Saturday, December 26, 2009

မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်ခဲ့သည့် ၂၀၀၉ ခုနှစ်၏ ထူးခြားသော နိုင်ငံရေးဖြစ်ရပ်များ


  • ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးမည့်အကြောင်းကို (၆၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားခဲ့သည်။
  • ဇူလိုင်လ ၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီ (၁၀) ဖွဲ့နှင့်လည်းကောင်း၊ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့ (၇)ဖွဲ့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
  • သြဂုတ်လ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောအမှုကိစ္စ အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်၊ မစ္စတာဂျွန်ယက်တောအား အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ရာတွင် မစ္စတာဂျင်မ်ဝက်ဘ်၏ မေတ္တာရပ်ခံမှုကြောင့် မစ္စတာဂျွန်ယက်တောအား ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါက ကျခံရန်ရှိသော ပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာနေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
  • သြဂုတ် ၁၄ ရက်တွင် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ယင်းခရီးစဉ်အတွင်း သြဂုတ် ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
  • ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ဒသမအကြိမ်မြောက် အကျဉ်းသူ၊ အကျဉ်းသား ၇၁၁၄ ဦးကို စက်တင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၂၀၀၉ ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း န၀မအကြိမ်မြောက်အဖြစ် အကျဉ်းသား ၆၃၁၃ ဦးကို လွှတ်ပေးခဲ့သဖြင့် ၂၀၀၉ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် အကျဉ်းသား ၁၃၄၂၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
  • စက်တင်ဘာ ၂၆ ရက်တွင် (၆၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်ခဲ့သည်။
  • ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌထံ လိပ်မူ၍ စာရေးသားပေးပို့ခဲ့သဖြင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်တိုဘာ ၃ ရက်တွင် တွေ့ဆုံခဲ့သည်။
  • ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်၌ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုသည် ၂၀၀၉ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။
  • နိုဝင်ဘာလ ၃ ရက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကင်းဘဲလ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။
  • နိုဝင်ဘာ ၈ ရက်တွင် ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော တိုင်းရင်းသားအဖွဲ့အစည်းများအား နိုင်ငံတော်၏ တရားဝင်လက်နက်ကိုင်ဆောင်သည့် နယ်ခြားစောင့်တပ်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး အစီအစဉ်အရ ကချင်ပြည်နယ်၊ ဂန့်တွင်း၊ လုစီ၊ စပ်ကြိုင်ဒေသတို့၌ ကချင်ပြည်နယ် အထူးဒေသ(၁) NDAK အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး တစ်ချိန်တည်းမှာပင် ကယားပြည်နယ်အထူးဒေသ(၂) (ကလလတ)အဖွဲ့ကိုလည်း ကယားပြည်နယ် ပန်တိန်းနှင့် စွပ်ပိုင်ဒေသများတွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
  • ဒီဇင်ဘာ ၄ ရက်တွင် နိုင်ငံတော်၏ တရားဝင်လက်နက်ကိုင်ဆောင်သည့် နယ်ခြားစောင့်တပ်များအဖြစ် အသွင်ကူးပြောင်းမှု အစီအစဉ်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics