Thursday, January 28, 2010

နိုင်ငံတော်သီချင်းရှင်းတမ်း - တေဇအောင်


မြန်မာ့တေးဂီတသမိုင်းတွင် စွမ်းအင်အထက်မြက်ဆုံးသော တေးတစ်ပုဒ် (သို့မဟုတ်) လူတိုင်းသီဆိုရန် တေးသွားနှင့် သံစဉ်ပါ ခက်ခဲလှသော တေးတစ်ပုဒ်သည် ယနေ့ "နိုင်ငံတော်သီချင်း" ဟု သတ်မှတ်ထားသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။

၁၉၄၁ မှ ၁၉၄၆ ခုနှစ်သို့တိုင်အောင် ကာလအတွင်း ဘီအိုင်အေ၊ ဘီဒီအေ၊ မျိုးချစ်ဗမာ့တပ်မတော်၊ ဖဆပလအဖွဲ့ကြီး စသည်ဖြင့် အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုပုံသဏ္ဌာန်များ အဆင့်ဆင့်ပြောင်းလဲခဲ့ရာ အမျိုးသားဂီတစစ်ကြောင်း အနေဖြင့်လည်း ၁၉၄၆ ခု မတ်လ ၁၆ ရက် ဗဟန်း နေသူရိန်ရုံကြီးတွင် ဆရာကြီး ဒီးဒုတ်ဦးဘချို၊ ဂီတမိခင်ကြီး ဒေါ်စောမြအေးကြည် တို့ဦးဆောင်ကာ "မြန်မာနိုင်ငံတော် တူရိယာဂီတအဖွဲ့ချုပ်ကြီး" ကို ဖွဲ့စည်းလိုက်ရာ အမှုဆောင်များမှာ-
ဥက္ကဋ္ဌ - ဒေါ်စောမြအေးကြည်
ဒု/ဥက္ကဋ္ဌ - ဦးမောင်ကလေး (လမ်းမတော်)
အတွင်းရေးမှူး - တက္ကသိုလ်စိုး
ဒု/အတွင်းရေးမှူး - ဒဂုံဆရာတင်၊ ဦးဟန်ဝင်း
ဝါဒဖြန့်နှင့်ပြန်ကြား - ကက်နက်စိန်
ဘဏ္ဍာရေးမှူး - ဒေါ်လှရွှေ (မိုးဒေ၀ါ)
စာရင်းစစ် - ဦးဗစောကြည်
လူမျိုးခြားဖွဲ့စည်းရေး - မစ္စတာဘိန်ဟုတ်
ရပ်ဝေးဖွဲ့စည်းရေး - ဦးလှတင်
အမျိုးသမီးဖွဲ့စည်းရေး - ဒေါ်ရင်ရင်၊ ဒေါ်မေချစ်၊ ဒေါ်ကြည်ကြည်
အမှုဆောင်အဖွဲ့ဝင်များ - ဦးစိန်းမောင်၊ ဦးဘသန်း၊ စိန်ဝေလျှံ၊ ရွှေတိုင်အေး၊ ရွှေပြည်အေး၊ အေ၀မ်းဦးခင်မောင်၊ ရန်နိုင်စိန် တို့ ဖြစ်ကြသည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်တွင်ကျင်းပမည့် တိုင်းပြည်ပြုလွှတ်တော်အမီ နိုင်ငံတော်သီချင်းတစ်ပုဒ်ရေးသားရန် နိုင်ငံတော်မှ မြန်မာနိုင်ငံတော်တူရိယာ ဂီတအဖွဲ့ချုပ်ကြီးကို တာဝန်ပေးအပ်လာသည်။ ဤကိစ္စကိုဆွေးနွေးရန် ဂီတအဖွဲ့ချုပ် အမှုဆောင်များသည် မြိုင်ဇာတ်ရုံအသင်းတိုက်တွင် ကျင်းပသည်။ အမှုဆောင်နှစ်ဆယ့်တစ်ဦး ရှိသည့်အနက် ခုနစ်ဦးသာ တက်ရောက်သည်။ ပြင်ပ,ပညာရှင် သီချင်းရေးဆရာ ဂီတာသောင်း တက်ရောက်လာ၍ တက်ရောက်လာသူအားလုံး ရှစ်ယောက်ဖြစ်သွားသည်။ ထို့ကြောင့် ဤရှစ်ဦးတို့အား နိုင်ငံတော်သီချင်းရေးရန် တာဝန်ကိုပေးအပ်လိုက်သည်။ သို့သော် အမှုဆောင်တစ်ဦးဖြစ်သည့် ဂီတာဦးစိန်းမောင်သည် ထိုနေ့၏ အစည်းအဝေးကို မတက်ရောက်နိုင်သောကြောင့် ခွင့်စာတင်ထားရာ ဆရာရန်နိုင်ဆွေကို အမှုဆောင်အဖွဲ့သို့သွင်း၍ တိုးချဲ့ဖွဲ့စည်းလိုက်လျှင် နိုင်ငံတော်သီချင်းရေးရမည့်အဖွဲ့သည် ကိုးဦးဖြစ်သွားလေသည်။

ထို့နောက် ဆရာစိန်မြမောင်ကလည်း သူပါဝင်လိုကြောင်း ကိုယ်တိုင်ဆန္ဒပြုလာသဖြင့် အဖွဲ့ဝင်ဆယ်ဦးဖြစ်သွားကာ တစ်ဦးလျှင် တစ်ပုဒ်စီရေးကြသောကြောင့် ဆယ်ပုဒ်ဖြစ်လာပါက ရွေးချယ်ရခက်တော့မည်ဟု တွေးမိကာ အုပ်စုသုံးစုခွဲ၍ သုံးပုဒ်ရေးသားတင်ပြရန် ညှိနှိုင်းသဘောတူလိုက်ကြသည်။ သို့နှင့် ဒဂုံဆရာတင်၊ ဆရာရန်နိုင်ဆွေ၊ ဆရာရန်နိုင်စိန်တို့က တစ်ဖွဲ့၊ ဆရာရွှေပြည်အေး၊ တက္ကသိုလ်စိုး၊ ဒေါ်စိန်ပါတီ၏ခင်ပွန်း ဦးဘသက်စသည့် သုံးဦးကတစ်ဖွဲ့၊ ဂီတာသောင်း၊ စောင်းဦးဘသန်း၊ စိန်ဝေလျှံ၊ စိန်မြမောင်တို့ လေးဦးကတစ်ဖွဲ့ စသည်ဖြင့် နိုင်ငံတော်သီချင်းကို ရေးကြလေသည်။

အချိန်တန်သောအခါ အဖွဲ့သုံးဖွဲ့မှ ရေးသားလာသော နိုင်ငံတော်သီချင်းသုံးပုဒ်ကို တိုင်းပြည်ပြုလွှတ်တော်သို့ တင်ပြကြသည်။ သို့သော် နားထောင်စိစစ်ပေးရသည့် အဖွဲ့ဝင်လူကြီးများက နားတွင်မတွေ့၊ မည်သို့မျှ နားမစွဲ၍ ဘ၀င်မကျသောကြောင့် သီချင်းရေးသားကြသူ ဆယ်ဦး၏ကိုယ်စား "ဒဂုံဆရာတင်၊ ဆရာရန်နိုင်စိန်၊ မြန်အောင်ဦးတင်၊ ၀န်ကြီး ဗိုလ်ခင်မောင်လေး" စသည့် လေးဦးအဖွဲ့က ဆွေးနွေးညှိနှိုင်းကြကာ ၀ိုင်အမ်ဘီသခင်တင် သီဆိုခဲ့သည့် တို့ဗမာသီချင်း "တကောင်းအဘိရာဇာ" အစချီ တတိယအချိုး "အမျိုးသားရေးမို့ ကြိုးပမ်းကြပါ" ဟူသော အပိုဒ်မှ စတင်လျက် သံပြိုင် ကမ္ဘာမကြေအဆုံးထိအောင်သော တေးသွားကိုယူ၍ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် စာသားများကို ပြောင်းလဲထည့်သွင်းကာ နိုင်ငံတော်သီချင်းကို ပြုစုခဲ့ကြသည်။

နိုင်ငံတော်သီချင်း
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြေ တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ တို့ပြေ တို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ xxx
သံပြိုင်။ (ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ)၂ ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ၊ တို့ပြေ တို့မြေ၊ အကျိုးကို ညီညာစွာတို့တစ်တွေ ထမ်းဆောင်ပါစို့လေ၊ တို့တာဝန်ပေ အဖိုးတန်မြေ xxx

၁၉၆၅ ခုနှစ် ဇူလိုင်လကုန်လောက်တွင် တို့ဗမာသီချင်း (၃၅)နှစ်နှင့် ၀ိုင်အမ်ဘီသခင်တင် အထိမ်းအမှတ်ပွဲကြီးကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဓီခန်းမကြီးတွင် တို့ဗမာအစည်းအရုံး သမိုင်းပြုစုရေးကော်မတီနှင့် ဂီတအနုပညာရှင်များ ကြီးမှူးကျင်းပခဲ့သည်။ ထိုပွဲတွင် တို့ဗမာသီချင်းကို မူမှန်စစ်စစ်ဖြင့် သီဆိုပြနိုင်ရန်အတွက် ကြိုးစားခဲ့ရသည်။ ၀ိုင်အမ်ဘီသခင်တင်ကိုယ်တိုင် ဆိုခဲ့သည့် တို့ဗမာသီချင်းဓာတ်ပြားကိုလည်း ရှာခဲ့ကြရာ မရခဲ့ပေ။

တီးဝိုင်းခေါင်းဆောင် စိန်စတင်းကို ဆရာစောင်းဦးဘသန်း၊ ဆရာဂီတာဦးစိန်မောင်တို့က တို့ဗမာသီချင်း မူမှန်ဖြစ်အောင် ကြိုးစားပြီး တိုက်ပေးကြသည်။ တို့ဗမာသီချင်းကို စင်ပေါ်တက်ဆိုမည့် (ဦး)ရွှေညာမောင်နှင့် သံပြိုင်အပိုဒ်ကို သီဆိုမည့် စာရေးဆရာမကြီး (ဒေါ်)ကြည်ဦး၊ ဒေါ်ကြည်ကြည်ဝင်းတို့ကို ဆိုင်းဝိုင်းနှင့် စည်းချည်းတီးပြီး လေ့ကျင့်ပေးကြရသည်။

အခမ်းအနားကြီးစသောအခါ သခင်ဘသောင်းက တို့ဗမာသီချင်းအဓိပ္ပါယ်ကို ရှင်းပြသည်။ ပြီးလျှင် (ဦး)ရွှေညာမောင်က ဆိုတော့သည်။ မျိုးချစ်စာဆိုကြီး ၀ိုင်အမ်ဘီသခင်တင်၏ နိုင်ငံတော်သီချင်းတေးသွားကား ယနေ့ ၂၀၁၀ ခုနှစ်အထိ ဆိုပါလျှင် အနှစ် (၈၀)တင်းတင်း ရှိခဲ့ပေပြီ။

ဤမျှလောက်ဆိုပါလျှင် နိုင်ငံတော်သီချင်းကို ဘယ်သူရေးစပ်ခဲ့သလဲဆိုသော (၇)ရက် သတင်းဂျာနယ် ဇန်န၀ါရီ (၇)ရက်၊ ၂၀၁၀ ခုပါ ဆောင်းပါးရှင်း တက္ကသိုလ်စိုးမိုး သဘောပေါက်သင့်ပြီဟု ထင်ပါသည်။

သမိုင်းဟူသည် လုပ်ကြံ၊ လီဆယ်၊ ဖန်တီး၊ ပြောဆိုရေးသားအပ်သောအရာ မဟုတ်သလို ဖြစ်လေရော့သတည်းဟူ၍ ဥုံဖွမန်းရသည့်အရာလည်း မဟုတ်ပါ။ ဤ "နိုင်ငံတော်သီချင်းရှင်းတမ်း" စာမူကို ဂီတစာဆို ဆရာရန်နိုင်ဆွေ၊ ဂီတစာဆို ဆရာရန်နိုင်စိန်၊ စာရေးဆရာမကြီး (ဒေါ်)ကြည်ဦး၊ စာရေးဆရာကြီး (ဦး)သုခမိန်တို့ ပြောပြချက်များအပေါ်မူတည်၍ သမိုင်းမူမှန်ဖြစ်စေလိုသော စေတနာဖြင့် ရှင်းတမ်းထုတ်လိုက်ရပါပေသည်။

(၂၀-၁-၂၀၁၀ ရက်နေ့ထုတ် News Watch စောင့်ကြည့် ဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics