Tuesday, January 26, 2010

ရယ်ချင်သူများအတွက် ဟာသများ


ရောဂါသည်
သေဒဏ် ကျခံထားရသော အကျဉ်းသားအား ကြိုးဆွဲချသတ်မည့်နေ့တွင် အပျံစား နံနက်စာကျွေးသည်။ ကော်ဖီခွက်ကို ကမ်းမပေးမီ ထောင်ဝန်ထမ်းက မေးသည်။
"သကြား ဘယ်နှဇွန်း ထည့်မလဲ"
"ခင်ဗျားရူးနေသလား၊ ကျွန်တော့်မှာ ဆီးချိုရောဂါ ရှိတယ်ဆိုတာ ခင်ဗျားသိသားနဲ့"

ပိုက်ဆံအကုန်မခံနဲ့
ပြင်သစ်၊ အင်္ဂလိပ်နှင့် ရုရှားတို့ စကားပြောနေကြသည်။
ပြင်သစ်က ပြောသည်။
"ကျွန်တော် အိပ်ခန်းထဲမှာ လျှို့ဝှက်အသံဖမ်းစက်တစ်လုံး တပ်ထားတယ်။ နယ်က ပြန်လာတဲ့အခါမှာ စက်ကိုဖွင့်လိုက်တယ်။ ကျွန်တော်မရှိတုန်း ကျွန်တော့်မိန်းမ ဘာလုပ်သလဲဆိုတာ အကုန်ပြန်သိရတယ်"
အင်္ဂလိပ်က ပြောသည်။
"ကျွန်တော်ကတော့ အိပ်ခန်းထဲမှာ မိန်းမသိရအောင် တီဗီကင်မရာတစ်လုံး တပ်ထားတယ်။ ကျွန်တော့်မိန်းမဆီ ဘယ်သူလာသလဲဆိုတာတောင် ကျွန်တော် မြင်ရတယ်"
ရုရှားက ပြောသည်။
"ခင်ဗျားတို့ အလကား ပိုက်ဆံဖြုန်းတဲ့လူတွေ၊ ကျွန်တော့်နည်းက အလွယ်ဆုံး။ နယ်က ပြန်လာတဲ့အခါမှာ ဘေးခန်းက အိမ်နီးချင်းအမျိုးသမီးဆီ အရင်သွားပြီး သူ့ကိုပြောတယ်၊ "နင်ဘာဖြစ်လို့ နင့်ယောက်ျားကို သစ္စာဖောက်ရသလဲ" လို့၊ "ငါက သစ္စာဖောက်တယ်ဟုတ်လား" လို့ သူကဒေါနဲ့မောနဲ့ ပြန်ပြောပြီး "ရှင့်မိန်းမကလေ.. ရှင့်မိန်းမကလေ…" နဲ့စပြီး ကျုပ်မရှိတုန်း ကျုပ်မိန်းမ ဘာလုပ်သလဲဆိုတာ အကုန်ပြောပြတော့တာပဲဗျို့"

အိမ်က ပြဿနာ အိမ်မှာပဲထား
ကက်သလစ် စာသင်ကျောင်းတစ်ခုတွင် ဆရာမက လူအားလုံး အာဒမ်နှင့် ဧ၀တို့မှ ဆင်းသက်ကြောင်း စာသင်သားကလေးများကို ရှင်းပြနေသည်။ ချာတိတ်တစ်ယောက် လက်ညှိုးထောင်ပြီး ပြောသည်။
"မမှန်ဘူး"
"ဘာဖြစ်လို့ မမှန်ရမှာလဲ"
"ဖေဖေကပြောတယ်၊ လူအားလုံး မျောက်က ဆင်းသက်တယ်တဲ့"
"ချာတိတ်၊ မင်း မြဲမြဲမှတ်ထား၊ မင်းရဲ့အိမ်မှာ ဖြစ်တဲ့ပြဿနာကို တို့ စိတ်မ၀င်စားဘူး၊ ကျောင်းကို ယူမလာနဲ့၊ နားလည်လား"

နှုတ်ဆက်စကား
ဧည့်သည်လင်မယား ပြန်ရန် ပြင်နေကြသည်။ ပီတာ၏မိဘများ တံခါးဝအထိ လိုက်ပို့ရင်း သားကို ပြောသည်။
"သား၊ အန်ကယ်နဲ့ အန်တီတို့ ပြန်ကြတော့မယ်၊ ဘာစကားပြောရမလဲကွယ့်၊ ပြောလိုက်ပါဦး"
"ပြန်ဖို့ကောင်းနေတာ ကြာလှပြီ"

ယဉ်ကျေးမှု
ပါမောက္ခဖြစ်သူ ဖခင်ကို သားက မေးသည်။
"ဖေဖေ၊ ယဉ်ကျေးမှုဆိုတာ ဘာလဲဟင်"
"သား… နားလည်အောင် ဖေဖေဘယ်လို ရှင်းပြရပါ့၊ ဆိုကြပါစို့ကွာ၊ ဒီနေ့ ရာသီဥတုက အခြေအနေကို တို့သိချင်တယ်။ ပြတင်းပေါက်ဖွင့်ရမယ့်အစား တို့ တီဗီကို ဖွင့်လိုက်တယ်၊ အဲဒါ ယဉ်ကျေးမှုပဲ"

(မောင်ကောင်းထိုက်၏ ဟာသပဒေသာ အမှတ် ၁၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics