Saturday, December 26, 2009

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ (၂၅ ဒီဇင်ဘာ ၂၀၀၉)


(၁)
ဇာတ်ကားအမည် - ရေခဲဖြင့် လောင်ကျွမ်းသော
လပ်ကီးဆဲဗင်းဗီဒီယိုထုတ်လုပ်ရေးမှ မအေးအေးဝင်း စီစဉ်သည်။
ဇာတ်ညွှန်း - အောင်ကြီး
ဇာတ်လမ်း နှင့် ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - လူမင်း၊ မို့မို့မြင့်အောင်၊ န၀ရတ်၊ ၀ိုင်းစုခိုင်သိန်း၊ ဆန်းထွဋ်၊ ကျော်ဇင်ထွဋ်၊ ရဲမွန်၊ ဦးရဲမောင်၊ ဒေါ်နှင်းဆီ၊ ဒေါ်တင်တင်လှ

ဇာတ်လမ်းသဘော
စင်ကာပူတွင် အလုပ်သွားလုပ်သော ဆန်းထွဋ်က အလုပ်ခွင်တွင် မတော်တဆသေဆုံးသွားသည်။ သူက အေးအေးဆေးဆေး ရိုးရိုးကုပ်ကုပ်သမား။ မိခင်နှင့် မိန်းမ ကျန်ရစ်ခဲ့သည်။ ထိုနိုင်ငံတွင်ပင် ကျောင်းသွားတက်သော မိုက်မိုက်ကန်းကန်း တဇွတ်ထိုး တစောက်ကန်း သူဌေးသား လူမင်းကလည်း မွေးရာပါနှလုံးရောဂါကြောင့် ခွဲစိတ်ကုသလိုက်ရသည်။ ကျန်ရစ်ခဲ့သူများ၏ ခွင့်ပြုချက်ဖြင့် ခိုင်ခန့်၏ နှလုံးကို အစားထိုးကုသလိုက်သည်။ ထိုအချိန်မှစ၍ လူမင်း၏ အပြုအမူနှင့် ခံစားချက်များ ပြောင်းလဲလာရပုံနှင့် ယိမ်းမြသာ (မို့မို့မြင့်အောင်)၏ ကွယ်လွန်သွားသည့်ချစ်သူအပေါ် မပြောင်းမလဲ ချစ်နေသေးသည့် အချစ်စိတ်ကို အံ့သြမိပုံ၊ ယိမ်းမြသာကလည်း သူ့ချစ်သူ၏ အသည်းနှလုံး လူမင်းထံတွင် ရှိနေသေးသည်ကို သူ့ချစ်သူ အသက်ဆက်လက်ရှင်သန်နေဆဲဟု ခံယူထားကာ တားဆီးပိတ်ပင်မှုများ၊ ဂရုစိုက်မှုများ၊ နောက်ဆုံးတွင် အဆုံးစွန်ထိ ခံစားချက်များ ဖြစ်လာရသောအခါ....။

ဝေဖန်သုံးသပ်ချက်

  • လူတစ်ယောက်ဟာ နှလုံးခုန်ရပ်တဲ့အချိန်ကျမှ အသက်သေတယ်လို့ ပြောတယ်၊ စိတ်ဆိုတာ နှလုံးသားမှာရှိတယ်၊ အဲဒါကြောင့်လည်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ မေတ္တာပို့ကြတာပေါ့၊ လူတစ်ယောက်ကို ထိန်းချုပ်လွှမ်းမိုးထားတာက နှလုံးသားပဲ ဆိုတဲ့ အချက်ကလေးတွေက ရင်တွင်းဖြစ်ကြီး ပေးချင်တဲ့ message တွေလို့ ထင်ပါရဲ့ဗျာ။
  • ဘာပဲပြောပြော သာမန်ဇာတ်လမ်းတစ်ခုမဟုတ်အောင် တီထွင်ဖန်တီးထားတယ်ဆိုတာကိုတော့ အသိအမှတ်ပြုပါတယ်။ အခုနောက်ပိုင်း ဇာတ်ကားတော်တော်များများမှာ မောင်မျိုးမင်း ပြချင်နေတာလည်း အဲဒါပဲလို့ ယူဆပါတယ်။ သာမန်ဇာတ်လမ်းမဟုတ်ဘဲ အတွေးဆန်းဆန်း၊ တင်ပြပုံဆန်းဆန်းလေးတွေနဲ့ ပရိသတ်ကို အသစ်တွေ ပေးနေတာ တွေ့ရပါတယ်။
  • အားမနာတမ်းပြောရရင် ဒီဇာတ်ကားကို မောင်မျိုးမင်းသာ ကိုယ့်ဘာသာ ဇာတ်ညွှန်းခွဲရင် ဒီထက် ပိုကောင်းမလားလို့ပါ။ အခုတော့ ဇာတ်လမ်းက ကောင်းချင်သလိုလိုနဲ့ တစ်မျိုးကြီးဖြစ်နေတယ်။
  • န၀ရတ်က ခပ်ဟော့ဟော့ သူဌေးသမီးကောင်မလေးတစ်ယောက် ပုံစံကို အကောင်းဆုံး သရုပ်ဆောင်သွားနိုင်တယ်။
  • မို့မို့မြင့်အောင်ကတော့ အငယ်တွေနဲ့အပြိုင် အဓိကမင်းသမီးနေရာမှာ ပီပြင်အောင် သရုပ်ဆောင်သွားပါတယ်။ သရုပ်ဆောင်ကောင်းတာ မှန်ပေမယ့် တခြားမင်းသမီးနဲ့ဆို ပိုပြီးများ ကြည့်ကောင်းမလားလို့ပါ။ အခုတော့ လူမင်းနဲ့သူ့ကို တွဲပေးထားတော့ ဘယ်လိုကြီးမှန်းကို မသိဘူး။ မို့မို့မြင့်အောင်ဆိုတဲ့အရှိန်ကြီးကို ပျောက်သွားအောင် ယိမ်းမြသာက လုပ်မပြနိုင်ခဲ့ပါဘူး။
  • လူမင်းကတော့ သူ့ထုံးစံအတိုင်း သူ့ဇာတ်ရုပ်ကို ပုံဖော်သွားနိုင်ပါတယ်။
  • ပထမဆုံး အခန်းလေးတစ်ခန်းအတွက် ဆန်းထွဋ်ကို သုံးလိုက်တဲ့ စိတ်ကူးကိုလည်း နားမလည်နိုင်ဘူး။
  • ဆန်းထွဋ်နဲ့ မို့မို့မြင့်အောင်က ဘာလဲဆိုတာကိုလည်း သေသေချာချာကို ကျွန်တော်နားမလည်ဘူး။ ချစ်သူလို့လည်းပြောတယ်။ တစ်အိမ်တည်းမှာလည်း အတူနေတယ်။ ယောက္ခမနဲ့ ချွေးမလို့လည်း သုံးနှုန်းတယ်။ ဖုန်းဆက်တဲ့အချိန်မှာ မြန်မြန်နီးချင်ပြီလို့လည်း ပြောတယ်။ ကျန်ရစ်သူက ခွင့်ပြုချက်ပေးတော့လည်း မို့မို့မြင့်အောင်က ပေးတယ်ဆိုတော့ သူ့မိန်းမသဘောမျိုးဖြစ်နေတယ်။ ထင်တဲ့အတိုင်းပြောရရင် Living Together ဖြစ်မယ်ထင်တယ်။ ခေတ်မီတာပဲလား မသိပါဘူး။
  • အဆိုးဆုံးအခန်းကတော့ ၀ိုင်းစုခိုင်သိန်း တိုက်ပေါ်က ခုန်ချဖို့လုပ်ခါနီးမှာ လူမင်းကို အမှုမဖြစ်အောင်လို့ မှတ်တမ်းအနေနဲ့ ကင်မရာတစ်လုံး ချိန်ထားတယ်လို့ပြောတယ်။ ပြီးတော့သူတို့နှစ်ယောက် စကားတွေ အပြန်အလှန်ပြောကြတယ်။ အဲဒီအထိ အိုကေပဲ။ အဲ... နောက်ဆုံးအခန်းမှာ အဲဒီစကားပြောတာတွေကို ကင်မရာကနေ ရိုက်ထားတာကို လူမင်းက မို့မို့မြင့်အောင်ကို ပြန်ပြတဲ့အခန်းမှာကျမှ တစ်လုံးတည်းသော ကင်မရာက ဘေးကနေ၊ နောက်ကနေ၊ အောက်ကနေ၊ အပေါ်ကနေ ထောင့်ပေါင်းစုံကနေ ရိုက်ပြထားနိုင်တာကို တွေ့ရတော့ ကောင်းလိုက်တဲ့ကင်မရာလို့ပဲ ချီးကျူးရမလား၊ ရှော်လိုက်တဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလို့ပဲ အော်ရမလား မသိတော့ပါဘူး။
  • နောက်ဆုံးအခန်း ရဲအရာရှိက မို့မို့မြင့်အောင်ကို ခေါ်နေပုံကလည်း မဟုတ်သေးဘူးနဲ့တူပါတယ်။ အဖြစ်မလုပ်ကြပါနဲ့ဗျာ။ တစ်ခန်းတည်းဆိုပေမယ့် ရဲဝန်ထမ်းတွေအပေါ် ကြည့်နေသူတွေက တစ်မျိုးထင်သွားနိုင်ပါတယ်။
  • ဘာအကန့်မှ ရှိလို့ မဟုတ်ဘူး။ သူဌေးတွေကို ပေါတောတော၊ နှာဘူးဖြစ်အောင်လုပ်တာတွေ၊ စာရေးဆရာဇာတ်ရုပ်ဆိုရင် ဆင်းရဲစုတ်ပြတ်ပြီး အရက်သမားပုံစံဖြစ်အောင် လုပ်တာတွေ၊ မန်နေဂျာဆိုတဲ့ကောင်တွေက ဖွန်ကြောင်တဲ့အလုပ်ပဲ လုပ်တတ်သယောင် ရိုက်ပြတာတွေကို ပြင်သင့်နေပြီလို့ ထင်လို့ပါ။ ရိုက်တဲ့လူတွေ မရင့်ကျက်၊ မပြည့်ဝတာကို ပြနေတယ်ဆိုတာကို ပြနေသလို ဖြစ်နေလို့ပါ။ ဆင်ဆာပေးတဲ့လူကလည်း အဲဒါမျိုးတွေကိုကျ စိတ်ဝင်စားပုံမရပါဘူး။
  • ဘာပဲဖြစ်ဖြစ် ပုံမှန်ကြည့်နေကျဇာတ်လမ်းမျိုးတွေထဲကနေ ခွဲထွက်တင်ပြထားတဲ့ ဇာတ်လမ်းတစ်ခုအနေနဲ့ ကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။ (မောင်မျိုးမင်း မျက်နှာနဲ့ ဖြစ်ဖြစ်ပေါ့)

(၂)
ဇာတ်ကားအမည် - မောင်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ထပ်ဆင့်အကယ်ဒမီ ငြိမ်းမင်း
ဒါရိုက်တာ - စင်ရော်မောင်မောင် ခံစားတင်ပြသည်။
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဂန္ထ၀င်၊ မြင့်မြင့်ခိုင်၊ ဒေါ်တင်တင်လှ၊ ဇင်မျိုး၊ မလုံးတင်

ဇာတ်လမ်းသဘော
ပြောမနေတော့ဘူး။ လူတိုင်းနီးနီး သိပြီးသားဇာတ်လမ်းမို့ပါ။

ဝေဖန်သုံးသပ်ချက်
  • ပြောရမှာ အားနာတယ်။ ဒါပေမယ့် ပြောစရာရှိတာတော့ ကျွန်တော့်အမြင်အတိုင်း ပြောရမှာပဲ။ အားနာနာနဲ့ ပြောရမှာဆိုပါတော့။
  • ဇာတ်ညွှန်း အင်မတန်ညံ့တယ်။ ကျွန်တော့်အထင်ပြောရရင် အများကြီးရိုက်ထားပြီးကာမှ အချိန်မကိုက်တဲ့အတွက် လျှော့ပစ်လိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေတောင် ရှိနေမလားပဲ။ ဇာတ်ကွက်ချိတ်တာကလည်း ဘယ်လိုမှကို အဆင်မပြေဘူး။
  • အခုမှကြည့်ဖူးတဲ့ လူငယ်တွေအတွက်တော့ သဘောကျချင်လည်း ကျနိုင်ပါတယ်။ အဲဒါကို ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော် ငါးတန်းခြောက်တန်းအရွယ်လောက်က ကြည့်ဖူးတဲ့ "မောင်" ဇာတ်ကားကို မေ့ပစ်သွားနိုင်အောင် ဒီဇာတ်ကားက မလုပ်ပြနိုင်တာတော့ အသေအချာပါပဲ။ ကျွန်တော့်လိုပဲ ကြည့်ဖူးတဲ့လူတွေကလည်း အဲဒီလိုဖြစ်မယ်ထင်ပါတယ်။ ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်ကိုတောင် တသသစွဲနေအောင် လုပ်နိုင်ခဲ့တဲ့ "မောင်" ဇာတ်ကားကို အခုထိ ပြန်သတိရနေမိတယ်။
  • အိန္ဒြာကျော်ဇင်က ယွန်းမှီမှီဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်သွားနိုင်တယ်လို့ ဆိုပါစို့။ ကျန်တဲ့လူတွေက အရင်ဇာတ်ကားရဲ့ ဇာတ်ကောင်တွေကို တစ်ယောက်မှ မမီဘူး။ အထူးသဖြင့် နေတိုးပေါ့။ သူနဲ့ လုံးဝကို မလိုက်တဲ့ဇာတ်ရုပ်ပါ။
  • စ၀်နေဗလဖြစ်တဲ့ ရန်အောင်ကို မျက်စိထဲမှာ စွဲနေတော့ နေတိုးသရုပ်ဆောင်နေတာတွေက ရယ်စရာကြီးဖြစ်နေတယ်။ ယွန်းမှီမှီဆိုတဲ့ မေသန်းနုက အခုထိ မျက်လုံးထဲမှာ လာပေါ်နေတော့ အိန္ဒြာကျော်ဇင်ကိုတောင် ကြည့်လို့မရဘူးဖြစ်သွားတယ်။
  • အဆိုးဆုံးကတော့ "မောင်" သီချင်းကို ရေဗက္ကာဝင်းကို ဆိုခိုင်းထားတာပါပဲ။ မေဆွိဆိုထားတာကို ထည့်လိုက်ရင် ဘာဖြစ်မှာမို့လဲ။ အခုတော့ နောက်ခံသီချင်းနေရာမှာ မေဆွိအသံလေးထွက်လာရင် လူက ရင်ထဲမှာ သိမ့်ခနဲဖြစ်သွားရမှာကို ရေဗက္ကာဝင်းက ပေါတောတောနဲ့ ၀င်ဆိုထားတော့ သိမ့်ခနဲမဖြစ်ဘဲ ထောင်းခနဲဒေါသထွက်ပြီး ဒါရိုက်တာကို မေတ္တာပို့လိုက်မိတယ်။ မေဆွိဆိုထားတဲ့ "မောင်" နဲ့ အခု ရေဗက္ကာဝင်း ဆိုတဲ့ "မောင်" ဟာ ဆီနဲ့ရေလို ကွာတယ်ဆိုတာကို ပြန်ပြီး နားထောင်ကြည့်ကြပါဦးဗျာ။ "မောင်" ဆိုတာ မေဆွိရဲ့ အမှတ်အသားတစ်ခုလို့တောင် ပြောလို့ရတဲ့ သီချင်းဆိုတာကို ဒါရိုက်တာကြီး မေ့သွားတယ်ထင်ပါရဲ့။
  • အားမနာတမ်းပြောရရင် ပရိသတ်တွေကို တင်ပြချင်တာထက် တစ်စုံတစ်ယောက်ကို အလွမ်းပြေအနေနဲ့ စင်ယော်ကြီး ဖန်တီးလိုက်တယ်လို့ ကျွန်တော်ကတော့ ထင်မိတာပါပဲ။
  • ရန်အောင်နဲ့ မေသန်းနုတို့ရဲ့ "မောင်"ကို ခြေဖျားတောင် မမီပါကြောင်း အားနာနာနဲ့ ပြောရင်း...။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၃၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics