Tuesday, January 26, 2010

ဘယ်အချိန်မှာ အဖြေပေါ်သလဲ


လူတွေဟာ မကြာခဏဆိုသလိုပင် ဖြေရှင်း၍မရသော ပြဿနာများနှင့် ကြုံတွေ့ရလေ့ ရှိပါတယ်။ သို့သော် တမင်စဉ်းစား တွေးတောကြည့်နေသည့်အခါ အဖြေမရဘဲ အမှတ်တမဲ့ မထင်မှတ်သောနေရာများ ရောက်ရှိနေခိုက် သို့မဟုတ် ပြုလုပ်နေခိုက် အဖြေကို ရုတ်တရက် ရှာဖွေတွေ့ရှိကာ ပြေလည်သွားတတ်ကြပါတယ်။ အဲဒီလိုပြေလည်သွားတဲ့ အခြေအနေတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဖန်တီးတီထွင်ခြင်းနဲ့ ပတ်သက်၍ လေ့လာသူတစ်စုက တွေ့ရှိထားရသော အကောင်းဆုံးစိတ်ကူးများ ပေါ်ထွက်လာသည့်နေရာနှင့် အခြေအနေများကတော့ ဦးစားပေးအစီအစဉ်အလိုက် အောက်ပါအတိုင်း ဖြစ်ပါတယ်-
(၁) ရေချိုးနေစဉ် - (၅၇) ရာခိုင်နှုန်း
(၂) အိပ်ရာပေါ်တွင် - (၅၁) ရာခိုင်နှုန်း
(၃) ကားမောင်းနေစဉ် - (၄၂) ရာခိုင်နှုန်း
(၄) လမ်းလျှောက်နေစဉ် - (၂၈) ရာခိုင်နှုန်း
(၅) ကာယလေ့ကျင့်ခန်း (ပြေးခြင်း၊ ရေကူးခြင်း) ပြုလုပ်နေစဉ် - (၂၅) ရာခိုင်နှုန်း တို့ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ အခြေအနေများတွင် လူအား စိတ်ရောကိုယ်ပါ ပြေလျော့စေခြင်း အခွင့်အလမ်း ရရှိစေပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မူလအရင်းခံ လက်တွေ့ပြုလုပ်နေတဲ့ လုပ်ရပ် (Primary Activity) ကတော့ ပြဿနာအကြောင်း စဉ်းစားနေခြင်း မဟုတ်ပါဘူး။ စိတ်ဝင်စားဖွယ်ရာ ကောင်းတာကတော့ ဘယ်သူမှ သူတို့ရဲ့ အလုပ်ခွင်ကို ထည့်သွင်းပြောကြားထားခြင်း မရှိပါဘူး။ လုပ်ငန်းခွင် သို့မဟုတ် အလုပ်ရုံးခန်းများဟာ သတ်မှတ်ထားတဲ့ ရက်အတိုင်း ပြီးစီးရမည့် အလုပ်များကို လုပ်ကိုင်နေရခြင်းကြောင့် ဖန်တီးတီထွင် တွေးခေါ်ရသည့် လုပ်ငန်းစဉ် (Creative process) ကို ခွင့်မပြုပါဘူးတဲ့။

မောင်
Ref: RD Jan 2010
(Health Digest ဂျာနယ် အတွဲ ၇ အမှတ် ၁၆ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics