲ့ဗျာ။
  • မကြည့်မဖြစ် ငှားကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ တစ်ခုခုတော့ ရလိုက်မှာပါ။ အနည်းဆုံးတော့ အပျင်းပြေစေမှာပါ။
သိပြီးသား၊ ဖတ်ဖူးပြီးသား၊ ကြားဖူးပြီးသားဖြစ်ပေမယ့် အဲဒီဇာတ်ကားမှာ ပြောသွားတဲ့ စကားလုံးလေးကိုတော့ အတွေးတွေ ပွားနေမိသေးတယ်။ ဒီလိုပါ-
"လူတွေက ပညာတတ်လေလေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်လေလေပဲ" တဲ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၀၂ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics