Monday, January 18, 2010

အခုတလော…


(၁)
အခုတလော...
ရာသီဥတုက အရမ်းကို အပြောင်းအလဲမြန်နေတယ်။ ခြုံသမျှစောင်မလောက်အောင် ခိုက်ခိုက်တုန်အောင် ချမ်းနေရာကနေ အင်္ကျီလက်တိုနဲ့ နေလို့ရတဲ့အထိ ဖြစ်သွားတယ်။ ဟော… တစ်နေ့ကစပြီး ပြန်ချမ်းနေပြန်ပါရောလား။ လူတွေရဲ့စိတ်တွေပဲ အပြောင်းအလဲမြန်လှတယ် အောက်မေ့နေတာ၊ အခုတော့ ရာသီဥတုကလည်း လူတွေလိုပါပဲလားလို့ တွေးနေမိပြန်ပါရောလား။

(၂)
အခုတလော...
ကျွန်တော့်ဝန်းကျင်မှာ အနိဌာရုံသတင်းတွေ ခဏခဏကြားရတယ်။ ကားတစ်စီးဘရိတ်ပေါက်ပြီး လမ်းဘေးမှာရပ်ပြီး စကားပြောနေတဲ့ လူတွေကို ၀င်တိုက်တဲ့အတွက် လူသေသွားတာတွေ၊ လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ဝိုင်းကို ဆိုင်ကယ်က အရှိန်လွန်ပြီးဝင်တိုက်တဲ့အတွက် ဆေးရုံတင်လိုက်ရတာတွေ၊ ကိုယ့်ဘာသာ စက်ဘီးစီးနေတာကို တစ်ဖက်ခြမ်းမှာ သွားနေတဲ့ကားက ဘရိတ်ပေါက်ပြီး လမ်းကြောင်းပြောင်းဝင်တိုက်လို့ သေသွားတာတွေ စသည်ဖြင့်ပေါ့။ ကားချင်းတိုက်တာတွေ၊ ဆိုင်ကယ်ချင်းတိုက်တာတွေကြောင့် ထိခိုက်ဆုံးရှုံးရတာတွေကို နားလည်လို့ရပါတယ်။ အခုဟာက ကိုယ်ကမှားတာလည်းမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် နေရင်းထိုင်ရင်းနဲ့ မသေသင့်ဘဲ သေရတယ်လို့ ယူဆလို့ပါ။ သူများအမှားကြောင့် ကိုယ်ခံနေရတဲ့သဘောပါ။ "ကိုယ်ခေါင်းရင် ခေါင်းဘယ်မှမရွေ့ဘူး" လို့ ရှေးလူကြီးတွေ ပြောတတ်တာကို ကြားဖူးပါတယ်။ အခုတော့ ခေတ်ရေစီးနဲ့အညီ "ကိုယ်ကောင်း,ကောင်း မကောင်း,ကောင်း ခေါင်းရွေ့နိုင်တယ်" လို့ ပြင်ပြီးပြောရမလို ဖြစ်နေပါတယ်။

(၃)
အခုတလော...
စကားတစ်ခုကို ခဏခဏတွေးနေမိတယ်။ "ဓားဆိုတာ သွေးနေမှထက်တာ" ဆိုတဲ့စကားပါ။ ဟုတ်တယ်၊ မှန်တယ်လို့ ထင်စရာရှိပေမယ့် လက်တွေ့ကြုံနေရတာက အဲဒီလိုမဟုတ်သလိုကြီး ဖြစ်နေတာမို့ပါ။ "သွေးလွန်းတဲ့ဓားရော ဘာဖြစ်နိုင်သလဲ" ဆိုတဲ့မေးခွန်းကို အခုအချိန်ထိ ကျွန်တော်စဉ်းစားလို့ မရသေးဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲဒီမေးခွန်း မမေးပါနဲ့နော်။

(၄)
အခုတလော...
ဟာသတစ်ပုဒ်ကို ပြန်ပြန်တွေးပြီး ရယ်နေမိတယ်။ ဟာသက ဒီလိုပါ-
တရားသူကြီးမင်း - ကဲ… မောင်မင်း ဘာများလျှောက်ထားစရာရှိသလဲ။
တရားခံ - သူက ကျွန်တော်မျိုးကို လက်သီးကြီးနဲ့ထိုးလို့ ကျွန်တော်မျိုးက သူ့ကို ဓားမြှောင်လေးနဲ့ ပြန်ထိုးလိုက်တာပါဘုရား။
ဟဲဟဲ… တွေးတိုင်းရယ်ရလွန်းလို့ ခဏခဏတွေးနေမိတယ်။ ဒါပေမယ့် ကျွန်တော့်မှာ လွတ်လွတ်လပ်လပ် မရယ်ရပါဘူးဗျာ။ ဓားမြှောင်လေးနဲ့ ပြန်ထိုးတဲ့လူတွေကိုလည်း ရှောင်နေရသေးတယ်လေ။

(၅)
အခုတလော...
ဧည့်သည်တွေကို အလာ့ဂျစ်ဖြစ်နေတယ်။ "အိမ်သာလို့ ဧည့်လာတာ" ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် လာသမျှဧည့်သည်တွေအကုန်လုံးက "ရောမရောက်ရင် ရောမလိုကျင့်ရတယ်" ဆိုတဲ့စကားကို မကြားဖူးကြဘူး။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၈ ရက်၊ တနင်္လာနေ့။
နံနက် ၀ နာရီ ၃၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics